Thursday, December 20, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၆)

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၆)

ဂျင်ကလိ ရေးသည်။

{ ကိုယ်နှင့် မတော်သည့် အဝတ်အစားသည် ဝတ်သူကို သက်တောင့်သက်သာမဖြစ်စေသည့် အပြင် အများအမြင်တွင် မလှမပ ဖြစ်မှာလည်း စိုးရိမ်နေရသည်။

အကယ်၍ အဝတ်အစားသည် မတော်ရုံသာမက ကိုယ်ပိုင်မဟုတ် သူများ၏ အဝတ်အစားလည်း ဖြစ်နေ လျှင်မူ ကား အခြားသူတို့၏ အကြည့်တိုင်းကို သရုပ်ခွဲနေရတော့မည်မှာ အမှန်ပင်ဖြစ်သည်။}

................................................................................

အခန်း (၂၈)

“ဟယ် သူငယ်ချင်း၊ မတွေ့တာတောင်ကြာပြီ”

ဝမ်းသာအားရပြေးလာပြီးလက်ကိုဆွဲတဲ့ ရွှေရည့်ကို ကျော်ကျော်လည်း ပြန်ဆွဲထားလိုက်မိတယ်။ ရွှေရည် နဲ့ မတွေ့တာတော်တော်လေးကြာပြီ။ ကျော်ကျော် အလုပ်ဝင်တော့မယ် လို့သွားပြောတုန်းကတခါပဲ သေသေ ချာချာ တွေ့လိုက်ရတယ်။ လစာထုတ်ပြီး ရွှေရည့် အတွက်လက်ဆောင်လေးတွေ ဝယ်ပြီးတခေါက်သွားပို့ တော့ ရွှေရည် ရက်အားမဟုတ်လို့မတွေ့ခဲ့ရဘူး။ အဆောင်မှာပဲ ရွှေရည်ပြန်လာရင် ပေးပေးဖို့ မှာခဲ့ရတယ်။ဒီကြားထဲမှာ ရွှေရည် ဖုန်း တကြိမ် နှစ်ကြိမ်တော့ ဆက်ပါတယ်။

“ဘာလာလုပ်တာလဲ ကျော်ကျော်”

“ရုံးက သူငယ်ချင်း အမေ နေမကောင်း လို့ သတင်းလာမေးတာ၊ ခုပြန်တော့မှာ၊ နင်ကော ဘယ်သွားမလို့ လဲ”

“အန်တီအေး ဒီဆေးရုံမှာလေ၊ ဆေးရုံတင်ထားရတယ်၊ ငါလဲ ဒီနေ့မှ အားလို့သတင်းလာမေးတာ”

ကျော်ကျော်က ပြန်တောင်ပြန်တော့မယ်။ ရွှေရည်ကတော့ အခုမှရောက်လာတာ။

“အန်တီအေးဘာ ဖြစ်တာလဲ”

“ကင်ဆာ လို့ပြောတာပဲ၊ ဒီမှာလေ”

ရွှေရည်က ရင်ဘတ်ကို ပုတ်ပြတယ်။

“ဒါဆို ခွဲရမှာ ပေါ့”

“အေး … ခွဲတော့ မခွဲရသေးဘူး၊ မကြာခင် ခွဲမယ်လို့ကြားတာပဲ၊ မမေ၀ လည်းရှိတယ်၊ နင်လိုက်ခဲ့ပါလား”

“ဟာ မလိုက်ချင်ပါဘူး”

“အန်တီအေးက ခုနောက်ပိုင်း နင့်အကြောင်း အကောင်းပြောပါတယ် ဟ”

“ဟင့်အင်း ဟာ ငါမတွေ့ချင်ဘူး၊ လာ …မုန့်သွားစား ရအောင်၊ ငါနဲ့ ခန ထိုင်ဦးဟာ၊ ပြီးမှ သွားပေါ့”

ရွှေရည်ကလဲ ကျော်ကျော်နဲ့ စကားပြောချင်နေတာဆိုတော့ပါလာတယ်။ ပြီးရင် လိုက်ခဲ့ဖို့ လည်းအတင်း ခေါ် တယ်။ ဟိုတုန်းက နာကျည်းသလိုလို ဖြစ်ခဲ့ပေမယ့် ခုချိန်မှာ အန်တီအေး နဲ့ပတ်သက်ပြီး ကျော်ကျော့် စိတ် ထဲမှာ ဘာမှ မရှိတော့ပါဘူး။ ဒါပေမယ့် အခုနေခါမှာ မတွေ့ချင်တာတော့ အမှန်ပဲ။ မယားငယ် သမီးတဲ့၊ အန်တီအေးကျော်ကျော့် ကိုပြောခဲ့တာ အမှန်တရား တခုဖြစ်တဲ့ အတွက်ကျော်ကျော် နာကျဉ် ခဲ့ရသလို အခုလည်း ကျော်ကျော်က မယားငယ် ဘဝလို့ ပြောရင်ရတဲ့ အနေအထားရောက်နေ တယ် မဟုတ်လား။ ဒါကြောင့် အန်တီအေးကို တွေ့ဖို့ ကျော်ကျော် စိတ်မရဲပါဘူး။

“နင်ကလဲ ဟာ၊ ဘာအပန်းကြီးတာ မှတ်လို့၊ နဲနဲပါးပါး ရယ်ပြပြုံးပြပြီး၊ နေကောင်းလား သက်သာလား ဒါ လောက်လေး ပြောပြီးပြန်ရင်ရတာပဲ ကို”

“နေပါစေတော့ သူငယ်ချင်းရယ်၊ မလိုက်တော့ပါဘူး၊ ပြီးရင်စားစရာ တခုခုတော့ လက်ဆောင်ဝယ်ပေးလိုက် မယ် ပေးပေးနော်”

“အော် အေး … လက်ဆောင်ဆိုလို့ နင်လာပေးသွားတဲ့ အင်္ကျ ီလေးလှတယ်သိလား၊ ငါကြိုက်တယ်၊ အ ဆောင် က ကောင်မတွေကလဲ သဘောကျနေကြတယ်၊

ထမိန်လေးလဲ မဆိုးပါဘူး”

ရွှေရည် အာရုံပြောင်းသွားလို့ ကျော်ကျော်ဝမ်းသာသွားပါတယ်။ ကျော်ကျော် ပေးတဲ့ လက်ဆောင်ကို ရွှေရည် သဘောကျတယ် ဆိုလို့ လည်းကျေနပ်ရပါတယ်။

“နင်က ပေးတဲ့ သူစိတ်ချမ်းသာအောင်ပြောနေတာလား”

“မဟုတ်ပါဘူး၊ ငါတကယ်ကြိုက်တာ ဟဲ့၊ ဟိုကောင်မတွေ ပြန်ဝယ်တာတောင်မရောင်းဘူး”

အနားမှာတွေ့တဲ့ ရှမ်းဆိုင်လေး တဆိုင်ထဲဝင်လိုက်ကြတယ်။ ခေါက်ဆွဲ တယောက်တပွဲမှာပြီးတော့

“ရွှေရည် အအေးသောက်မလား”

“ဟင့် အင်း ပလိန်းပဲ သောက်မယ်”

ကျော်ကျော် လဲ ရွှေရည့်လိုပဲ မှာလိုက်ပါတယ်။

“အလုပ် အဆင်ပြေလားသူငယ်ချင်း၊ နင်နေတဲ့ အိမ်နဲ့ ကောဘယ်လိုလဲ”

“ပြေပါတယ်၊ အားလုံးပြေပါတယ်”

ရွှေရည်ကျော်ကျော့် ကိုသေသေချာချာကြည့်ပြီးတော့

“ထင်ပါတယ်၊ နင်က ဟိုတခေါက်တွေ့တုန်းကထက်တောင် ပိုစိုစိုပြေပြေဖြစ်လာတယ်၊ နင်ဘဲရနေပြီလား”

“ဘာတုန်း”

“ရည်းစားလေ”

“ပေါက်ပေါက်ရှာ ရှာဟယ်၊ မရှိပါဘူး”

ကျော်ကျော့် မှာရည်းစား မရှိဘူးဆိုတာ ရဲရဲဝံ့ဝံ့ ပြောနိုင်ပေမယ့် ဦးအောင်ဘညိုကို တော့ ကျော်ကျော်ဘယ် လိုစာရင်း ဘယ်လိုခေါင်းစဉ် အောက်မှာထည့်ရမယ် ဆိုတာ မသိဘူး။

“မရှိဘူး ဆိုပြီးဘာလို့ ငြိမ်သွားတာလဲ”

“နင်ငါ့ကို ရည်းစားရနေပြီလို့ ဘာဖြစ်လို့ထင်တာလဲ ဆိုတာ စဉ်းစားနေတာ”

ရွှေရည် ပြုံးလိုက်ပြီးတော့

“ငါလဲ ကြားဖူးတာပဲလေ၊ ချစ်သူရှိလာရင် အချစ်ရှိလာရင် မိန်းမတွေ ပိုလှလာတတ်တယ်တဲ့၊ နင်က တခါတွေ့ ရင် တခါပိုချောချောလာတယ်၊ အဲဒါကြောင့် မေးကြည့်တာ”

“ဒါက ငါက နဂိုထဲက လှလို့ပါဟယ်၊ ဟားဟား ”

ရွှေရည် လည်း အဆင်ပြေတယ်လို့သိရတယ်။ အရင်လို အိမ်ကိုလုံးလုံးလျားလျား ရသမျှထောက်ပံ့နေရတာ မျိုးမဟုတ်တော့တဲ့ အတွက် ငွေပိုငွေလျှံလေးစုမိတဲ့ သဘောပေါ့။

“ငါ့ဆီမှာ အဆင်ပြေရင် နင့်ကိုခေါ်မယ် သိလား”

“ငါမှ ဆယ်တန်းမအောင်တာ”

“နင် နဲ့ ကိုက်တဲ့ဟာမျိုးပေါ့ဟာ၊ နင်အခုလုပ်တာထက်တော့ လစာ များမှာပါ”

“အေး … နင်နဲ့တူတူ ဆိုရင်တော့ ကောင်းတာပေါ့ သူငယ်ချင်းရယ်”

ရွှေရည့် အတွက်အလုပ်စီစဉ် ပေးနိုင်တယ်ဆိုတဲ့ ဦးအောင်ဘညိုကို ဖျပ်ကနဲ သတိရလိုက်မိတယ်။ သူ့ဆီ မှာတော့ ရွှေရည့်ကို လုပ်ခိုင်းလို့ မဖြစ်ပါဘူး။ ကျော်ကျော်နဲ့ ဦးအောင်ဘညိုပတ်သက်မှုကို ရွှေရည် ရိပ်မိ သွားနိုင်တယ်။ ဦးအောင်ဘညို တောင်မလာတာ တပတ်ကျော်လောက်ရှိသွားပြီ။ ပြီးခဲ့တဲ့ ကြာသပတေး နေ့ကတောင်လာနေကျအတိုင်း မလာဘူး။အလုပ်များနေလို့ မလာတော့ဘူးလို့တော့ ဖုန်းဆက်ပြောတယ်။

“ကဲ မြန်မြန် စားသူငယ်ချင်းရာ၊ အန်တီအေး ဆီလည်း ဝင်ရဦးမယ်”

“ဒါပုဂ္ဂလိက ဆေးရုံပါဟာ၊ ဧည့်သည်ပိတ်ချိန် မရှိပါဘူး”

“ဒီကပြန်ရင်အဝတ်လျှော် မီးပူတိုက် လုပ်ရဦးမယ်ဟဲ့၊ အန်တီအေးဆီမှာ လဲကြာဦးမှာ မမဝေက အိမ်ခန ပြန်ချင်လို့တဲ့ သူ့အစား အန်တီအေး ကိုစောင့်ပေးရဦးမယ်၊

အဆောင်သွားပြီးငါ့အဝတ်တွေ လျှော်ပေး မလား”

“လုပ်ပေးမယ်လေ”

“နင်လဲ ပိတ်ရက်ဆိုတော့ လုပ်ရမှာပဲ၊ စားစား”

ရွှေရည်လောနေတာ နဲ့ မြန်မြန်စားပြီး ဆေးရုံဖက်ပြန်လာခဲ့ကြတယ်။ ဆေးရုံအောက်ကဆိုင်မှာပဲ အန်တီအေး အတွက် မုန့်တဗူး နဲ့ ဟောလစ်တပုလင်းဝယ်ပြီး

“ငါပေးသွားတယ်လို့ ပြောလိုက်ပေါ့ဟာ၊ ဒီရှေ့မှာတွေ့တယ်လို့တော့ မပြောနဲ့”

“အေးပါ”

တကယ်တန်း ပြန်မယ်ဆိုတော့လည်း သူငယ်ချင်းနဲ့ စကားကဟိုဟိုဒီဒီ မပြတ်တာနဲ့ ကျော်ကျော် ဓါတ် လှေ ခါး နားအထိပါသွားတယ်။ အပေါ်ကဆင်းလာမယ့် ဓါတ်လှေခါး ကို စောင့်ရင်း ရွှေရည့်ကို နှုတ်ဆက်လိုက် တယ်။ ရွှေရည် တက်သွားပြီဆိုရင်တော့ ကျော်ကျော်ပြန်တော့မယ်။ ဓါတ်လှေခါးရောက်လာပြီးတော့ တံခါး ပွင့်သွားတဲ့ အချိန်မှာ ရှေ့ဆုံးမှာမြင်လိုက်ရတဲ့ လူတယောက်ကြောင့် ကျော်ကျော်ထိတ်ကနဲဖြစ်သွားပြီး ရွှေ ရည်နဲ့ ကမန်းကတန်းကွယ်လိုက်ရတယ်။

“ဦးအောင်ဘညို”

အရပ်ပုတဲ့ ရွှေရည့်နောက်ကို ကုန်းကုန်းလေးကွယ်လိုက်တော့ ရွှေရည်လှည့်ကြည့်ပြီး

“အသိလား၊ ဘာဖြစ်လို့လဲ”

“ဘာမှ မဖြစ်ဘူး၊ မနှုတ်ဆက်ချင်လို့”

ဦးအောင်ဘညို ကျော်ကျော့် ကိုမမြင်ဘူး။ သူ့ဘေးက မိန်းမကတော်တော်လှတယ်။ ခပ်တည်တည်ခပ်မှန်မှန် မျက်နှာထားနဲ့ ကြည့်လိုက်ရုံနဲ့ မာနကြီးမယ့် မိန်းမဆိုတာ သိသာတယ်။ အင်္ကျ ီအဖြူပွပွ နဲ့ယောဂီရောင် ထမိန် ဝတ်ထားတဲ့ မိန်းမကိုဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်လောက် ရှိမယ့် မိန်းကလေး တ ယောက်ကတွဲလို့။ ကောင်မလေးကလဲ အချောလေးပဲ။ဝတ်ထားတာလဲ လှလှပပနဲ့ အဖိုးတန်မယ့် ပုံမျိုးနဲ့။ ဘယ်လိုပြောရ မလဲ သူဌေးသမီး ဆိုတာ သိသာထင်ရှားနေတဲ့ အသွင်အပြင်မျိုး။ သူတို့နောက်မှာ တော့ဆံပင်ဖြူဖြူ မိန်းမကြီးတယောက်က မွေးကင်းစ ကလေးတယောက်လို့ ထင်ရ တဲ့ အနှီးထုပ်လေးကို ပိုက်ထားတယ်။ ပခုံးပေါ်မှာလဲ အဝတ်ဖြူတစ တင်လို့ လက်ထဲကကလေးကို လုံအောင် ကျော်ပြီး အုပ်လို့။ အဖွားကြီးနားက ချာတိတ်ကတော့သိသာလွန်းပါတယ်။ 

ဦးအောင်ဘညို နဲ့ တပုံစံထဲပဲ။ ကြီးလာရင် ဦး အောင်ဘညိုလို ရုပ်ရည်မျိုး မလွဲမသွေဖြစ်လာလိမ့်မယ်။ ကောင်လေးပုခုံးကို တခေါင်းလုံးဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ ခပ်ဖိုင့်ဖိုင့် ခပ်၀၀ အဖိုးကြီးတယောက်က ဖက်ထားတယ်။ သူတို့နောက်မှာတော့ ခြင်းတောင်းတွေ အထုပ်အပိုးဝန် စည်စလယ်တွေဆွဲထားတဲ့ အိမ်ဖေါ်ပုံစံ ကောင်မလေး နှစ်ယောက်။ ဆေးရုံကဆင်းလာတဲ့ သူတွေ ဖြစ်မယ်။ ဓါတ်လှေခါး တခုလုံးသူတို့ အုပ်စုနဲ့ ပြည့်လို့်။ ဦးအောင်ဘညို နဲ့ တူတဲ့ ချာတိတ်ဘေးက အဖိုးကြီးကို မြင်ဖူးသလိုလို ရှိ တယ်လို့ စဉ်းစားနေတုန်း ရွှေရည့် အသံကြောင့်လှမ်းကြည့်လိုက်မိတယ်။

“လှလိုက်တာ”

နောက်ဆုံးကထွက်လာတဲ့ မိန်းမကြောင့် ဒီနားတဝိုက်မှာလင်းသွားသလိုပဲ။ ပြစ်မျိုးမှဲ့ မထင်ဆိုတာဒါမျိုး ထင်ပါရဲ့လို့တောင် ကျော်ကျော်တွေးလိုက်မိတယ်။ အဖြူရောင်ပေါ်မှာ အနက်နဲ့ ပန်းနုရောင် အစက် အပျောက်လေးတွေ ခပ်ကျဲကျဲ ပါတဲ့ အင်္ကျ ီနဲ့ ထမိန် ဝမ်းဆက် ဝတ်ထားတဲ့ သူ့ရဲ့ ရုပ်ရည်၊ အသားအရည်၊ ကိုယ်လုံးကိုယ်ပေါက်၊ အပြစ် ဆိုစရာတခုမှမရှိတဲ့ မိန်းမမျိုးပါ။ ဝင်းမွတ်နေတဲ့ မျက်နှာပေါ်မှာ ဘယ်လိုပြစ်ချက်မှ ရှာလို့ မရဘူး။ လှပေမယ့် ဟိုရှေ့ကမိန်းမလို မျက်နှာ ကျောမတင်းဘူး။ ဒါပေမယ့် သူမဖာသာအတွေးတခုခုထဲမှာ နစ်နေတဲ့ ပုံစံမျိုးနဲ့ ထွက်လာတဲ့ မိန်းမကို ဓါတ်လှေခါးထဲမှာ လူကုန်ပြီထင်လို့ ဝင်သွားကြတဲ့သူတွေတာင် ဘေးကိုရှဲပေးကြတယ်။ စည်းချက်ညီညီ ကျလာတဲ့ ဒေါက်ဖိနပ်သံ နဲ့ အတူလမ်းလျှောက်သွားတဲ့ ဟန်က တမင်လှအောင် လုပ်နေတာ မဟုတ်ပါဘဲနဲ့ကို မျက်စိပသာဒ ဖြစ်စရာကောင်းနေတယ်။

“ဥစ္စာစောင့် ဆိုတာဒါမျိုးဖြစ်မယ်”

“ပေါက်ကရတွေဟယ်၊ သွားသွား နင်ကျန်ခဲ့ လိမ့်မယ်”

ရွှေရည့်ကို ဓါတ်လှေခါးထဲ တွန်းထည့်လိုက်ပြီး ဦးအောင်ဘညို တို့ အုပ်စုကိုနောက်ကနေ လှမ်းကြည့်လိုက် မိတယ်။ တရွေ့ရွေ့ နဲ့ အပေါက်ဝဆီကို သွားနေသူတွေကို လှမ်းမြင်ရတော့ အပြင်ထွက်ဖို့ ချီတုံချတုံ ဖြစ်ပြီးကျော်ကျော် ဘယ်ကိုသွားရမှန်း မသိဘူး။ ထွက်သွားရင် အဝမှာ တိုးချင်တိုးနေဦးမှာ။ နောက်တော့ အကြံရ တာနဲ့ လူတွေထိုင်ဖို့ ချပေးထားတဲ့ ခုံတလုံးမှာ သွားထိုင်နေလိုက်တယ်။ အေးအေး ဆေးဆေး မှပဲအပြင်ကို ထွက်တော့မယ်။ အခုန တုန်းက ဦးအောင်ဘညို နဲ့ တူတဲ့ ချာ တိတ်ဘေးက အဖိုးကြီးကို သေသေချာချာ မမြင်လိုက်ရဘူး။ ချာတိတ်ကို ဦးအောင်ဘညို နဲ့ တူလှချည်လား ကြည့်မိပြီးတော့ အဖိုးကြီးကို ကောင်းကောင်းမကြည့်ရသေးခင် ရွှေရည် လုပ်တာနဲ့ နောက်ဆုံးထွက်လာတဲ့ မိန်းမချော ကို ပိုအာရုံကျသွားတယ်လေ။ မိန်းမချင်းတောင်ငေး လောက်တဲ့ မိန်းမဟာ ဦးအောင်ဘညို နဲ့ တခုခုတော့ပတ်သက်နေလိမ့်မယ်။ သူ့ဟာသူ တယောက်ထဲ အေး အေး ဆေးဆေးထွက်လာပေမယ့် သူဟာ ဒီအုပ်စုထဲကဆိုတာ ကျော်ကျော် အလိုလိုသိနေတယ်။

 ရှေ့က သွားတဲ့ ခပ်တည်တည် မိန်းမနဲ့လည်း ရုပ်ချင်းဆင်တယ်။ ဟိုမိန်းမ ကတော့ ချောပေမယ့် သူ့ရဲ့ခက်ထန်တဲ့မျက်နှာထားကြောင့် အလှလုံး၀ မပေါ်လွင်သလို ဖြစ်နေတယ်။ ဦးအောင်ဘညို ဇနီးများလား။ ဘာကြောင့် မှန်းမသိ လှမ်းမေးချင်စိတ်ပေါက်လာတာနဲ့ အိတ်ထဲကဖုန်း ကိုထုတ်လိုက်ပြီးမှ ပြန်ထည့်လိုက်မိ တယ်။

ဒါတွေ ကျော်ကျော် နဲ့ မဆိုင်ပါဘူး။ သူ့ဇနီးလဲ ဖြစ်ချင်ဖြစ်မယ်။ ယုတ်စွအဆုံး သူ့အမေ ဖြစ်ဦးတော့ကျော်ကျော် နဲ့ ဘာမှမဆိုင်ဘူးလေ။ ရုပ်ရည်ကို တိတိကျကျ မမြင်လိုက်ရတဲ့ အဖိုးကြီးအကြောင်း ကိုပဲ ထိုင်ရင်း ဆက်တွေးနေလိုက်တယ်။

အလုပ်ထဲကိုလာဖူးတာတော့ မဖြစ်နိုင်ဘူး။ လတ်တလောဆို ကျော်ကျော် ချက်ချင်းမှတ်မိမယ်။ အဖြစ်နိုင်ဆုံးက တော့ ကျော်ကျော်စွန့်ခွာလာတဲ့ ဇာတိမြို့လေးက ရပ်ဆွေရပ်မျိုး မြင်ဖူးနေတဲ့ တယောက်ယောက်ဖြစ်ပါလိမ့်မယ်။ အိမ်နီးချင်း လည်း မဖြစ်နိုင်ဘူး။ အိမ်နီးချင်းတွေ ဆို တချက်မြင်လိုက်တာ နဲ့ သိကိုသိရမယ်လေ။

 နှစ်ပေါင်း များစွာ တလမ်းထဲတူတူ နေလာသူတွေ မဟုတ်လား။

ဆယ့်ငါးမိနစ် နီးပါးလောက် ထိုင်နေပြီးမှ ကျော်ကျော် အပြင်ကိုထွက်လာခဲ့တယ်။ ဦးအောင်ဘညို တို့ အုပ်စု ကိုမတွေ့ရတော့ ပေမယ့် စိတ်မချတာနဲ့ ကျော်ကျော် ကောင်းကောင်းသိတဲ့ ဦးအောင်ဘညို စီးတဲ့ကားကို လိုက်ကြည့်တယ်။ မတွေ့ဘူး။ ဒီတော့မှ ကျော်ကျော်လည်း စိတ်ချလက်ချ နဲ့ကားမှတ်တိုင်သွားလို့ ရသွား တယ်။

ကားစောင့်ရင်း မျက်စိက လမ်းတဖက်မှာရှိတဲ့ ဆိုင်းဘုတ်တခု ကို အလိုလိုရောက်သွားတယ်။ “မြတ် သီရိ” အိမ်ခြံမြေ အထွေထွေအကျိုးဆောင်လုပ်ငန်းတဲ့။ ခေါင်းထဲမှာ လက်ကနဲ ဖြစ်သွားတယ်။ ခုနက ဆံပင်ဖြူဖြူ နဲ့လူကြီး ဘယ်သူဆိုတာ ကျော်ကျော် မှတ်မိလိုက် ပါပြီ။ ဦးမောင်စိုး။ ဖေဖေ ကတော့မောင်စိုးလို့ ခေါ်တယ်။

 ကျော်ကျော် ငယ်ငယ် တုန်းကတော့ အိမ်ကို မကြာ မကြာလာတတ်တယ်။ နောက်ပိုင်း ကျမှ အလာကျဲသွားတဲ့သူ။ သူ့ အလုပ်က ကားမောင်းတာလို့ ပြောဖူးတာ ကျော်ကျော် မှတ်မိလာတယ်။ ဖေဖေ ဆုံးတုံးကလဲ လာတယ်ထင်တယ်။ ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့ ကျော် ကျော် သေချာ မသိတော့ဘူး။ ဒါပေမယ့် ဦးမောင်စိုး ကိစ္စကိုကျော်ကျော် ချက်ချင်းမေ့သွားပါတယ်။ ခုချိန်မှာ ကျော်ကျော် အသိချင်ဆုံးက ဦးအောင်ဘညို ကိုဆေးရုံမှာတွေ့ရတဲ့ ကိစ္စပါပဲ။ ငါနဲ့ မဆိုင်ဘူးလို့ စိတ်ကိုဖျောက်ပေမယ့် သိချင်နေတယ်။

ဟိုမိန်းမကြီးလက်ထဲကကလေး ကဘယ်သူ့ကလေးလဲ ဆိုတာသိချင်တယ်။ တလောကလုံးသူ့ လုပ်စာစား နေသလို မျက်နှာ ထားနဲ့ မိန်းမဟာ ကလေးအမေလား။ တကယ်လို့ သူဟာဦးအောင်ဘညို ရဲ့ ဇနီး ဆိုရင် ကလေးက ဦးအောင်ဘညို ကလေးပေါ့။ ဟိုချာတိတ်ကတော့ ဦးအောင်ဘညို သားဆိုတာ သေချာပါတယ်။ဒါမှမဟုတ် အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်း တယောက်ယောက်ကို ကူညီပြီးကြိုပေးတာလာ။ ဖြစ်နိုင်ပေ မယ့် ဖြစ်နိုင်ချေ အရမ်းနည်းပါတယ်။ ကျော်ကျော့် ထက် အလွန်ဆုံး လေးငါး နှစ်လောက်ပဲ ကြီးမယ့် မိန်း မချောကတော့ ဦးအောင်ဘညို ဇနီး မဟုတ်လောက်ဘူး။

အိမ်ကိုပြန်ရောက်လာတဲ့ အထိ အဖြေမှန်ကိုသိလိုက်လို့လည်း ကျော်ကျော့် အတွက် ဘာသက်ရောက်မှုမှ မရှိနိုင်တဲ့ ကိစ္စ ကို ခေါင်းထဲက မထုတ်နိုင်တဲ့ အတွက်ကိုယ့် ကိုယ်ကိုလဲ စိတ်တိုနေရတယ်။ ညနေအထိ ဒီမျက်နှာတွေပဲမြင်နေရတာနဲ့ မထူးတော့ဘူး ဆုံးဖြတ်ပြီးတော့ ဦးအောင်ဘညို ဆီဖုန်းလှမ်းဆက်လိုက် တယ်။ ဦးအောင်ဘညို တော်တော်နဲ့ ဖုန်းမကိုင်ဘူး။ ခေါ်သံ အကြိမ်ကြိမ် မြည်ပြီးမှ ဦးအောင်ဘညို အသံကြား လိုက်ရတယ်။

“ဟယ်လို”

“ကျော်ကျော် ဆက်တယ်ဆိုတော့ ထူးထူးခြားခြားပါလား”

“မေးစရာလေးရှိလို့ပါ”

“မေးလေ”

“နေ့လည်က ဆေးရုံမှာတွေ့တယ်၊ အဲဒါ ဘာဖြစ်လို့လဲ သိချင်လို့”

“အော် …ဒါလား”

ဦးအောင်ဘညို အသံနဲနဲ တိမ်သွားတယ်။ ဘေးကလဲ စကားပြောသံလိုလို တွေကျော်ကျော့် ဖက်ကကြားနေ ရတယ်။

“ကိုယ့် အမျိုးသမီး ဆေးရုံကဆင်းတာသွားကြိုတာလေ၊ ဟိုဒင်း …ကလေး မီးဖွားတာလေ”

“ဟုတ်ကဲ့၊ ဒါပဲနော်”

သိချင်တာသိလိုက်ရတာနဲ့ ကျော်ကျော် ဖုန်းပြန်ချလိုက်တယ်။ အားလုံးထင်ထားတဲ့ အတိုင်းပါပဲ။ ထူးထူးဆန်း ဆန်းလဲ မဟုတ်ပါဘူး။ ဦးအောင်ဘညို အိမ်ထောင်သည်ဆိုတာ ကျော်ကျော်သိပြီးသား။ သူ့ဇနီး ကလေးမွေး တယ်။ ရှင်းရှင်းလေးပါပဲ။ ဒါကို တနေကုန်ရှုပ်ထွေးနေမိတဲ့ ကျော်ကျော် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင် မိတော့ တယ်။

လက်ထဲက ဖုန်းကို မှန်တင်ခုံ ပေါ်လှမ်းတင်လိုက်ပြီး ကျော်ကျော် ကုတင်ပေါ်လှဲချ လိုက်တယ်။

“ကျော်ကျော်၊ နင့် ကိုယ်နင် ဘာထင်နေလဲ”

...........................................

{ လူ့ဘ၀ ဆိုသည်မှာ သစ်ပင်နှင့်တူ၏။

အပင်ကြီးတို့က ကြံ့ ခိုင်မြင့်မားကြသည်။ ဝါးပင်၊ ကြိမ်ပင်တို့က ညွှတ်ပျောင်းယိမ်းနွဲ့ကြ၏။ သစ်ခွ၊ ကျီးပေါင်း ညောင်ပင် စသည်တို့ က အခြားအပင်ကို တည်မှီဖြစ်ထွန်းကြသည်။

 နွယ်ပင်တို့က မီရာကို ရစ်ပတ်၍ရောက် နိုင်သမျှ ရွေ့လျားရှင်သန်ကြသည်။ ကောက်ပဲသီးနှံပင် တို့သည်ကား ရိတ်သိမ်းချိန် မတိုင်ခင် တရာသီ အတွင်း၌သာ ရှင်သန်ကြရကုန်၏။}

..............................................

အခန်း (၂၉)

ဦးအောင်ဘညိုက အပြင်ခန်းတွင်ရောက်နေသောကြောင့် ဖုန်းမြည်သံကို မကြားရ။ ဖိုးသားက အပြင်ကို ဖုန်းယူလာပေးသည်။

“ကျော်ကျော် တဲ့ ဖေဖေ”

ဖိုးသားက ယောက်ျား တယောက်လို့ထင်နေသည်။ အကြောင်းထူးမရှိဘဲ သူမဖက်က စပြီးဆက်လေ့ မရှိသည့် ကျော်ကျော့် အကြောင်းကိုသိနေ၍ ဖိုးသား နှင့် ဦးလေးစိုးရှေ့မှာပင်ဖုန်းကိုင်လိုက်မိ၏။ နေ့ ခင်းက ဆေးရုံမှာ ကျော်ကျော် သူ့ကိုတွေ့သွားမှန်း သိလိုက်ရသည့် အခါ ရုတ်တရက်ဘာပြောရမှန်း မသိဖြစ်သွား သည်။ သူနေမကောင်းလို့ လာသည်ဟု ကျော်ကျော်ထင်ကောင်း ထင်နိုင်သည်။ မသူဇာ ဆေးရုံတက်နေစဉ် ကာလတလျှောက်လုံး ကျော်ကျော့်ဆီလည်း မသွားဖြစ် ခဲ့တာတွေကလည်း ရှိနေသည်။ နောက်မှ မထူးတော့ ဟု သဘောထားကာ အဖြစ်မှန်ကိုပြောပြလိုက်ရ၏။

မိမိ၏ အိမ်ထောင်ရေး ကိစ္စ နှင့်ပတ်သက်ပြီး ကျော်ကျော့် ကို တလုံးတပါဒမျှ ပြောမပြခဲ့ဖူးပါ။ လူပျို မဟုတ်ဟု ကျော်ကျော်သိနေမည် ဆိုတာလည်း ရိပ်မိပါသည်။ အိမ်ထောင်မရှိဟု ကျော်ကျော်ထင်မှာ မဟုတ်မှန်းလည်း သိပါ၏။ သို့သော် ဇနီးဖြစ်သူ ကလေးမွေးသည့် အကြောင်းကျော်ကျော့် ကို ပြောဖို့ဝန်လေးနေမိသည်။ အ ကြောင်း အကျိုးသိရ သည့် အခါ ကျော်ကျော်ချက်ချင်း ဖုန်းချသွားသည်။ ဦးအောင်ဘညို မျက်လုံးထဲတွင် ကျော်ကျော့် အံဆွဲထဲက ဆေးကဒ် ကလေးတွေ ကိုမြင်ယောင်နေမိ၏။

“ဖေဖေ့ အသိလား”

“အင်… ဟုတ်တယ်၊ ဖေဖေ့ကို ဆေးရုံမှာ လှမ်းတွေ့လိုက်လို့တဲ့ နေမကောင်းဘူးလား မေးတာ”

“ဖေဖေ့ သူငယ်ချင်းတွေ မသိကြဘူးလား”

“သိကြပါတယ်၊ သူကတခါတလေမှ တွေ့လို့ မသိတာ”

ဦးအောင်ဘညို၏ မိတ်ဆွေကြီးတွေက မသူဇာ ဆေးရုံစတက် စဉ်ကထဲက လာရောက်သတင်း မေးကြပါ သည်။ မွေးပြီးတော့လည်း မပျက်မကွက်လာကြသေးသလို မအားလပ်သူတွေကလည်း ကလေးအတွက် လက်ဆောင် ပို့ပေးကြပါသည်။ ပြီးတော့ ထုံးစံ အတိုင်း ပွဲလုပ်ဖို့ နားပူကြ၏။ စိတ်ရှုပ်နေသော ဦးအောင်ဘ ညိုက မသိချင်ယောင်ဆောင်နေသော်လည်း မရ၊ ကြုံတိုင်း ဖုန်းဆက်ပြောကြသည်။ မသူဇာ ဆေးရုံက မဆင်းသေးလို့ပါ ဆိုသည့် အကြောင်းပြချက်ကလည်း ဒီနေ့ ရက်လွန်သွားပေပြီ။

“ဒေါ်ဒေါ်ကြည်ရော ဦးလေးစိုး”

“လာလိမ့်မယ် ဆရာ”

အနားမှာလာထိုင် နေသော ဦးလေးစိုးကို မေးလိုက်မိသည်။ ဖိုးသားကတော့ အထဲ ပြန်ဝင်သွားသည်။ သူက လည်း ညီလေး ပေါက်စန တယောက်ရသည့် အတွက်ကျေနပ်နေသည်။ ဖူးဖူး ကတော့ ကလေးနားမှာပဲ ထိုင် နေတာ များသည်။

မသူဇာက ဆေးရုံကဆင်းတော့လည်း သူမအခန်းကို မပြန်ပါ။ အဆောင်သစ်သို့သာပြန်၏။ သိင်္ဂ ီနှင့် ဖူးဖူးက အနားမှာ နေကြသော်လည်း ဘာမှကလေးအကြောင်း သိသူတွေ မဟုတ်ကြ။ ထို့ကြောင့် ဒေါ်ဒေါ်ကြည် မှာ အိမ်ကိစ္စ တွေ တဖက်နှင့် ဟိုနှင့်ဒီ ကူးချည်သန်းချည် နေရတော့မည်ဖြစ်သည်။ ဖူးဖူး ကိုတော့ ဦးအောင်ဘ ညိုက ကျောင်းစာ လစ်ဟင်းမှာစိုး၍ ညဆိုရင်တော့ အိမ်ပြန်ရမည် ဟု အမိန့်ထုတ်ထားရသည်။

အိပ်ခန်း ကို ခပ်ကျယ်ကျယ်လေး ဆောက်ထား၍ အဆင်ပြေပါသည်။ ဒေါ်ဒေါ် ကြည် နှင့်အတူလာအိပ်မည့် အိမ်ဖေါ်က ဘုရားခန်းမှာပင် အိပ်လိုက်လို့ရသည်။ အခြေအနေ ကို အကဲခပ်လိုက်ပြီးနောက် ဦးအောင်ဘညို အိမ်ဖက်ကို ပြန်သွား ဖို့ ထလိုက်သည်။ မသွားခင် မသူဇာ အခန်းထဲသို့ တခေါက်ဝင်လာခဲ့သည်။ ကလေးနှင့် မသူဇာ အိမ်ပြန်ရောက်ပြီးမှ ဒါဒုတိယအခေါက်ဖြစ်သည်။ ပြန်လာခါစ က ယောင်ချာချာ နှင့် ဝင်လိုက်သွားပြီး ဘယ်မှာထိုင်ရမှန်း ပင်မသိပေ။ ဘယ်သူမှ လည်းဦးအောင်ဘညို ကို အရေးတယူမရှိကြ။

ကလေးနှင့် မသူဇာကို သာအာရုံရှိနေကြသည်။ ဦးအောင်ဘညိုကို ဘယ်တော့မှ မမေ့တတ်သည့် သိင်္ဂီ သာအလိုက်တ သိ နှင့် ထိုင်ခုံတလုံးမပေး လျှင် အပြင်ပြန်ထွက်ရတော့မည် ဖြစ်၏။ ဦးအောင်ဘညိုကို ခုံပေးပြီး သိင်္ဂ ီကတော့ မသူဇာ ကုတင်ပေါ်မှာ သွားထိုင်၏။ နောက်တော့လည်း အထဲမှာ ဆက်မနေချင်တော့၍ အပြင်ဘုရားခန်း ထဲမှာသာ အေးအေး လူလူ သွားထိုင်နေလိုက်သည်။ တယောက်ထဲရှိနေစဉ် ဦးလေးစိုး ရောက်လာပြီး ဟိုဟိုဒီဒီ စကားပြောဖြစ်၍ သာတော်တော့၏။ ဦးအောင်ဘညို မိတ်ဆွေကြီးတွေကလည်း ဖုန်းတဂွမ်ဂွမ် ဆက်ပြီး ခေါ်နေကြသဖြင့် သူတို့ ဆီသွားလျှင်ကောင်း မလားဟုလည်း စိတ် ထဲ မှာ ဇဝေဇဝါဖြစ်နေသည်။ ကျော်ကျော့် ဆီတော့ သွားလို့ မဖြစ်။ သွားလျှင် ပြန်လာဖြစ်ဖို့ သိပ်မသေချာ။ မိန်းမ နှင့် ကလေးဆေးရုံကဆင်းလာသည့်နေ့မှာမှ အိမ်ပြန် မအိပ်လျှင်ကောင်းမည် မဟုတ်ပေ။

“ပြန်လိုက်ဦးမယ်ဟေ့”

အသံ က မဆိုသလောက်ကျယ်သွားသည့် အတွက် မသူဇာက မျက်မှောင်ကုပ်၍ ကြည့်သည်။ ဖူးဖူး က လက်ညိုးလေး နှုတ်ခမ်းမှာကပ်၍ “ရှူး” ဟုလုပ်၏။ သိင်္ဂီ ကတော့ အသံမထွက်အောင်ရယ်နေသည်။

“ကလေး အိပ်နေတယ် လေ ဖေဖေ ရဲ့”

အပြစ်ရှိသူမို့ သွားဖြဲပြလိုက်ပြီး အခန်းထဲက ခပ်သုတ်သုတ်ပြန်ထွက်လာခဲ့သည်။ အိပ်နေသည့် ကလေး ကိုတောင် မကြည့်ခဲ့ရ။ အိမ်ပြန်ရောက်၍ ကော်ဖီ တခွက်သောက်ရင်း နားနေစဉ် မိတ်ဆွေကြီးတွေ ဆီက ဖုန်း ထပ်ဝင်လာပြန်၏။

“ကိုအောင်ဘညို၊ လာခဲ့လေဗျာ၊ ပိတ်ရက်လေး ကိုယ့်လူတွေ အေးအေးဆေးဆေး တွေ့ရတာ”

“ဆရာသမားတို့ကလဲ ဒီအချိန်မှတော့ ဂေါတ်သီးတောင်မြင်ရတော့မှာ မဟုတ်ဘူး”

“အာ .. ကျွန်တော်တို့လဲပြန်တော့မှာဗျ။ ဆိုင်ကိုလိုက်ခဲ့ ဖို့ပြောတာ”

ဒီအတိုင်း ဆိုလည်း အိမ်မှာလူပိုကြီးတယောက်လို ပျင်းနေရမည့် တူတူ အပြင်ထွက်ချင်စိတ်ပေါက် လာ၍ ဘယ်ဆိုင်မှာဆုံမည်ကို မေးပြီး လာခဲ့ မည်ဟု ကတိပေးလိုက်သည်။ အခန်းထဲပြန်ဝင် အဝတ်လဲပြီး ထွက်လာ စဉ် သိင်္ဂ ီနှင့် လမ်းမှာတိုးသည်။

“ဘယ်တုန်း”

“သိင်္ဂ ီ့ ဘော်ဒါကြီးတွေ ဆီလေ၊ လိုက်မလား”

“မလိုက်တော့ ပါဘူး၊ သူတို့ကမှ မခေါ်တာ”

“ဖုန်းဆက်ပြီးပြောလိုက်လေ၊ ခေါ်မှာပါ”

“နေပါစေတော့၊ လူလဲ တော်တော်ဂိနေပြီ၊ ရေချိုးပြီး တမှေးလောက် မှေးလိုက်ဦးမယ်”

ပင်ပန်းမှုကြောင့် ထင်ပါသည် သိင်္ဂီ  မျက်နှာနွမ်းပြီး မျက်တွင်းကျနေသည်။ မသူဇာ ဆေးရုံစတက်ကထဲက အိမ်နှင့် ဆေးရုံကူးချည်သန်းချည် နှင့် သိင်္ဂ ီအနားမနေရပါ။ မေမြို့ကပြန်လာလျှင် ကူညီမယ်ဟု ပြောထား သည့် ဦးအောင်ဘညို ဆီက အလုပ်တွေကိုတောင် မကူနိုင်ပါ။ သိင်္ဂ ီ မရှိစဉ် ရက်များတွင် ဦးအောင်ဘညို ပြန်လုပ်ရင်း အရှိန်ပြန်ရနေပြီ ဖြစ်သောကြောင့်သာတော်တော့၏။

“ညနက်မှာ မဟုတ်လား၊ good night ကိုကို အောင်”

ပါးစပ်က ပြောရုံ မဟုတ်၊ လက်ကလေး နှင့်ပါ တာ့တာ လုပ်သွားသည်။ ကျောခိုင်းထွက်သွားသည့် သိင်္ဂ ီ့၏ နောက်ပိုင်း အလှကို ဦးအောင်ဘညို မကြည့်ဘဲ မနေနိုင်ပါ။ သူမအခန်းဝနား အရောက်တွင် သိင်္ဂီ  ကလည်း ပြန်လှည့်ကြည့်၍ ဦးအောင်ဘညို ကမန်းကတန်း အကြည့်ကိုလွှဲပြီး ကိုယ့်လမ်းကိုယ် ထွက်ခဲ့ရသည်။ သူမကို လိုက်ကြည့်နေတာ မိသွားသည့် အတွက် သိင်္ဂီ ပြုံးနေမလား၊ မဲ့လေမလားလို့တောင် ဦးအောင်ဘညို စောင့် မကြည့်ခဲ့ရ။ အလုပ်အားရက်ဆိုတော့ လူစုံသည်။ ခရီးထွက်နေသူ တချို့တလေမှ အပ ဝိုင်းတော်သားတွေ စုံစုံညီညီ ရှိ၏။

အားလုံးက ဦးအောင်ဘညို ကို သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ဦးအောင်ဘညို ရောက်ချိန်တွင် သူတို့ လည်း ရောက်ခါစ ရှိသေး၍ အစားအသောက်မှာခြင်း အရက်မှာခြင်း၊ လောလောဆယ် ရိုတ်ခဲ့သည့် ဂေါတ်ပွဲအကြောင်း ပြောခြင်းတွေ နှင့် ရှုပ်နေကြပြီး အားသွက်လျှာသွက် ဖြစ်လာချိန်ကျမှ ဦးအောင်ဘညို ကိစ္စ ကို ဝိုင်း လည်သို့ တင်လိုက်သည်။

“ကလေး က ဘယ်သူ နဲ့တူသလဲ ကိုအောင်ဘညို”

“မသိဘူးဗျ၊ သိင်္ဂီ ပြောတာတော့ ကျွန်တော်နဲ့ တူတယ်တဲ့”

“ခင်ဗျားက သေသေချာချာ မကြည့်ဘူးလား၊“

“ ကြည့်ပါတယ်၊ ဒါပေမယ့် နီတာရဲလေး ဆိုတော့ မကြည့်တတ် ဘူးဗျ၊ ခင်ဗျားတို့လဲ လာသွားတာပဲ မသိဘူးလား”

“ကျွန်တော် တို့လဲ မကြည့်တတ်လို့ ခင်ဗျားကို မေးတာပေါ့၊ ဟီး …ဟီး”

“ဒါနဲ့ ကိုအောင်ဘညို တခါပြောဖူးသလိုပဲ၊ ခင်ဗျားနဲ့ မသူဇာက ဟိုဟာမပြုတော့ဘူးဆို”

ဘယ်တုန်းက ပြောဖူးသလဲဆိုတာ ဦးအောင်ဘညို ကိုယ်တိုင်မမှတ်မိတော့၊ ပြောဖူးသည် လို့တော့ထင်၏။

“ဟုတ်တယ် ဗျို့၊ ကျွန်တော် လဲမှတ်မိတယ်။ ဟိုတနှစ် သင်္ကြန်လည်တုန်းကလား မသိဘူး”

ဆရာသမားတွေက ဒါမျိုးကျတော့ မှတ်ဉာဏ် ကောင်းနေကြသည်။

“ခပ်ပိန်ပိန် ကောင်မလေး တယောက်ကို ကိုအောင်ဘညို မသွားတဲ့ နေ့ မဟုတ်လား”

“ကျွန်တော်ကတော့ မမေ့ဆုံးပေါ့ ဗျာ။ တိုက်ခန်း တခန်း ပါသွားတာကိုး၊ ဒါနဲ့ အဲဒီချာတိတ်မ ဘယ်ရောက် သွားလဲ ကိုအောင်ဘညို”

တိုက်ဆိုင်လှစွာပင် ဦးမြင့်မောင် နှင့် ဘေးချင်းကပ်ထိုင်မိနေသည်။

“ကျွန်တော် လဲ မသိတော့ပါဘူးဗျာ။ ကြာပြီ မဟုတ်လား”

“တိုက်ခန်းလဲ ဒီတိုင်းပဲလား”

“ဒီတိုင်းပဲ ဗျ၊ ပြန်ယူမလို့လား”

“မယူပါဘူးဗျာ၊ မျက်စိစွံ မှာစိုးလို့”

ဦးအောင်ဘညို နှင့် ဦးမြင့်မောင် လမ်းကြောင်း ပြောင်းသွားသည်ကို ကျန်သည့် သူတွေက လက်မခံကြ။အတင်းစကားကိုဝင်ဖြတ်သည်။

“နေပါဦး၊ နေပါဦး၊ အကောင်အထည် မပေါ်တဲ့ ကိစ္စ အသာထားပြီး အကောင်အထည်ပေါ်တာ အရင်ပြော စမ်းပါဦး ကိုအောင်ဘညိုရ”

ကျော်ကျော် နှင့် ပတ်သက်တာကို သိပ်မပြောချင်သည့် ဦးအောင်ဘညိုကလည်း အလိုက်သင့်ဝင် မျှောလိုက် သည်။

“ဘာပြောရမှာတုန်း”

“ခင်ဗျား တို့ ဟိုဟာမပြုကြဘူးဆို၊ အဲဒါ ချက်တော်ကို လက်တော် နဲ့ ဘယ်လိုရစ်လိုက်သလဲ ဆိုတာသိချင် တယ်၊ လက်ဝဲရစ်လား၊ လက်ယာရစ်လား”

“ဟာဗျာ”

“ဖြစ်နိုင်တာကတော့ လက်ယာရစ်ပဲဗျ။ ကျွန်တော် တို့ဆီမှာ လက်ယာကပ်မောင်း မဟုတ်လား”

ဘာပြောရမှန်း မသိ၍ ဦးအောင်ဘညို သွားဖြဲပြီးငြိမ်နေလိုက်ရသည်။ အရက်သောက်လိုက် အမြည်းစား လိုက်နှင့် ယောင်လည်လည် လုပ်နေသည့် ဦးအောင်ဘညိုကို ဦးမြင့်မောင်က ခပ်ပြုံးပြုံး ကြည့်ရင်း

“ကိုအောင်ဘညို ကြည့်ရတာ ခင်ဗျား မပြောလို့ မဖြစ်တော့ဘူးနော်”

“ဘာဖြစ်လို့လဲ ကိုမြင့်မောင်”

“အဖြစ် အပျက်ကို ရှင်းမပြရင် ခင်ဗျားလက်ချက် မဟုတ်သလိုဖြစ်သွားမှာပေါ့၊ ဒီတော့ ရဲရဲကြီးသာ ပြော ပြလိုက်၊ မသူဇာ က ပြန်ပြီးကြည်ဖြူသဒ္ဒါပေါက်လာအောင် ခင်ဗျားဘယ်လို အစွမ်းပြ လိုက်တယ် ဆိုတာကို”

ဒါတော့ မတရားလို့ထင်သည်။ အိမ်တွင်းရေးကိစ္စ ဆိုတာ အပြင်မှာ ပြောသင့်သည်မဟုတ်။ မပြောပြန်လျှင် လည်း မသူဇာ၏ သိက္ခာ ကျတော့မည့် အပြင် ဦးအောင်ဘညို ကိုယ်တိုင်လည်း နွားလုံးလုံး ဖြစ်တော့ မလို  အနေ အထားရောက်နေသည်။

“ကျွန်တော့် လက်ချက်ပါဗျာ၊ ခင်ဗျားတို့ က မယုံကြဘူးလား”

“အာ … ကျွန်တော် တို့ ပြောတာက ဒီသဘော မဟုတ်ပါဘူး၊ ခရေစေ့ တွင်းကျလဲ မလိုပါဘူးဗျာ။ ဘယ်လို ပြောရမလဲ၊ တရားဖက် ကိုပဲ အာရုံရောက်နေတဲ့ မသူဇာကို ခင်ဗျားဘယ်လို စည်းရုံးလိုက်သလဲ၊ ဒါလေးပဲသိချင်တာ၊ ဟုတ်တယ် နော် ဆရာတို့”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”

“နည်းနာ ခံယူချင်တာပါခင်ဗျ”

ရှေ့မှာချထားသည့် အရက်ခွက်ကို တချက်ထဲ နှင့် မော့ချပစ်လိုက်သည်။ ပြီးတော့ အမြည်းနည်းနည်း ယူ စားသည်။ အမြည်းစားပြီးနောက် အရက်ပြန်ဖြည့်၊ ရေခဲ ဆိုဒါရောပြီး နောက်တကြိမ်ခပ်မြန်မြန်မော့ ချလိုက် ပြန်သည်။

“ဟေ့လူ ဆော်လှ ချည်လား၊ အေးအေး ဆေးဆေး ချစမ်းပါဗျာ”

“ခင်ဗျား တို့ကို ဘယ်လိုစည်းရုံးတယ် ဆိုတာပြနေတာလေ၊”

“အော် သိပြီ၊ အရက်တွေသောက်ပြီး ကြွေပြလိုက်တော့ မသူဇာပျော့သွားတယ်ပေါ့”

“မဟုတ်ဘူး”

“ဟင် … ဒါဆို ဘယ်လိုလဲ”

“မူးမူး နဲ့ အတင်းဝင်ပစ်လိုက်တာ”

“ဟောဗျာ၊ ဘယ်လိုဖြစ်တာတုန်း”

နှစ်ခွက် ဆက်တိုက်သောက်လိုက်၍ အရှိန်ကောင်းသွားသော ဦးအောင်ဘညို သွက်လာပါသည်။

“အဲဒါတော့ မသိဘူးလေဗျာ၊ သူပြန်ရောက်တဲ့ တရက် မူးမူးရူးရူး နဲ့ ပြန်သွားတော့ လာပြီးတရားဟော တယ်။မကောင်းမှုတွေ မလုပ်ဖို့၊ နေဦးပါသေးတယ်ဗျ ခင်ဗျားတို့ နဲ့ မပေါင်း

ဖို့လဲပါသေးတယ်”

“ဟေ့လူ၊ ဒါတော့ ခင်ဗျားဖြည့်ပြောတာဖြစ်မယ်”

“တကယ်ဗျ၊ အဲဒီမှာ ကျွန်တော်ကလည်း ပြန်ပြောရင်း စကားများကြပြီးတော့ ဒေါသထွက်ထွက်နဲ့ …”

“ခင်ဗျား က ဒေါသထွက်တာ နဲ့ပဲ”

“အင်း ဟုတ်တယ်”

ရယ်သံတွေ တဝေါဝေါ ထွက်လာ၏။ ဦးအောင် ဘညို တယောက်သာ မရယ်ဘဲ အရက်သောက်လိုက် အ မြည်း ယူစားလိုက် လုပ်နေ၏။

“ခင်ဗျား ဒေါသက ကြောက်စရာ ကြီးပါလား ကိုအောင်ဘညိုရယ်၊ ကဲ ကဲ၊ အားလုံးကြားတယ်နော်၊ ကို အောင် ဘညိုကို စိတ်ဆိုးအောင် ဒေါသထွက်အောင်အလုပ်ကြနဲ့ ၊ လုပ်မိတဲ့

သူ ကိုယ့်ဘဝကိုယ် တွေး ကြည့်ထား”

“ကြောက်ပါတယ်ဗျာ၊ နောက်ကို ကိုအောင်ဘညို စိတ်ဆိုးအောင်မစဝံ့ တော့ပါဘူး”

“ဒါနဲ့ နေပါဦး ကိုအောင်ဘညိုရယ်၊ ခင်ဗျားက အတင်းဆိုတော့ မသူဇာက မငြင်းဘူးလား”

“ငြင်းတာပေါ့၊ ဒါပေမယ့် သူက အားမှ မရှိတာ”

“အင်းဗျာ … ထားလိုက်ပါတော့၊ ကဲကဲ အားလုံးကိုအောင်ဘညို စိတ်ကြီးတဲ့ အတွက်ဂုဏ်ပြု ပြီးတခွက်စီ သောက်လိုက်ရအောင်”

“ချီးယား စ်”

ဒီအတွက် နှင့် မသူဇာ သူ့ကိုအခုချိန်ထိ ကောင်းကောင်း မဆက်ဆံတော့သည်ကိုတော့ ဦးအောင်ဘညို ထည့် ပြောမနေတော့ပါ။ မသူဇာကလည်း ပါးနပ်ပါသည်။ မိတ်ဆွေ အပေါင်းအသင်း တွေ သတင်းမေး ရောက်လာလျှင်တော့ ဦးအောင်ဘညို အပေါ် ဆက်ဆံရေးက ပုံမှန်ပင်။ ဧည့်သည် မဟုတ်သည့် အိမ်သူ အိမ် သားတွေ နှင့်ကျမှသာ ဦးအောင်ဘညို မရှိသလိုနေတတ်သည်။ဦးအောင်ဘညို စိတ်ထင်လို့လား မသိပေ၊ သူအနားမှာ ရှိနေလျှင် မသူဇာက ကလေးကိုတောင် အရေးမလုပ် ဟု ထင်သည်။ ဆေးရုံ မဆင်းခင်တရက်က ပုခက်ထဲမှ ကလေးကငိုသည်။ အနားမှာရှိနေပါလျက် နှင့် မသူဇာ လုံး၀ လှည့်မကြည့် ကလေးအတွက်ငှားထားသည့် သူနာပြုဆရာမလေးက ပြေးချီလိုက်ရသည်။ ထိုနေ့က ဆေး ရုံက အပြန်မှာ သိင်္ဂ ီလိုက်လာ၍ ဦးအောင်ဘညို ပြောပြမိသည်။

“ကိုယ် မရှိတဲ့ အချိန်ရော ဂရုစိုက်ရဲ့လား”

“ကိုကို စိတ်ထင်လို့ပါ၊ မမက ဒီလောက်တော့ အကြင်နာမမဲ့ပါဘူး”

“ဒီကလေးကို သူမှ မလိုချင်တာ”

“မဟုတ်ပါဘူး ကိုကိုရယ်၊ သိင်္ဂီ တောင်းတာတောင် ပေးမှမပေးတာ”

“သိင်္ဂ ီက ဘာလို့တောင်းတာလဲ”

“သူက ကိုယ်ဝန်အတွက်စိတ်ညစ်ပြနေတာကိုး၊ ဒါနဲ့ သိင်္ဂ ီမွေးစားမယ်လို့ ပြောပြီးတောင်းတာပေါ့”

“သူက ပေးမယ် ဆိုလဲ ကိုယ်ကဘယ်ပေးမလဲ”

“သိပါတယ် ရှင်၊ ဒါပေမယ့် သိင်္ဂ ီကလည်း ဘယ်မှသွားမှာမှ မဟုတ်တာ၊ ဒီမှာပဲ တူတူနေနေတာပဲ”

ဘယ်မှ မသွားပါဘူး ဆိုသည့် သိင်္ဂ ီသည် မသူဇာ မွေးခါနီးမှ မေမြို့ကပြန်ဆင်းလာခဲ့သည်။ သိင်္ဂီ ပြန်ရောက် ပြီး နှစ်ရက်အကြာတွင် မသူဇာဆေးရုံတက်သည်။ နိုင်ငံခြားသွားတုန်းက နေ့စဉ်လို ဖုန်းဆက်တတ်သော သိင်္ဂီ သည် ခုတခေါက် မေမြို့သွားခါစက ဖုန်းသိပ်မဆက်၊ တပတ်တခါလောက်သာ ဆက်တတ်သည်။ ဖူးဖူး နှင့်တော့ မသူဇာ အခြေအနေ မေးရင်း နေ့တိုင်း နီးပါးဆက်သည်ဟု သိရသည်။ အကြောင်း ကိစ္စရှိ၍ ဦး အောင်ဘညို ကလှမ်းဆက်လျှင်တော့ ဖုန်းကြာကြာပြောဖြစ်ပါသည်။ နောက်တော့ ရက်နည်းနည်း ကြာ လာ သည် နှင့်အမျှဖုန်းဆက်တာ ပြန်စိပ်လာ၏။ ပြန်လာခါနီးတွင် နေ့စဉ်လိုလို ဖုန်းဆက်သည်။

ဖူးဖူး က ဖုန်းဆက်တိုင်း ပြန်လာဖို့ခေါ်သည်။ ဦးအောင်ဘညိုကတော့ လာပါမပြောဖြစ်သော်လည်း ဘယ် တော့လာမလဲ ဟုမေးမိတတ်ပါသည်။

“ပြန်လာချင်တာပေါ့ ကိုကိုရယ်၊ အရမ်းသတိရတာပဲ”

သိင်္ဂီ ဝမ်းနည်းအားငယ်သံ နှင့်ပြောလာလျှင် ဦးအောင်ဘညို လည်းစိတ်မကောင်းပါ။ သို့သော်လည်း သိင်္ဂီ ရန်ကုန်အိမ်မှာ ဆိုလျှင်စိတ်ကျဉ်းကြပ်သလို ဖြစ်နေတတ်သည်ကို ပြန်မြင်ယောင်တိုင်း ပြန်လာခဲ့ ဖို့ ပြော မထွက်နိုင်အောင်ရှိသည်။ ဦးအောင်ဘညိုကသာ အတင်းပြန်လာခိုင်းလျှင် သိင်္ဂ ီဒီမှာ စိတ်ညစ်ခံနေဖို့ ပြန် လာကောင်း ပြန်လာနိုင်သည့် အတွက် ဒီလိုလည်း မပြောရက်ပါ။

“ကို အောင်ဘညို”

“ဗျာ”

“ဘာတွေ တွေးနေတာလဲ”

“မတွေးပါဘူးဗျာ၊ အရက်ကို ဇိမ်နဲ့ သောက်နေတာပါ”

“ဘာလဲ၊ ဒီကပြန်ရင် နောက်တခါ ဒေါသထပ်ထွက်ဦးမလို့ ကြံနေတာလား၊ မလုပ်နဲ့ ကိုယ့်ဆရာ အခုမှ တပတ်ပဲ ရှိသေးတာ၊ လေးဆယ့်ငါးရက် မပြည့်သေးဘူး”

နောက်တကြိမ်သာ ဦးအောင်ဘညို ထပ်ပြီးဟိုတခါလို အတင်းကြံလျှင် မသူဇာချက်ချင်း အိမ်ပေါ်က ဆင်း သွားနိုင်သည် ကိုတွေးမိ၍ ဦးအောင်ဘညို ကြိတ်ပြုံးမိသည်။

“ဟော …သူပြုံးတယ်၊ ဒါဆိုရင် အကြံအစည် တခုခု ရှိလို့ပဲ”

“မဟုတ်ရပါဘူး ဆရာတို့ရယ်”

“ဒါပေမယ့် သိပ်တော့ မလွယ်ဘူးထင်တယ်၊ ကိုအောင်ဘညို ပြောသလိုဆိုရင် မသူဇာက သူ့ဖာသာ တခြံ သပ်သပ် နဲ့ ဓမ္မာရုံဆောက်ပြီးနေတာ မဟုတ်လား”

“နောက်တခါ ဆိုတာ မရှိရအောင် တခါထဲ လက်စတုံးထားတဲ့ သဘောပဲ”

တယောက်တပေါက်ပြောဆိုနေကြချိန်တွင် ဦးအောင်ဘညို ပြုံးလို့သာနေမိသည်။ ဒီအဖွဲ့ထဲမှာ ဦးအောင်ဘ ညို တယောက်ထဲသာ ကလေးပေါက်စန ရှိသည် မဟုတ်ပါ။ တခြားသူတချို့တလေလည်း ရှိကြသည်သာ။ အရင်ထဲက ဦးအောင်ဘညို ဆိုလျှင်စလို့နောက်လို့ ကောင်းသည်ဟု သဘောထားကြ၍ နောက်နေကြခြင်း သာဖြစ်ပါသည်။ ခင်လို့မင်လို့ စကြနောက်ကြတာတွေ အတွက်စိတ်ထဲမှာ ဘယ်လိုမှ မရှိပါ။

“ဒါပေမယ့် တခုတော့ရှိတယ်ဗျ၊ သူ့ကို သိပ်မတိုက်ကြနဲ့တော့”

“ဘာဖြစ်လို့လဲ”

“ဒီလူသိပ်ပြီးဒေါသတွေ ထွက်သွားရင်ကြားထဲက သိင်္ဂ ီလေးဓါးစာခံ ဖြစ်သွားမှာစိုးလို့၊ သူတို့ ညီအမက ရုပ် ချင်းကလဲ ခပ်ဆင်ဆင်ရယ်၊ မူးမူးရူးရူးနဲ့ ကျွန်တော်တို့ လူကြီး လူမှားနေမှဖြင့်”

မှားတာကဖြင့်ကြာခဲ့လေပြီ။ ဦးအောင်ဘညို မလုံမလဲဖြင့် နှုတ်ဆိတ်နေမိသည်။ ဒီအဖြစ်သာ မဖြစ်ခဲ့လျှင် ဆိုသည့် အတွေးကို ဦးအောင်ဘညို မကြာမကြာတွေးမိ၏။ ဖြစ်ခဲ့ ပြီးနောက်မရပ်တန့် နိုင်ဘဲ ရှေ့ဆက် တိုး ခဲ့မိသည့် အတွက် မှန်သလား မှားသလားဆိုတာကို ယနေ့တိုင် ဝေခွဲလို့ မရနိုင်သေးပါ။ တော်သေးသည် ဦးအောင် ဘညို အမူအရာကို ဘယ်သူမှသတိမထားမိကြ။ သတိထားမိလျှင်တောင် တ ခြားအကြောင်းကို တွေးကြပေ မည် ဦးအောင်ဘညိုကို ခယ်မ နှင့်မှားမည့်လူလို့ သူတို့ လုံးဝထင်မထားကြပါ။ အပျော်သက်သက် နောက် ကြခြင်းသာဖြစ်၏။ ခုလည်း ဦးအောင်ဘညို ကိုအရက် ထပ်ယူတာမခံတော့ဘဲ ပုလင်းကို တဖက်ခြမ်း ယူ ထား လိုက်ကြသည်။

“ဟေ့လူတွေ ဘာလုပ်ကြတာလဲဗျ”

“ခင်ဗျား သိပ်မူးသွားမှာစိုးလို့၊ ကျွန်တော်တို့မှာ သိင်္ဂ ီ့ကိုစောင့်ရှောက်ရမယ့် ဝတ္တရားရှိတယ်လေ၊ မဖြစ်သင့် တာတွေ မဖြစ်ရအောင်ကာကွယ်ရမယ်”

“ခင်ဗျားတို့ကများ”

“ဒီလောက်လှတဲ့ ခယ်မလေးကို ဂရုမစိုက်ဘဲ ခင်ဗျားက ပစ်ထားတော့ ကျွန်တော်တို့ က စေတနာ့ ဝန်ထမ်း တာဝန်ယူရတာပေါ့”

“စေတနာ သက်သက်ပါဗျာ၊ ဘာဘာညာညာ တွေမပါပါဘူး”

“ပေးပါဗျာ၊ ဒီမှာ မဝသေးဘူး၊ ခင်ဗျားတို့ မပေးလဲ ထပ်မှာလိုက်ရုံပေါ့”

ရေချိန်မပြည့်သေးသည့် အတွက်ထပ်မှာ မည်လုပ်တော့မှ ပုလင်းပြန်ပေးသည်။ ဝိုင်းသိမ်းတော့ သူ၏ပွဲဟု အများသဘောတူသတ်မှတ်ခြင်း ခံရသည့် ဦးအောင်ဘညိုကကျသင့်ငွေရှင်းလိုက်ရသည်။ မသူဇာ မီးဖွား တာ လေးဆယ့်ငါးရက်ပြည့်သည့် နေ့တွင် နောက်တပွဲလုပ်ဖို့ ထပ်မံစီစဉ်နေကြ၍ မကြားချင်ယောင် ဆောင် ပြီး ထွက်လာခဲ့ရ၏။ ကားပေါ် အရောက်တွင်ဖူးဖူး ဆီကဖုန်းလာသည်။

“ဘာလဲ သမီး”

“ဘာမှ မဟုတ်ပါဘူး၊ သမီးအိမ်ပြန်ရောက်လို့ စာကျက်ပြီးပြီ ဆိုတာလှမ်းပြောတာ”

“ဟုတ်ပြီ၊ ဟုတ်ပြီ သမီး၊ ဖေဖေလဲ ခုပဲပြန်လာနေပြီ”

သိင်္ဂီ လည်းပြန်ရောက်လောက်ပေပြီ။ နားချင်သည်ဟု ညနေထဲက ပြောသည်မဟုတ်လား။ ပါးစပ်ကလွှတ်က နဲ မေးလိုက်မိသည်။

“သမီး တီတီ ရော ဒေါင်းသွားပြီလား”

“တီတီက ဖေဖေသွားပြီးလောက်ကထဲက အိပ်နေပြီ”

“အော် …အေးအေး၊ သမီးလဲ အိပ်တော့လေ၊ မောင်ထွေး စောင့်နေမှာပဲ”

“ဟုတ်… ဒါပဲနော် ဖေဖေ”

ကားကိုမောင်းထွက်လိုက်ရင်း သိင်္ဂီ နှင့် အုန်းစက်ရာတူယှဉ် မနွှဲရသည်မှာ ဘယ်လောက်ကြာပြီလဲ တွေး ကြည့်မိသည်။ သိင်္ဂ ီမေမြို့တက်မသွားခင်ကထဲက ဆိုတော့ တော်တော်ကိုကြာနေလေပြီ။ ပြန်လာတော့ လည်း မသူဇာကိစ္စ တွေ နှင့်ဆိုတော့ အနေဝေးနေရသည်။

“ဒါပဲ ကောင်းပါတယ်လေ”

ကုန်းတက်ကလေးတခုမှာ လီဗာကိုနဲနဲ ပိုဖိလိုက်ရင်း တယောက်ထဲရေရွတ်လိုက်မိသည်။ ဟိုမှာရှိတုန်းက တော့ သိသိင်္ဂီ က အရမ်းသတိရသည်ဟု ပြောခဲ့၏။ ကျော်ကျော့် ဆီမသွားဖြစ်သည့် နေ့တွေမှာ အသွေးအ သားက တောင့်တလျှင် သိင်္ဂီ ရှိ ရင်ကောင်းမှာပဲ ဟုတွေးမိတိုင်း ကိုယ့်ဖာသာ ပြန်ရှက်ရသည်။ ထို့ကြောင့်သိင်္ဂီ က ဖုန်းဆက်လျှင် သူမကိုသတိရရဲ့လားဟု မေးလာလျှင် ဦးအောင်ဘညို ဖြေဖို့ နှုတ်ဆွံ့နေရသည်။ တော်တော် နှင့် အဖြေမပေး နိုင်။ မေမြို့ ရောက်မှ စိတ်လွတ်လပ်ပေါ့ပါးနေပုံရသည့် သိင်္ဂ ီက ဒါကိုစကားနာထိုးတတ်သည်။

“သတိမရ ရင်လဲ မရဘူးပေါ့ ကိုကိုရယ်၊ ဘာလို့ အင်း အဲ နဲ့ ဖြစ်နေရတာလဲ”

“မဟုတ်ပါဘူး”

“သိင်္ဂ ီကသာကိုကို့ကို ချစ်နေရတာ သိပါတယ် ကိုကိုရယ်၊ ဒါပေမယ့် ဒီအတွက်နောင်တ မရပါဘူး၊ ကိုယ် ချစ်တဲ့ သူကိုချစ်နေလို့ ရရင်ပြီးတာပါပဲ”

“ကိုယ်လဲ သိင်္ဂ ီ့ကို သတိရပါတယ်”

“စိတ်ထဲက ပါလားမသေချာပေမယ့် ကျေနပ်လိုက်ပါတယ်၊ သိင်္ဂီ ကတော့ အမြဲသတိရတယ်၊ အိပ်ယာဝင် တိုင်းလဲ သတိရတယ်၊ နောက်ပြီး ဟီး ..ဟီး၊ ရှူရှူးပေါက်တိုင်း လွမ်းတယ်”

“ပေါက်ပေါက်ရှာရှာ သိင်္ဂ ီရယ်”

“အော် … သူများ နဲ့ ကိုကို မချစ်ရတာကြာပါရောလားလို့ လွမ်းတာပေါ့ ကိုကိုရဲ့”

သိင်္ဂီ က ဒီလိုပင်သူမ စိတ်ထဲရှိတာကိုပြောတတ်သည်။ ဦးအောင်ဘညို နှင့် ပတ်သက်သည့် သူမ၏ ရမ္မက် ကို ဘယ်တော့မှ ထိန်းချုပ်ဖုံးကွယ် မထားတတ်ပါ။ ဒါပေမယ့် ဒီတခေါက် ပြန်အလာမှာတော့ သိင်္ဂ ီစိတ်သွား တိုင်း ကိုယ်မပါဖြစ်နေပုံရသည်။ သူမ၏ စိတ်ကို ကြိုးစားထိန်းချုပ်နေပုံလည်းရ၏။ သိင်္ဂ ီ့ဖက်က ဒီလိုတွေ လုပ်လာပြန်တော့လည်း ဦးအောင်ဘညို စိတ်ထဲတွင် တမျိုးကြီးခံစားရသည်။ ဒီလို သွေးအေးသည့် ပုံစံ အတိုင်း ရေရှည် ဆက်သွားမည် ဆိုလျှင် ဆိုသည့် အတွေးကိုတွေးမိပြီး ဦးအောင်ဘညို သက်ပြင်းတခု လေးလေး ပင်ပင်ချလိုက်မိပါသည်။

....................................................

{ ချစ်ခြင်းတွင် အသိဉာဏ်ပညာနှင့် ယှဉ်နိုင်လျှင်ကောင်း၏။

သို့သော် ချစ်ခြင်းမဲ့စွာနေရခြင်းထက် အဆင်ခြင်မဲ့ ရူးမိုက်စွာ ချစ်မိခြင်းက သာ၍ကောင်းသည်။

နှလုံးသား က လာသောဆင်ခြေသည် အခြားသောဆင်ခြေအားလုံးထက် သာလွန်၏။}

......................................................

အခန်း (၃၀)

သိင်္ဂ ီ အိပ်မက် မက်နေသည်။ အိပ်မက်ထဲမှာ သိင်္ဂီ လမ်းလျှောက်နေသည်။ လမ်းပေါ်မှာတော့ မဟုတ်။ ခြေ ထောက်အောက်က အထိအတွေ့က မာကျောလိုက်၊ ပျော့ပျောင်းလိုက်၊ညီညာလိုက် မညီညာ လိုက်နှင့်။ ပတ်ဝန်းကျင်က လင်းလည်း မလင်းမှောင်လည်း မမှောင်။ သို့သော် ကောင်းကင်ဆီမှာတော့ ညိုရီ မှိုင်းလို့ နေသည်။ မိုးသားတွေ များလား။ သိင်္ဂီ သေသေချာချာ တော့မသိပေ။ တသုန်သုန်တိုက်နေသော လေ ကြောင့် သိင်္ဂ ီ့ကိုယ်ပေါ်က အဝတ်တွေ တဖျပ်ဖျပ်ခါနေသည်။ အဖြူရောင်၊ အပြာရောင်နှင့် ပန်းနုရောင် ပါး လွှာသည့်အဝတ်စတွေက သိင်္ဂ ီ့နောက်မှာ တန်း၍ လွင့်နေ၏။ သိင်္ဂ ီဝတ်ထားတာ အင်္ကျ ီမဟုတ် ဟုထင် သည်။ အဝတ်တွေ ကိုယ်ပေါ်ပတ်ထားသလိုပင်။

ကောင်းကင်မှိုင်းမှိုင်း၏ အောက်တွင် ကမ်းခြေတခုလိုလို သောင်ပြင်ကိုမြင်နေရသည်။ ပင်လယ်တော့ မဟုတ် နိုင်ပါ။ တဖက် ဟိုးဝေးဝေးတွင် တောင်တန်းတောင်ကုန်း လို စိမ်းညိုညိုအရိပ်တွေမြင့်မား မို့မောက်နေတာ မြင်ရသည်။သောင်ပြင်အစပ်မှာ အညိုရောင်ခုံတန်း လျားတခု နှင့် ဘေးမှာ မထိုင်ဘဲ မတ်တပ်ရပ်နေသူတယောက်ကို မြင်ရ၏။ မျက်နှာကို မမြင်ရသော်လည်း နောက်ဖက်က ကြည့်လိုက်ရုံ နှင့်ဘယ်သူ ဘယ်ဝါဆိုတာ သိင်္ဂ ီ လွယ်ကူစွာ သိနိုင်သည့် သူဖြစ်သည်။ နောက်ကို ပစ်ထားသည့်လက်ထဲတွင် စာအုပ်တအုပ် ကိုင်ထား၏။

“ကိုကို”

သိင်္ဂ ီ့အသံက လေနဲ့ အတူစီးမျောပြီး ရပ်နေသူဆီရောက်သွား၏။ ခေါ်သံကြောင့် လှည့်ကြည့်လိုက်သူမှာ ကိုကို တကယ်ပင်ဖြစ်နေသည်။ ဝမ်းသာအားရဖြင့် လက်ဝှေ့ရမ်းပြလိုက်ရာ ကိုကို ကလည်းလက်ပြန်ပြ သည်။ သိင်္ဂ ီတို့ အဝေးကြီးမဟုတ်ပါ။ သိင်္ဂ ီ့ကို မြင်လိုက်လို့ ကိုကိုပြုံးလိုက်တာကိုတောင် သဲသဲ ကွဲကွဲ မြင် နေရပါသည်။ သိင်္ဂ ီ့ခြေလှမ်းတွေကို ကိုကို့ဆီ ဦးတည်လိုက်ချိန်တွင် လေကပိုထန်လာသည်။ ပါးပါးပျော့ ပျော့ အဝတ်စတွေကို လေက သိင်္ဂ ီ့ကိုယ်မှာ တထပ်တည်းကျအောင်ကပ်စေ၏။

ကိုကို ကကောင်းကင်ဆီလက်ညိုးထိုးပြလို့ မော့ကြ ည့်လိုက်ရာ တိမ်လိပ်တွေက မည်းသထက်မည်း လာ သည်။ မိုးရွာတော့မည်ထင်၏။ သိင်္ဂ ီခြေလှမ်းတွေကို အရှိန်မြှင့်လိုက်သည်။ သိင်္ဂ ီ့ခြေဖဝါးလေးတွေက မြေ ပြင်ကို မထိဟုထင်ရအောင်လှုပ်ရှားဝဲပျံနေကြသည်။ ထိုအချိန်မှာပင် မိုးစက်တွေ ကျလာ၏။ အနီးအနား မှာ လည်း မိုးခိုစရာ နေရာတခုမှမရှိ။ ဒါပေမယ့် ကိစ္စ မရှိပါ။ သိင်္ဂ ီ့လိုပင် မိုးစက်တွေကြားမှာ ရပ်နေသည့် ကိုကို့ ဆီရောက်လျှင်ပြီးပြီ။ ရွာချင်သလောက် ရွာပါစေတော့။ ခြေလှမ်းတွေကို မြန်နိုင်သမျှ မြန်အောင်ကြိုးစားနေ ဆဲ မိုးကပိုပြီးသည်းလာသည်။

ကြီးမားသည့် မိုးစက်မိုးပေါက်တွေက သိင်္ဂ ီ့ကို အဆက်မပြတ်ထိမှန်ကြသည်။ ခနချင်းပင် တကိုယ်လုံးရွှဲစို သွား၏။ ပါးလွှာသည့် အဝတ်စက သိင်္ဂ ီ့ကိုယ်မှာ အရေပြားပမာကပ်လာ၏။ အဝတ်ပါးပါး လေးတွေမှအပ ဘာမှ အောက်ခံမပါသည့် ကိုယ့်ခန္ဒာကိုယ်ကို သိင်္ဂ ီပြန်ပြီးမကြည့်ဝံ့ပါ။ ချမ်းလည်းချမ်းလာသည်။ ကိုကိုက တော့ မူလနေရာမှာရပ်နေဆဲ။

ကိုကို့ မျက်နှာပေါ်က အပြုံးကို မိုးစက်တွေကြားမှာ ကွဲကွဲပြားပြား ပီသစွာ မြင်နေရလောက်သည့် အကွာအ ဝေး မှ သွားနေခြင်း ဖြစ်ပေမယ့် မြန်နိုင်သမျှမြန်မြန်သွားတာတောင် ကိုကို့ နားကိုခုထက်ထိအောင် မရောက် နိုင်သေး။ အချမ်းဒါဏ်ကြောင့် တုန်ရီနေရင်း သိင်္ဂ ီဝမ်းနည်းလာသည်။ မျက်ရည်တွေ မိုးနှင့် အပြိုင်ကျမလာ အောင်စိတ်ကိုတင်းပြီး လမ်းလျှောက်မနေတော့ဘဲ ကိုကို့ဆီပြေးသွားလိုက်သည်။

သိင်္ဂ ီ့ အသက်ရှူနှုံးက မြန်သထက်မြန်လာ၏။ ကိုကို့နားကို ခုထက်ထိအောင်မရောက်နိုင်သေး။ သိင်္ဂီ မော လာသည်။ အထိန်းအကွပ်မဲ့ ရင်အစုံက လှုပ်ရှားလိုက်တိုင်း တဖျပ်ဖျပ် ခုန်နေသည်။ သိင်္ဂ ီနှင့်ကိုကို့ကြား အကွာ အဝေးက သိင်္ဂီ စမြင်ခဲ့ရသည့် အနေအထားမှာ ရှိနေဆဲဆိုတာ တွေ့လိုက်ရတော့ သိင်္ဂ ီ့ခြေထောက် တွေ လေးလံသွား၏။ ထိန်းမထားနိုင်တော့သည့် မျက်ရည်တွေလည်း မိုးစက်တွေလို တလိမ့်လိမ့်ကျလာ သည်။ ဒါအိပ်မက် ဖြစ်သည်။ ဒါအိပ်မက် ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို ပြန်သတိပးရင်း အံတင်းတင်းကျိတ် ခါအားစိုက်လို့ ပြေးမိပြန်ရင်း ကိုကို့နောက်မှာ မိန်းမတယောက်ကို လှမ်းမြင်လိုက်သည်။ ကိုကိုကတော့ ထိုမိန်း မကို မြင်ပုံမရ။ သိင်္ဂ ီ့ဆီသာ အပြုံးနှင့် လှမ်းကြည့်နေ၏။

ပြေးရင်းလွှားရင်း နှင့် သိင်္ဂ ီက နောက်ကိုလက်ညိုးထိုး ပြသည့် အခါ ကိုကို နောက်သို့လှည့်ကြည့်ပြီး ဘာမှ မတွေ့သလို ဒီဖက်ကို ပြန်လှည့်လာသည်။ ဒီမိန်းမကို သိင်္ဂီ သိသည်။

ဘယ်သူဆိုတွေးလို့တော့မရ။ မမ များ လားဟု သတိရလိုက်မိသော အခါ တကိုယ်လုံးအေးစက်သွားပြီး ခြေလှမ်းတွေ တုံ့ကနဲ ရပ်သွားသည်။ သေ သေချာချာ ပြန်ကြည့်လျှင်ကိုကို့ မျက်နှာက သဲကွဲသလောက် ထိုမိန်းမ၏ မျက်နှာကတော့ ဝေေ၀ဝါးဝါး နိုင် လွန်းလှသည်။

ဘယ်သူဖြစ်ဖြစ် ဟု စိတ်ကိုအားတင်းပြီး မရောက်သလို ဖြစ်နေသော အကွာအဝေးခရီးကို အားစိုက်၍ ပြေး မိ ပြန်၏။

“ဘုရားရေ၊ …ကိုကို”

လမ်းခုလတ်မှ ခလုပ်တိုက်ပြီးလဲကျသွား၏။ ပြန်ပြီးလူးလဲ ထလိုက်ချိန်မှာ ကိုကို မရှိတော့။ သိင်္ဂီ လည်းအိပ် ယာပေါ်မှာ ရောက်နေသည်။ တကယ်ပြေးလိုက်ရသလို ဖိုလှိုက်နေသော ရင်ကို ဖိရင်းနာရီကို လှမ်းကြည့် လိုက်ရာ ညဆယ့်တစ်နာရီ ကျော်နေပြီ။ ခနဆိုပြီးလဲ လျောင်းရင်း သိင်္ဂ ီတော်တော်ကြာအိပ်ပျော် သွားခဲ့ သည်။

“တော်သေးတယ်၊ ရေချိုး ထမင်းစားလိုက်လို့၊ မဟုတ်ရင်အလုပ်ရှုပ်ဦးမယ်”

အိပ်ယာပေါ်မှဆင်းပြီးရေတခွက်သောက်ရင်း စောစောက အိပ်မက်ကို ပြန်တွေးနေမိသည်။ ဘယ်လောက် ပြေးပြေး မရောက်သည့် အဖြစ်သည် အပြင်လက်တွေ့ မှာလည်း ဒီအတိုင်းပင်ဟု တွေးမိပြီး သိင်္ဂီ သက်ပြင်းကိုသာချလိုက်မိ၏။ ကုတင်ပေါ်ပြန်တက်ပြီး လှဲချလိုက်စဉ်မှာပင် တံခါးခေါက်သံကြားရသည်။

“ကိုကို”

စိတ်ထဲက ရေရွက်မိသံက နားထဲမှာ ဟိန်းသွားသည်။ အပြေးအလွှားနှင့် တံခါးကိုသွားဖွင့်ကြည့်လိုက်ရာ တကယ်ပင် ကိုကို ဖြစ်နေသည်။

“အိပ်ပျော်နေပြီလားလို့”

“တရေးနိုးလာတာ၊ လာလေ ကိုကို”

သိင်္ဂ ီလမ်းဖယ်ပေးလိုက်တော့ ကိုကိုအခန်းထဲ ဝင်လာသည်။ ညဝတ်အင်္ကျ ီပါးပါးအောက်က သိင်္ဂ ီ့ကိုယ် လုံးကို စူးစူးရဲရဲ စိုက်ကြည့်နေတာမြင်ရလို့ သိင်္ဂ ီလည်းစိတ်ထဲ မှာတမျိုးကြီး ဖြစ်သွားရသည်။ ကိုကို နဲ့ နှစ်ယောက်ထဲ မဆုံတာကြာပြီမဟုတ်လား။

“ဘာကြည့်တာလဲ၊ ဘာမှမပြောင်းလဲဘူး၊ အရင်အတိုင်းပဲ”

ကိုကိုဘာဖြစ်လို့၊ ဘာလိုချင်လို့ ရောက်လာသည်ကို သိင်္ဂီ သိပါသည်။ သိင်္ဂီ ကိုယ်တိုင်ကလည်း ကိုကို့ကို တမ်းတနေမိပါသည်။ ပြန်ရောက်ကထဲက မမကိစ္စတွေရှုပ်နေတာနဲ့ အေးအေး ဆေးဆေး အချိန်မရခဲ့။

“ထိုင်လေ ကိုကို”

မွေ့ယာကိုလက်နဲ့ ပုတ်ပြရင်းပြောလိုက်ရာ ကိုကိုဝင်ထိုင်လိုက်ပါသည်။ ရနေရသည့် အရက်နံ့၊ ပုံမှန် မဟုတ် သည့် ခြေလှမ်းတွေ နှင့် အရောင်လက်နေသော မျက်လုံးတွေက ကိုကို့လိုအင်ကို ဖေါ်ပြနေသည်။ သိင်္ဂ ီပြန်မထိုင်တော့ဘဲ ကိုကို့ဘေးမှာ ရပ်ရင်း ညဝတ်အင်္ကျ ီကို ချွတ်ပစ်လိုက်သည်။ ပြီးတော့ အောက်က ချည်သား ဘောင်းဘီပွပွ ကိုပါဆွဲချွတ်ပြီး ဘေးကခုံပေါ်ပစ်တင်လိုက်၏။ သိင်္ဂ ီ့ကိုယ်ပေါ်မှာ ဘရာစီယာလေး တထည်သာရှိတော့သည်။ အိမ်မှာနေရင်း ဆိုတော့ အောက်ပိုင်းမှာ အတွင်းခံဝတ်မထား။

ကိုကို့ကို ကျောပေးပြီးရပ်လိုက်တော့ အလိုက်တသိနှင့် ဘရာစီယာချိတ်ကို ဖြုတ်ပေးသည်။ ပြီးသည်နှင့် ဘ ရာစီယာကို ပါခုံပေါ်ပစ်တင်လိုက်ပြီး သိင်္ဂ ီကိုကို့ရင်ခွင်ထဲ ပြိုလဲကျသွား၏။

“အရမ်းသတိရတယ် ကိုကိုရယ်”

ကိုကို့ပါးကို နမ်းပြီးပြောလိုက်စဉ် ကိုကိုက သိင်္ဂ ီ့ နှုတ်ခမ်းတွေကို ရှာဖွေလာ၏။ အလိုက်သင့်ပင့်မော့ ပေး လိုက်သော သိင်္ဂီ နှင့် လမ်းတဝက်မှာ ဆုံမိသည်။ ညင်ညင်သာသာ အနမ်းကို သိင်္ဂ ီကပြင်းရှစွာတုန့်ပြန်ပေးလိုက်သော အခါ ကိုကို က တင်းနေအောင်ဖက်လာ၏။ သိင်္ဂ ီကလည်း ကိုကို့လည်တိုင်ကို လက်နှင့်ယှက် ကာဆွဲထားလိုက်သည်။

ပေါက်ကွဲထွက်လုမတတ် အနမ်းတွေ နှင့် အတူ ကိုကိုက သိင်္ဂ ီ့ အဝတ်မဲ့ကျောပြင်ကို ညင်ညင်သာသာ ပွတ် ပေးနေသည်။ သိင်္ဂ ီ့ရင်ထဲက မီးတစ တဖြည်းဖြည်းချင်း အားအင်မြင့်တက်လာသည်။ ကိုကိုက တင်ပါးကိုပါဖျစ်ညှစ်ဆုပ်နယ်လာသောအခါ သိင်္ဂ ီကိုကို့ပေါင်ကြားထဲက တစုံတရာကို အငမ်းမရ လက်ထိုးပြီးလိုက်ရှာ မိ သည်။ မာကျောသည့် အထိအတွေ့ တခုကို လက်ကသိလိုက်ချိန်တွင် အနမ်းရပ်သွားသည်။ ကိုကို့ရင်ခွင်ကို မှီနွဲ့လိုက်ရင်း လက်ထဲက မာမာအချောင်းကြီးကို အစုန်အဆန်ပွတ်ပေးနေမိ၏။

“လုံချည်ချွတ်လိုက်မယ်နော်ကိုကို”

အဖြေစကားကို စောင့် မနေတော့ဘဲ လုံချည်ကို ဖြေလျှော့ချလိုက်၏။ သိင်္ဂ ီ့ရင်တွေ တဝုန်းဝုန်းခုန်လာ၏။ နောက်ပြီးတော့ တမြေ့မြေ့ နှင့် လွမ်းသလိုဖြစ်လာသည်။ ကိုကို နှင့်ခွဲခွာ နေခဲ့ရသည့် အချိန်တွေကို စိတ် မှာ ပြန်မြင်ယောင်ရင်း လွမ်းနေမိသည်။

“သူများကို သတိရ ရဲ့လားကိုကို”

“ရပါတယ်”

ကိုကို့ အသံက ညင်သာတိုးတိမ်သော်လည်း အက်ကွဲနေသည်။

“သူများကတော့ နေ့တိုင်းအချိန်တိုင်းပဲ သတိရတယ်”

“ရှူရှူး ပေါက်မှဆို”

“ကိုကို ကလဲ”

လက်ထဲက မာမာ အချောင်းကြီးကို စိတ်ရှိလက်ရှိဆွဲဆိတ်ပစ်လိုက်သည်။

“အား”

“ဆောရီး၊ ဆောရီး၊ နာသွားလား၊ အုံဖွ၊ အုံဖွ”

သိင်္ဂီ က လက်ကလေးနှင့် ရွရွပွတ်ပေးလိုက်ရာ မာသထက်မာလာပြီး အကြောတွေ ဖုဖောင်းထလာ၏။ ကို ကို့ မျက်နှာကြီးလည်း နီသထက်နီလာသည်။

“သိင်္ဂ ီ”

ကိုကို့အသံက လည်ချောင်းနံရံတွေကိုပွတ်တိုက်ပြီး အက်ကွဲစွာထွက်လာသည်။ ကိုကို့ကို ဖက်လိုက်ပြီး လည် တိုင်ကို အနမ်းလေးတပွင့် ပေးလိုက်သောအခါ ကိုကို ကလည်းတင်း ကြပ်စွာပြန်ဖက် လာပြီးနောက် သိင်္ဂ ီ့ကို အိပ်ယာပေါ်တွန်းလှဲချလိုက်၏။ ဘာတွေဆက်ပြီးဖြစ်လာမည်ကို သိနေလျှက်နှင့် သိင်္ဂ ီ့ရင်တွေ တဒိတ်ဒိတ် ခုန်ပြီး ဘာကိုမှ မစောင့်ဆိုင်းချင်အောင် ဖြစ်လာသည်။ ဒီလိုခံစားမှုတွေ နှင့် ဝေးကွာခဲ့ရတာကြာလေပြီ။

“ချစ်တယ် ကိုကိုရယ်”

ရင်ထဲကပွင့်ထွက်လာသည့် စကားတခွန်းဖြစ်ပါသည်။ ကိုကို့ကိုချစ်သည့် အကြောင်း သိင်္ဂီ  အကြိမ်ကြိမ် အခါခါ ပြောဖူးပေမယ့် ဒီလိုအချိန်တွေမှာ ပြောဖြစ်သည့် စကားက ပိုပြီးသိင်္ဂ ီ့အတွက် ထိထိခိုက်ခိုက် ဖြစ် ရသည်။ ကိုကို့ ကိုချစ်သည် ဆိုသည်မှအပ စိတ်ထဲမှာ ဘာမှမရှိသောအချိန်မှာ ပြောဖြစ်သည့် စကားက ပို ပြီးလေးနက်ပါလိမ့်မည်။ အိပ်ယာပေါ်မှာ တစောင်းလေးဖြစ်နေသည့် သိင်္ဂ ီ့ကို ပက်လက်အနေအထားကို ပြင်လိုက်ပြီးကိုကိုလည်း နေရာယူသည်။ ပြီးသည်နှင့် သိင်္ဂ ီ့ပေါင်တံ နှစ်ဖက်ကို သူ့ကိုတဖက်တချက်စီမှာ ရစ်သိုင်းပွေ့ယူလိုက်ပြီး နောက် ကိုကို စပြီးချစ်ဖို့ပြင်သည်။ ပူနွေးမာကျောသည့် ကိုကို့ဟာကြီးက သိင်္ဂ ီ့အောက်ပိုင်း နေရာကို မထိတထိ ပွတ်တိုက်နေကြရာ သိင်္ဂ ီ ကိုယ့်ဟာကိုယ်တောင်သတိမထားမိဘဲ တွန့်လိမ်နေမိသည်။ သိင်္ဂ ီ ထပ်ပြီး မစောင့်ချင်တော့။

ဒါပေမယ့် ကိုကို ဆိုတာကလည်း ဒီလိုအချိန်တွေ မှာ လေးကန်နေတတ်သူမဟုတ် ဆိုတာသိင်္ဂ ီသိနှင့် ပြီး သည့် အတိုင်းပင် နေရာတကျဖြစ်သည် နှင့် သူ့ကိုယ်လုံးအားနှင့်ပါ ဖိချလိုက်၏။

“အိ”

ရင်ထဲအထိနင့်ကနဲဖြစ်သွားရလောက်အောင်ပြည့်ကြပ်သွားသလိုပင်။ ကိုကိုသည် သိင်္ဂ ီ့ကို အမြဲတမ်း ဒီလိုပဲ ဖမ်းစားနိုင်သည်။ ကိုကို နောက်ပြန်ဆုတ်သွားလျှင်ဟာကနဲဖြစ်သွားလိုက်၊ ရှေ့တိုးလာလျှင် ပြန်ပြီးပြည့်အင့် သွားလိုက်နှင့် စည်းချက်ကျကျခံစားမှုက သိင်္ဂ ီ့အာရုံတွေကို တနေရာထဲရောက်အောင် စုစည်း ခေါ်ယူသွား နိုင်သည်။ အတွင်းမှာ ပွတ်တိုက်သွားမှု၊ တိုးဖယ်ဖြတ်သန်းသွားမှု အားလုံးလိုလို ကို သိင်္ဂ ီသိနေသည်။ အ နက်ရှိုင်းဆုံးနေရာ အထိ တိုးဝင်သွားလေတိုင်း ဒုတ် ကနဲ ရင်ဝအထိတိုးဝင်လာသော ခံစားမှု သည်သိင်္ဂ ီ့ ကိုယ်ပေါ်က အကြောတွေကို တဆတ်ဆတ်တုန်ခါစေ၏။

သိင်္ဂီ နှောင်ကြိုးက ရုန်းမထွက်နိုင်သည်မှာ ဒီလိုအတွေ့ အထိ ဒီလိုခံစားချက်တွေ ကြောင့်တခုထဲ ကြောင့် သက်သက်တော့ မဟုတ်ပါ။ ကိုကို့ ကို ချစ်သည့် အချစ်ကြောင့် လို့ ထင်သည်။ ထို့ပြင် သိင်္ဂီ  ချစ်သည့် ကိုကို က အသွေးအသား နှင့် လိုအင်တွေကို ပြည့်စုံအောင်ဖြည့်စွမ်းပေး နိုင်စွမ်းလည်းရှိသည်။ ကိုကို က သိင်္ဂ ီ့ကို မိန်းမသားတို့၏ စိတ်ခံစားမှု၏ အဆုံးစွန်ကို အကြိမ်ကြိမ်ပို့ပေးနိုင်ခဲ့သည်။ ထိုအချိန်တွေမှာ ရတတ်သည့် ကျေနပ်ပီတိဖြစ်ရမှု ကို သိင်္ဂီ ဘာနှင့်မှ မလဲ နိုင်ပါ။

ပိုင်ချင်ပါရက် နှင့် ပိုင်ဆိုင်ခွင့်မရခဲ့ သူကို လက်ဝယ်ပိုင်ပိုင် ရနေသည့် အချိန်ကလည်း ဒီလို အချိန်သာရှိ သည် မဟုတ်လား။ ဒါတောင်မှ လောကကြီးက မတရားပါ။ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ကျေ နပ်ပျော်ရွှင် နေရသည့် သိင်္ဂ ီ့ ဘဝလေးနားကို နှောက်ယှက်မည့် အရာတွေကို စေညွှန်ပို့ ပေးခဲ့၏။ မမ က တိုက်ဆိုင်စွာ ကိုယ်ဝန်ရှိလာသည်။

မမပြန်ရောက်လာတော့ သိင်္ဂ ီ့မှာ နေရထိုင်ရကျဉ်းကြပ် လာရ၏။ နောက် တော့ …..။

“နေရာ ပြောင်းရအောင်”

ကိုကိုက ဆွဲထူလိုက်၍ သိင်္ဂီ လည်းထထိုင်လိုက်သည်။

“သိင်္ဂီ စိတ်မပါဘူးလားဟင်”

“ဘာဖြစ်လို့လဲ”

“ကြည့်ရတာ တမျိုးပဲ”

“ကိုကို စိတ်ထင်လို့ပါ၊ သူများနဲ့ မတွေ့တာကြာလို့ ဖြစ်မှာပေါ့၊ သူများက ကိုကို နဲ့ဆို အမြဲစိတ်ပါပြီးသား၊ သိလား”

သိင်္ဂီ မုသားပြောခြင်း မဟုတ်ပါ။ ကိုကို နှင့် ဒီလိုချစ်နေခွင့်ရသည့် အချိန်တွေကို ဘယ်လောက် မက်မော မိသည်ဆိုတာ သိင်္ဂီ သာအသိဆုံးဖြစ်သည်။ ကိုကို နှင့် ဆို သိင်္ဂီ ပျော်သည်။ ပျော်ရသည့် အတွက် အပျော် တွေကို မဆုံးရှုံးချင်၊ ထပ်၍ထပ်၍ သာလိုချင်မိသည်။ ဒါပေမယ့် လိုတိုင်းမရ နိုင်သည့် အဖြစ်ကို တွေးလိုက် မိလျှင် သိင်္ဂ ီ့အပျော်တွေက ခေတ္တငုတ်လျှိုး

သလို ဖြစ်သွားသည်။ ဒါကို ကိုကိုက အထင်မှားတာ ဖြစ်ပါမည်။

“ကိုကို မယုံရင် သိင်္ဂ ီပြမယ်၊ ကိုကို ပင်ပန်းနေပြီ မဟုတ်လား”

ကိုကို့ကို ပက်လက်လှန်ခိုင်း လိုက်ပြီး သိင်္ဂ ီက အပေါ်တက်နေရာယူလိုက်သည်။ ကိုကို နှင့် သိင်္ဂီ က တ ယောက် တလှည့် ဒီလိုပဲ လုပ်နေကျဖြစ်လို့ ကိုကို ကလည်း သိင်္ဂ ီ့အလိုအတိုင်း ခွင့်ပြုသည်။ အ၀ မှာတေ့ ပြီး ခပ်ဖြေးဖြေးလေး ဖိချလိုက်ရာ တအိအိတနင့်နင့် ခံစားမှုကြောင့် သိင်္ဂ ီ့ မျက်လုံးလေးတွေ မှေးစင်းကျသွား သည်။

“သူများ မနေနိုင်အောင်မောမှ နားမယ် နော် ကိုကို”

ပြုံးမဲ့မဲ့ အမူအရာ နှင့်ကိုကို ခေါင်းညိတ်ပြသည်။ ပေါင်တံ၊ ခါးနှင့် တင်ပါး ကို အချက်ကျကျလှုပ်ရမ်းရင်း သိင်္ဂ ီ့ရင်ထဲသို့ အပျော်တွေပြန်ရောက်လာပြန်သည်။ ဒါသိင်္ဂီ  ချစ်သည့်ယောက်ျား ဖြစ်သည်။ အနည်းဆုံး တော့ အခုအချိန်လေးမှာ သူ့ကိုပျော်ရွှင် ကျေနပ်စေရင်း သိင်္ဂ ီလည်းပျော်နေမိ၏။ ထို့ကြောင့် တစထက် တစ မောလာသည်ကိုပင် ဂရုမထားနိုင်တော့။ ကိုယ်ထဲက သွေးတွေ ပွက်ပွက်ဆူနေတာကိုပဲ သိင်္ဂ ီသိတော့သည်။

“ကိုကို မနက်မှပြန်ရမယ်နော်”

ကိုကို့ပါးပြင်ကို လက်နှင့် ပွတ်ရင်းပြောမိသည်။

“သိင်္ဂ ီမောပြီလား”

“အင်း …ဒါပေမယ့်ရသေးတယ်”

တကယ်လည်း သိင်္ဂ ီမရပ်ချင်ပါ။ သိင်္ဂ ီ့ တကိုယ်လုံးမှာ လိုအင်တခုကြောင့် မခံမရပ် နိုင်အောင်ဖြစ်နေရသည်။ထိုလိုအပ်ချက်ကလည်း မကြာမှီပြည့်တော့မှာ ကိုသိနေသည်။ ယိမ်းထိုးနေသော သိင်္ဂ ီ့ကိုယ်လေးကို ကိုကို က သူ့လက်မောင်းကြီးတွေ နှင့်လိုက်ထိန်းပေးနေရ၏။ ထိန်းပေးသည့် ကိုကို့လက်မောင်းတွေကိုပင် အား ယူ ဆုပ်ကိုင် ပြီး သိင်္ဂ ီစိတ်ထင်တိုင်းကျဲမိသည်။ မွေ့ယာပေါ်မှာ ထောက်ထားသည့် ခြေဖျားလေးတွေ ထုံကျဉ်လာသည် အထိသိင်္ဂ ီအားစိုက်၏။ ပါးစပ်က တအီအီ ညည်းသံလေးတွေထဲမှာ မောသံတွေစွတ်လာသော်လည်း ဂရုမထားမိတော့ပါ။ သိင်္ဂ ီလိုချင်တာ တခု ကိုရအောင်ယူဖို့သာပဲ စိတ်မှာတွေးနေမိသည်။ မနက်ဖြန်ဆိုတာမသေချာ။

ခုလတ်တလော အချိန်မှာသာ လို ချင်တာရနိုင်သည် မဟုတ်လား။ ကိုကို့ တကိုယ်လုံး သိင်္ဂ ီ့ထဲ ဝင်သွားမယ်ဆိုရင်တောင် သိင်္ဂ ီသိနိုင်မှာ မ ဟုတ်တော့ လို့ထင်သည်။

တရိပ်ရိပ် တလွင့်လွင့် နှင့် သိင်္ဂ ီ့ ကို ညှစ်ကိုင်လှုပ်ရမ်းနေသော ခံစားမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်မိသည်။ ခံရခက်သလောက် မိန်းမူးဖွယ်ကောင်းလှသော ဝေဒနာကြောင့် သိင်္ဂီ မချိမဆန့်အော်ညည်း မိသည်။ တပြိုင်နက်ထဲမှမှာပင် လောက၏ အထွဋ်အထိပ်ဆီသို့ ရောက်တော့မည်ကို စိတ်ကသိနေသည်။

“သူများ ပြီးချင်ပြီ၊ ပြီးတော့မယ်”

အသံစာစာလေး နှင့် လှိုက်လှိုက်မက်မက်ပြောရင်း သိင်္ဂီ လေထဲလွင့်သွားသည်။ ထို့နောက် ဒီတိုင်းရပ်တည် နေရန် မစွမ်းတော့ဘဲ ကိုကို့ပေါ်ပြိုလဲကျသွားသည်။ ဒါပေမယ့် သိင်္ဂီ ဒီလောက်နှင့် မရပ်တန့်ချင်သေး။ မကျေ နပ်နိုင်သေးပါ။သိင်္ဂ ီ့လိုပင် မရပ်တန့် နိုင်သေးသော ကိုကိုက လှဲနေရာမှထလာပြီး သိင်္ဂ ီ့ကိုနောက်ပြန်တွန်းလှဲလိုက်သည်။

ဒီလောက်နှင့် ကိုကို ပြီးဆုံးခြင်းတိုင်အောင် မရောက်နိုင်သေးတာကို သိနေသော သိင်္ဂီ ကလည်း ကိုကို့ အလို အတိုင်း ဖြစ်စေနိုင်ဖို့ အသင့်ပြင်ထားလိုက်သည်။ သိင်္ဂ ီ သိသည်။ သိင်္ဂ ီ့ကြောင့် မရိုးမရွ ဖြစ်နေသော ကိုကို ခပ်ကြမ်းကြမ်း ချစ်တော့မှာကိုသိနေသည်။ သိင်္ဂ ီကလည်း ဒါမျိုးမှ ကြိုက်ပါသည်။ ကုတင်ခြေရင်း က အကာ ကို လက်ဖြင့်နောက်ပြန်ကိုင်ရင်း ပေါင်နှစ်ဖက်ကို အစွမ်းကုန်ဖြဲပေးထားလိုက်၏။

ကိုကို့ အသက်ရှုသံပြင်းပြင်း နှင့် မာန်သွင်းသံတွေက လုံခြုံအေးမြသည့် အခန်းထဲမှာ ဘောင်ဘင်ခတ်နေ၏။ မို့မို့ဖောင်းဖောင်း သိင်္ဂ ီ့၏ အောက်ပိုင်းသားတွေ အိကနဲအိကနဲ နိမ့်ဝင်သွားတာကို သိင်္ဂ ီသိနေသည်။ ခက် ထန်သည့် ကိုကို့ခွန်အားကြောင့် သိင်္ဂ ီ့ရင်တွေပြန်လည်ဆူဝေလာရသည်။

“သူများကို အားမနာနဲ့နော်၊ သူများက ကိုကို့အတွက်”

အရှိန်ပြင်းစွာတောက်လောင်နေသည့် မီးတောက်ကို ပိုပြင်းစေရန် သိင်္ဂ ီမီးထိုးပေးနေမိသည်။ ခုလေးတင်က တကြိမ်ပြီးခဲ့တာကို မသိတော့သလို သိင်္ဂ ီတက်ကြွနေမိ၏။ စက်သေနတ် ပစ်သလို တဗျောင်းဗျောင်း ဆောင့် နေသည့် ကိုကို့ဆောင့်ချက်တွေ့နှင့် အပြိုင်အောက်ကနေ ကော့ကာ ကော့ကာတင်ပေးနေမိ၏။ ကိုကို့ဆီက သိင်္ဂ ီရနိုင်သည့် တခုထဲသော အကောင်းဆုံးအရာကို ရနိုင်ဖို့ သိင်္ဂီ ဘာကြောင့်ရှက်ရွံ့နေရမည် နည်း။ ဒီလို အချိန်တွေမှာ ကိုကို နှင့် ပတ်သက်လျှင် သိင်္ဂ ီ့မှာ အရှက်တရားဟူ၍ မရှိတော့ပါ။ အရှက်သာမက တခြား သောစိုးရိမ်ကြောင့်ကြ စရာတွေလည်း အားလုံး အဝေးကို လွင့်စင်ကွယ်ပျောက် ကုန်ပါသည်။

“ကိုကို မပြီးလိုက် နဲ့ဦးနော်။ သူများကိုစောင့် …အား၊ သူများနောက်တခါ ပြီးတော့မယ်”

ကိုကို့ကျောပြင်ကြီးကို တွယ်ဖက်ရင်း စိတ်ထဲရှိတာဖွင့် ပြောလိုက်မိသည်။ ကိုကို့ ပြီးတော့မည်ထင်သည်။ ဆက်တိုက် မရမနားဆောင့်နေ၏။ သိင်္ဂီ တယောက်ထဲ မကျန်ခဲ့ချင်ပါ။ ကိုကိုကလည်း အလိုက်တသိဖြင့် အရှိန်ပြန်နှေးပေးလိုက်သည်။ သိင်္ဂီ ဖက်ထားသည့် ကိုကို့တကိုယ်လုံးမှာ ချွေးတွေနှင့် ရွှဲရွှဲ စိုနေသည်။ အရက် နံ့ နှင့် ချွေးနံ့ရောနေသည့် အနံ့ကို ခုချိန်မှာ နံသည်ဟု သိင်္ဂီ မထင်မိတော့။ ရမ္မက် မီးကို ပိုပြီးလောင်ကျွမ်း စေသည့် ရင်ခုန်ဖွယ်ရာ အနံ့အသက်တခုဖြစ်နေသည်။

“မြန်မြန် ….ကိုကို …မြန်မြန် …သူများ …အား …အ..ပြီးတော့မယ်”

ရင်ထဲက တလှိုက်လှိုက်တက်လာသည့် ခံစားမှုကြောင့် ဖွင့်ဟ တောင်းဆိုလိုက်သော အခါ သူလည်းပြီးချင် နေပုံရသည့် ကိုကိုက အရှိန်ပြန်တင်လိုက်သည်။ အံတင်းတင်း ကြိတ်ထားသည့် ကိုကို လည်တိုင်၊ ပုခုံးနှင့် လက်မောင်း တွေမှာကြွက်သားတွေ အပြိုင်းပြိုင်းထနေပြီး ချွေးကြောင့် မီးရောင်တွင်ပြောင်နေသည်။ တ ကိုယ်လုံးက အားတွေစုပုံထားသည့် ကိုကို့၏ပွဲသိမ်းဆောင့် ချက်တွေက ထိထိမိမိရှိလွန်း၏။ သိင်္ဂ ီ ငြိမ်ငြိမ် နေလို့မရတော့ဘဲ လူးလှိမ့်ကော့ပျံနေမိသည်။ နှစ်ယောက်လုံး တက်ညီလက်ညီရှိလွန်းလှ လို့ အချိန်တို တို လေးနှင့် ရှေ့ဆင့်နောက်ဆင့် ပြီးသွားသည်။ ဘယ်သူက အရင်ပြီးသွားသလဲ ဆိုတာကိုတောင် သိင်္ဂ ီမသိ တော့ပါ။ ဘေးမှာ လှဲလိုက်သည့် ကိုကို့ ကိုသာသိမ်းကျုံးဖက်ထားမိ၏။

ကိုကို မောနေသည်။ သိင်္ဂ ီလည်းမောသည်ပင်။ ကိုကို့ထွက်သက်လေပြင်းပြင်းက သိင်္ဂ ီ့ ဆံစလေးတွေ လွင့် လွင့် ထွက်သွားအောင်ပြင်းသည်။ နိမ့်ချည်မြင့် ချည်လှုပ်ရှားနေသော ကိုကို့ရင်အုံကိုမှီရင်း အတွင်းက ရင်ခုန် သံ ကျယ်ကျယ်ကို နားထောင်ရင်း သိင်္ဂ ီကြည်ကြည်နူးနူးပြုံးလိုက်မိသည်။ ဖြစ်နိုင်ရင် တဘဝလုံး ဒီလိုမျိုးပဲ နေချင်ပါသည်။

တဖြည်းဖြည်း နှင့် ကိုကို့ရင်ခုန်သံက တိုးဖျော့သွားပြီး အသက်ရှုနှုံးလည်း ငြင်သာလာသည်။ ကိုကို အိပ်ပျော်တော့မည် ထင်သည်။

“ဟောတော့”

အခြေအနေ ကိုရိပ်မိသွားပြီးနောက် သိင်္ဂ ီလူလဲ ထလိုက်မိသည်။

“ကိုကို … ကိုကို …ပြန်ထဦး၊ သူများတို့ ဇောက်ထိုးကြီးဖြစ်နေတယ်”

“ဟင်”

အလန့်တကြားထထိုင် လိုက်သည့် ကိုကို့ အမူအရာကို ကြည့်ပြီးသိင်္ဂ ီရယ်မိသည်။

“ခန နေဦး သူများလုပ်ပေးမယ်”

ကုတင်ပေါ်မှာ လူမှန်းမသိအောင် လုပ်ချင်တိုင်းလုပ်ခဲ့ကြ၍ အိပ်ယာတခုလုံး ဗြောင်းဆန်နေသည်။ ခေါင်းအုံး တလုံးက အောက်ကိုကျ နေ၏။ စောင်ကလည်း အပေါ်တပိုင်း အောက်တပိုင်းတင်နေသည်။ ခေါင်းအုံးကို ပြန် ကောက်ပြီးခါလိုက်သည်။ စောင်ကိုတော့ ပြန်ခေါက်ပြီး ခြေရင်းနားမှာပြန်တင်လိုက်၏။

“ကိုကို က အောက်မကျတဲ့ ဟာကိုယူ”

ခေါင်းအုံးကို နေရာပြန်ချပြီး အလိပ်လိပ်တွန့်နေသော အိပ်ယာခင်းကို ပြန်ဖြန့်ရသည်။

“အိပ်ချင်နေပြီ မဟုတ်လား။ ဘယ်လောက်တောင် သောက်လာတယ် မသိဘူး၊ ဟွန်း”

လေးဖက်ကလေး ထောက်၍ အိပ်ယာခင်းကို ပြန်ဖြန့်ရင်း သမင်လည်ပြန်ပြောလိုက်ရာ အရောင်တောက်နေ သော ကိုကို့ မျက်လုံးတွေကိုမြင်လိုက်ရသည်။ ခုနကလို အိပ်ချင်မူးတူးအမူအရာ မရှိတော့။ သိင်္ဂ ီ့နောက်ပိုင်း တင်ပါးနှစ်ဖက်ကြားကို ကိုကို စူးစိုက်ကြည့်နေသည်။ တခြား အချိန်တွေဆိုလျှင်အိန္ဒြေကြီးသလောက် သူဆိုး ပြီဆိုရင်တော့ ကိုကိုတော်တော်ဆိုးပါသည်။ ကိုကို့ အကြည့်ကြောင့် သိင်္ဂ ီ့ ရင်လဲ လှပ်ကနဲပြန်ခုန်လာပြီး နွေးထွေးသည့် အပူလှိုင်းတခု သွေးကြောထဲမှာ ဖြတ်တိုးစီးဆင်းသွား၏။

ခုလေးတင် မီးကုန်ယမ်းကုန်ချစ်ခဲ့ ကြသေးသည်။ ဒါတောင်မှ ကိုကိုကျေနပ်နိုင်သေးပုံမရ။ ရင်ထဲက တငွေ့ ငွေ့ နှင် ပြန်တက်လာသည့် ခံစားမှု ကြောင့် သိင်္ဂ ီ ကိုကို့ ရင်ခွင်ထဲသို့ အရည်ပျော်လဲကျသွားရသည်။ မွတ် သိပ်သော အနမ်းတွေ နှင့် ကိုကိုက ဆီးကြိုနေ၏။ မာမာနွေးနွေး နှင့် ကိုကို့ဟာကြီးက သိင်္ဂ ီ့ ဗိုက်သားနုနုကို ပွတ်တိုက်ကြည်စယ်၏။

အနမ်းတွေကို စိတ်ပါလက်ပါ တုန့်ပြန်ရင်း သိင်္ဂ ီလက်နှင့် ကိုင်ကြည့်လိုက်မိသည်။ အမြင့်ဆုံးအခြေအနေ သို့မရောက်သေးပါ။ မာတော့ ပြန်မာစပြုလာပြီ။ လက်ကလေး နှင့် ဆုပ်ကိုင်ပြီး အထက်အောက် စုန်ချည်ဆန်ချည် လှုပ်ရှားပေးလိုက်သောအခါ နှစ်ဆတိုးလို့ တင်းမာလာပြီး လက် ထဲမှာ ထွားသထက်ထွားပြီး ပြည့်သထက်ပြည့်လာသည်။အနမ်း ရပ်နားချိန်မှာ ကိုကို့ရင်ဘတ်ကိုပုတ်ပြီးသိင်္ဂ ီမောလျလျနှင့် ပြောမိသည်။

“တော်တော် ဆိုးတဲ့ကိုကို၊ တညလုံး မအိပ်တော့ဘူးလား”

“သိင်္ဂ ီအိပ်ချင်လို့လား”

“သူများက တရေးအိပ်ပြီးသား၊ ကိုကိုအိပ်ရေးပျက်မှာ စိုးလို့”

“ကိုယ် မှ မအိပ်ချင်သေးတာ”

“အမယ်၊ ခုနက ဇောက်ထိုးကြီး အိပ်တော့မလို့၊ သူများပြောမှသိတဲ့ သူကများ၊ ဒီက သူ့အတွက် အိပ်ယာပြင် ပေးတာကို သူ့ဖာသာ လာကြည့်ပြီးတော့ ..၊ နင်တော်တော်ဆိုး”

တဆတ်ဆတ်တုန်နေသည့် ထိပ်ဖျားကို လက်နှင့်ပုတ်ပြီးပြောလိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုကို နှင့် နောက်တကြိမ်ထပ်ချစ်ရတော့ မှာမို့ သိင်္ဂ ီကျေနပ်ပါသည်။ မတွေ့ခဲ့ရချိန်တွေ အတွက်အတိုးချပြီး ပြန်ယူ သင့်သည် မဟုတ်ပါလား။

“ဒီလိုပဲ နေလိုက်မယ်နော်”

ခုနက ကိုကိုရင်ခုန်ခဲ့ ရသည့် အနေအထားအတိုင်း သိင်္ဂီ လေးဖက်ကလေးထောက်ပေးလိုက်သည်။ ကိုကို ကလည်း အချိန်မဆိုင်းပါ တင်ပါးဖြူဖြူပြည့်ပြည့် တွေနောက်မှာနေရာယူပြီး သိင်္ဂ ီ့ခါးကို လက်ဖြင့်ကိုင် ကာအားယူထိုးထည့်လိုက်၏။ လတ်တလော အချစ်ရည်တွေ နှင့် စိုနူးနေသောကြောင့် အိကနဲ ညင်ညင်သာသာ နစ်ဝင်သွားသည်။ ခါးကလေးကို ကော့၍ တင်ကို စွင့်နိုင်သမျှစွင့်ပေးထားသည့် သိင်္ဂ ီ့ မျက်လုံးလေးတွေ မှေး စင်းကျသွား၏။

“အား …ကိုကို ရယ်…”

ရင်ထဲက ခံစားချက် ကြောင့် ဖွင့်ဟညည်းလိုက်ပြီး ခုလေးတင်မှ စန့်စန့်ပြန့်ပြန့် ဖြစ်အောင်လုပ်ထားသည့် အိပ်ယာခင်းစကို တင်းတင်းဆွဲလိမ်ကုပ်ထားလိုက်မိ၏။ ခုတကြိမ်မှာတော့ ကိုကို မကြမ်းပါ။ ညင်ညင်သာသာ လေးပဲ အသွင်းအထုတ်လုပ် နေသည်။ ဒုတိယတကြိမ်မှာဆိုလျှင် ကိုကိုက ပိုကြာချင်ကြာတတ်သည်။ ဒါ ကြောင့် ကိုကို ခွန်အားကိုချွေတာနေပုံရ၏။ မလှုပ်မရှားငြိမ်ခံနေရသည့် သိင်္ဂ ီ့ အတွက်ကတော့ မထူးပါ။ ငြိမ် သက်သွားပြီးသော ခံစားချက်လှိုင်းတွေတွေ ပြန်ပြီးယောက်ယက်ခတ်လာ၏။

“အင်း …အင်း …ကိုကို”

ကိုကို့ဆောင့်ချက်တိုင်းမှာ သိင်္ဂ ီ့အော်သံလေးက စည်းချက်မှန်မှန် လိုက်နေမိ၏။ တစထက်တစ ကိုကို့ ဆောင့်ချက်တွေက မြန်လာ၏။ အားလည်းပိုထည့်လာသည်။ မ သဘာဝတရား က သိင်္ဂ ီ့ကိုယ်ထဲမှာ အရည် ပိုရွှဲသွားအောင် ဖန်တီးပေးလိုက်သောအခါ တစွတ်စွတ် အသံတွေပါထွက်လာ၏။ မူလကအတိုင်း အိပ်ယာ ပေါ်မှာ လက်ထောက်မထားနိုင်တော့ မျက်နှာက ခေါင်းအုံးပေါ်မှာအပ်ထားပြီး လက်နှင့် ခေါင်းအုံးကို ကုပ် ခြစ်နေမိသည်။ တင်ပါးကို တော့ ကိုကို့ အတွက်အတတ်နိုင်ဆုံးပင့်တင်ပေးထားသည်။

“သူများ ညောင်းလာပြီကိုကို”

ပုံစံအနေအထား ပြောင်းပြီးဆက်ချစ်ကြသည်။ ဘယ်လိုပုံစံ ဘယ်လိုမျိုးတွေပြောင်းမိကြသည်ကို သိင်္ဂီ  ရေရေရာရာ မသိတော့။ စိတ်လွတ်လက်လွတ်ဖြင့် နေချင်သလိုနေလုပ်ချင် သလိုလုပ်မိသည်။ သိင်္ဂီ ကလည်း အပေါ်ကနေ တလှည့်ပြန်ပြီးတော့လည်း ချစ်ပေးလိုက်၏။ နှစ်ယောက်လုံး စိတ်တိုင်းကျအားရပြီးဆုံး သွား သည့် အခါ ကိုကိုတော့ဘယ်လိုနေမည်

မသိ၊ သိင်္ဂ ီမှာတော့ အားအင်ရှိသမျှ အားလုံးကုန်ဆုံး ပြီး ပျော့ခွေ နုံးသွားတော့သည်။ အရက်သောက်ထားသည့် အပြင် မောလည်းမောပန်းသွားသည့် ကိုကို က ခနချင်း အိပ်ပျော်သွားသော် လည်း တရေးအိပ်ထားသည့် သိင်္ဂ ီက ပင်ပန်းသော်လည်း အိပ်မပျော်ပါ။

မျက်စိကြောင်နေသည်။ ကိုကို့ ရင်ခွင်ထဲမှာ တိုးဝင်မှေးရင်း စိတ်တွေကလွင့်နေ၏။

မေမြို့မှာ နေစဉ်တုန်းက တချို့ညတွေဆို အိပ်လို့မပျော်။ ကိုကို့ကိုလွမ်းသည်။ ကိုကို နှင့် စိတ်တူကိုယ်တူချစ်ချင်တိုင်းချစ်ပြီး အခုလိုမျိုး နွမ်းလျကျေနပ်စွာ အိပ်ပျော်သွားတတ်သည့် အဖြစ်တွေကိုတမ်းတ သတိရ ၏။ ဖြစ်နိုင်လျှင် ချက်ချင်းပြန်ပြေးလာချင်၏။ ဒါပေမယ့် မမမျက်နှာ၊ မမအကြည့် နှင့် အပြောအဆိုတွေကိုပြန်မြင်ယောင်မိလျှင် ရင်နာနာနှင့် ပြန်ချင် စိတ်ကို မျိုသိပ်ရ၏။

နောက်ပြီးတော့ ဒေါ်တင်မမ နှင့် သူမ၏ သမီးမော်ဒယ်ပေါက်စ ကလေး၏ မချိုမချဉ် မထိတထိ မျက်နှာထား များ။ မမကသာ အလှူငွေ လက်ကျန်ကို ဘဏ်ကထုတ်ပြီးသွားပေး လိုက်ပါဟု မခိုင်းလျှင် ဒီလိုမျိုးခံစားမှုတွေ သိင်္ဂီ ခံစားရမှာ မဟုတ်။ မမ တမင်မသိသားဆိုးဝါးတာလား၊ ဒါမှမဟုတ် ရိုးသားစွာ ခိုင်းခြင်းမျိုးလား ဆိုတာ ဒီနေ့ထိထက်တိုင် သိင်္ဂီ ဝေခွဲ ကြည့်လို့ မရေနိုင်သေးပါ။

အဲဒီနေ့က လက်ကျန်ငွေငါးသိန်းကို ဘဏ်ကထုတ်ပြီးသွားပေးသည်။ ရန်ကင်းက တိုက်ခန်းတခုဆီသို့ ခက် ခက်ခဲခဲ ရှာဖွေပြီးရောက်သွားချိန်တွင် ဒေါ်တင်မမ တယောက်ထဲ ရှိနေသည်။ သိင်္ဂ ီကငွေလာပို့ ကြောင်း ပြော သည့် အခါဒေါ်တင်မမ က သာဓုတွေ အကြိမ်ကြိမ်ခေါ်၏။ ချက်ချင်း ပြန်ဖို့ ဖြစ်ပေမယ့် ဒေါ်တင်မမ က အတင်း အအေးတိုက်သည့် အတွက် အားနာပြီး ဆက်ထိုင်နေရသည်။

“အခု ငါးသိန်း နဲ့ ဟိုနေ့က သုံးသိန်း ဆိုတော့ မသူဇာ က ရှစ်သိန်းပေါ့၊ ကဗ္ဗည်း ဘယ်လိုထိုးပေးရမှာလဲ”

“အဲဒါတော့ မမ ကိုပဲမေးကြည့်မှ သိမယ်၊ သူက ဘယ်လိုလုပ်စေချင်တာမသိဘူးလေ ကျွန်မ ကလည်း လာ ပို့ပါဆိုလို့လာရတာ”

“နေဦး နေဦး၊ အကြမ်းရေးလိုက်ဦးမယ်၊ ဒေါ်သူဇာ မိသားစု၊ ဟုတ်ပေါင်၊ မသူဇာခင်ပွန်း နာမည်က ဘယ်သူ”

“ဦးအောင်ဘညို ပါရှင့်”

“ဟုတ်ပြီ၊ ဒါဆိုလဲ ဦးအောင်ဘညို ဒေါ်သူဇာ မိသားစုပေါ့နော်”

“မမနာမည် ရင်းက မြတ်သူဇာ ရှင့်၊ ဒါပေမယ့် လူတိုင်းက သူဇာပဲ ခေါ်ကြတယ်”

“အော်၊ ဒါဆို မသိင်္ဂ ီက ရော”

“ကျွန်မ က မြတ်သိင်္ဂ ီပါ၊ ဒါပေမယ့် သိင်္ဂ ီလို့ပဲသိကြတယ်လေ”

ဒေါ်တင်မမ က စာရွက်လေးတရွက်ယူပြီး ရေးမှတ်နေသည်။

“မသိင်္ဂ ီလည်း လှူပါဦးလား”

“ကျွန်မ နဲ့ မမ က တစီးပွားထဲပဲလေ၊ မမလှူတော့ ကျွန်မလဲပါတာပေါ့၊ ဟင်း ဟင်း”

သိင်္ဂ ီတွန့်တိုတတ်သူမဟုတ်ပါ။ စေတနာ သဒ္ဒါပေါက်လျှင် ဘယ်လောက်ကုန်ကုန် လှူဖို့ အသင့်ဖြစ်သည်။ ဒါ ပေမယ့် ဒေါ်တင်မမ ကိုတော့ စိတ်ကသိပ်မကြည်ချင်သည့် အတွက် မမနှင့်ရောချလိုက်သည်။

“မမ ထပ်လှူရင် လည်း ကျွန်မ ပါဦးမှာပဲလေ”

ဒေါ်တင်မမ ပြုံးသည် ထိုအပြုံးကို သိင်္ဂ ီသဘောမကျပါ။

“လှူကြပါရှင်၊ လှူကြပါ၊ ပေါတဲ့ များတဲ့ သူတွေလှူမှ သာသနာဒီထက်ပိုထွန်းကားမှာ၊ ကျွန်မ တို့ကတော့ ဝန် ထမ်းမိသားစု ဆိုတော့ ဝေယျာဝစ္စကုသိုလ်ပေါ့၊ နိဗ္ဗာန်ဆော် ပေါ့လေ၊

ကိုယ်မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့ သူတွေ လှူချင်စိတ်ပေါက်လာအောင် ဆော်သြတိုက်တွန်း ပြီး ကုသိုလ်ယူနေရတာပဲ”

“ဒါကလဲ အလှူတမျိုးပါပဲ ဒေါ်တင်မမရယ်၊ လိုအပ်ရင် ထပ်လှူဖို့ မမကိုပြောလိုက်ပါမယ်”

“မသိင်္ဂ ီလဲပါမှာပေါ့၊ တစီးပွားထဲ ဆိုတော့ ဟဲဟဲ”

“ဟုတ်ကဲ့ရှင့်”

 “ဒါနဲ့ တစီးပွားထဲ ဆိုလို့ ဟိုတခါတုန်းက ဟိုတယ်မှာ မသိင်္ဂ ီနဲ့ တွေ့တဲ့ အမျိုးသားက မသူဇာ ခင်ပွန်း ဦး အောင်ဘညို မဟုတ်လား”

သိင်္ဂ ီ့မျက်နှာကို ဖြတ်ရိုတ်ချလိုက်သလို နောက်ကို ယိုင်သွားသည်။ ခြေဖျားလက်ဖျားတွေ တုန်ရီလာပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိအောင်ဖြစ်ရသည်။ ကယောင်ကတန်း နှင့်ထိုင်နေရာက ထရပ်လိုက်ပြီး

“သွား …သွား …လိုက်ပါ ဦးမယ်”

အခန်းထဲက ဘယ်လိုထွက်လာပြီး လှေခါးတွေဘယ်လိုဆင်းခဲ့သည် ဆိုတာကိုတောင် မမှတ်မိတော့။ ရုံးကို လည်း ပြန်မသွားချင်။ အိမ်ပြန်ချင်စိတ်လည်း မရှိ။ အင်းလျား ကန်ဘောင်က ခုံတလုံးမှာ အချိန်အကြာကြီး သွားထိုင်နေမိသည်။ သိင်္ဂ ီ့ရှေ့မှာ ရေပြင်ကြီးရှိသည်။ ဒါပေမယ့် ရေပြင်ကို သိင်္ဂ ီမမြင်ပါ။ အရာအားလုံးသည် သိင်္ဂ ီ၏စိတ်လိုပင် နောက်ကျိရှုပ်ထွေးနေသည်။

 အနားမှာ လာထိုင်သူတွေ၊ ဖြတ်လျှောက်သွားကြသည့် စုံတွဲ တွေ၊ ကောင်းကင်ထက်မှာ ပူလောင်တောက်ပနေသည့် နေရောင်ခြည်၊ အားလုံးသည် သိင်္ဂီ နှင့် သတ်သတ် စီလို ဖြစ်နေကြသည်။ ချောချောလှလှ နှင့် သားသားနားနား အမျိုးသမီးတယောက် ကန်ဘောင်မှာ တယောက်ထဲလာထိုင်နေသည် ကို ပတ်ဝန်းကျင်ကလည်း သို့လောသို့လော တွေးကြမည်ပင်။

သိင်္ဂ ီ့၏ ရုပ်ရည်နှင့် အဆင်အပြင်ကြောင့် မ ဟုတ် မဟတ်တော့ တွေးမိကြမည် မဟုတ်။ လူတိုင်း သတိထားမိလောက်အောင် လှသည့် မိန်းမသည်ဘာ ကြောင့် ခုလိုလာထိုင်နေသည်ကို ကြည့်မြင်သူတိုင်း ထင်ကြေးတမျိုးတော့ အနည်းဆုံးတွေးမိကြပေမည်။ဒါကို သိင်္ဂ ီ နောက်ပိုင်းမှ ပြန်တွေးမိသည်။ အဲဒီအချိန်မှာတော့ သိင်္ဂ ီဘာဆိုဘာမှ မသိ။

မဆုံးနိုင်သည့် အ တွေးတွေထဲမှာ နစ်မြုပ်နေခဲ့သည်။

တကယ်ဆိုရင် တခုခုတော့ ပြေရာပြေကြောင်း ပြန်ပြောခဲ့ဖို့ကောင်းသည်ဟုထင်သည်။ သို့သော် ဒေါ်တင် မမ မြင်ခဲ့ရသည့် မြင်ကွင်းအတွက် ဆင်ခြေဆိုတာ ရှားလွန်းသည်။ ဆင်သေ ကောင်ပေါ်တွင် ဆိတ်သားရေ တ ချပ် သွားတင်သလိုသာရှိလိမ့်မည်။

“တစီးပွားထဲ ဆိုလို့ ဟိုတခါတုန်းက ဟိုတယ်မှာ မသိင်္ဂ ီနဲ့ တွေ့တဲ့ အမျိုးသားက ….” တဲ့။ 

ပေါ့ပေါ့ ပါးပါးဖြင့် အမှတ်တမဲ့ လိုပြောလိုက်သည့် စကားမှာ သိင်္ဂ ီ့ရင်ကို ကုပ်ခြစ်ဆွဲမည့် နောက်ကွယ် အနက်နှင့် ဆူးချိတ် တွေ အပြည့်ပါသည်။ သိင်္ဂ ီတို့ ညီအမ က တလင်ထဲမယားတွေဟု မပြောသော်လည်း ပြောလိုက်သလိုပင်။ မမကို များ ဒေါ်တင်မမ  ပြော လိုက်လေပြီလား ဟု ပြန်ဆန်းစစ်ကြည့် နေမိသည်။ မမ၏ ဆက်ဆံပုံအချိုးတွေ ပြောင်း နေသည်ကတော့ အမှန်ပင်။ ဒါပေမယ့် သိင်္ဂ ီသာမက တအိမ်သားလုံးအပေါ်မှာပါ အနိုင်ယူ ဆက်ဆံ နေတာ တွေလည်း ရှိလို့ တွေးရခက်သည်။ ကိုကို နှင့် ပတ်သက်ပြီး သိင်္ဂ ီ့အပေါ် မကျေလည်သည့် ဟန်ပန်လုံး၀ မရှိ။

တခါတလေ သူ့ ကိစ္စ ရှိလို့ ရုံးမသွားရင်တောင်မှ ကိစ္စပြီးတာနှင့် ရုံး ကို သွားခိုင်းတတ်သည်။ ဒေါ်တင်မမ အနေဖြင့်လည်း ခင်ပွန်းသည်၏ ရာထူးဂုဏ်သိန် အရ သိက္ခာကို ထိန်းသောအား ဖြင့် သူတဖက် သားကို ချောက်ချသည့် လုပ်ရပ်မျိုးတော့ လုပ်မည်မထင်။ ဒါပေမယ့် ငါသိပါတယ် ဆိုသည့်ပုံစံမျိုး ဖြင့် သူတို့ သားအမိ၏ အကြည့်တွေကို သိင်္ဂ ီမကြိုက်ပါ။

သိင်္ဂ ီ့ဖက်က ကိုကို့ကို ဘယ်လောက်ချစ်လို့ လိုက်လျောပါသည် ပြောပြော ဒါက အများသာမြင်သိခဲ့ လျှင် လူမှုရေးဖေါက်ပြန်မှု တခုအဖြစ်လွယ်ကူစွာ ကောက်ချက်ချမည့် အဖြစ် မျိုးဖြစ်သည်။ သိင်္ဂ ီက လွတ်လပ် သည့် မိန်းကလေးဖြစ်၍ အကြောင်းမဟုတ်လို့ပဲထားစေဦးတော့ သူ့သိက္ခာကို အလွန်တန်ဖိုးထားသော၊ အများ အမြင်မှာလည်း စာရိတ္တကောင်းမွန်ခိုင်ခံ့သူ၊ လူကြီးလူကောင်း ပီသသူ အဖြစ်ရှိနေသည့် ကိုကို က တော့ သိင်္ဂ ီတို့ အကြောင်းကို အပြင်လူက သိနေသည်ဆိုလျှင် ငယ်ထိပ်ကိုမြွေပေါက်သလို ဖြစ်တော့ မည်ပင်။

ကိုကို အရမ်းရှက်သွား မှာသေချာ၏။ ကံကောင်းတာ တခုက ကိုကို နှင့် ဒေါ်တင်မမ တိုက်ရိုတ်ပတ်သက်မနေခြင်းပင်။ ကိုကို့ကို သွားမေးလျှင် ဒေါ်တင်မမ ကို နာမည်တောင်ကြားဖူးမှာ မဟုတ်တာသေချာ၏။ ဟိုတယ် အိမ်သာရှေ့မှာ ဒေါ်တင်မမ တွေ့ သွားတုန်းက ကိုကို မူးနေသည့် အပြင် ဒေါ်တင်မမကို သူလည်းမသိ၊ သိသည့် အသိုင်းအဝိုင်းကလည်း မ ဟုတ်ဟု တွက်ဆပြီး ကိုကို အေးအေး နေနေခြင်းဖြစ်သည်။ မမ၏ မိတ်ဆွေဆိုတာသာ ကိုကို သိလျှင်ခက် တော့မည်။

ခုတော့ သိင်္ဂ ီအိမ်ပြန်ဖို့တောင် မရဲသလိုဖြစ်နေသည်။ ကိုကို့မျက်နှာကို လည်းကြည့်ဖို့ မရဲပါ။ ဘာမှ မသိရှာ သည့် ကိုကို့ကို ကြည့်ပြီးသိင်္ဂ ီရင်နာရမည်မှာ အမှန်ဖြစ်၏။ အေးအေး သာဖုန်းလှမ်း မဆက်လျှင် သိင်္ဂီ ဘယ် အချိန်ထိ ဆက်ထိုင်နေမိဦးမည် မသိ။ ညနေပိုင်း သွားစရာတခု အတွက်သိင်္ဂ ီရောက်မလာသေး၍ အေးအေး လှမ်းမေးခြင်း ဖြစ်သည်။ အေးအေးကို သွားလိုက်ဟု ပြောချင်သော်လည်း အေးအေး နှင့် မပြီးမှန်း သိနေရာမလာချင်လာချင် နှင့် ရုံးကိုပြန်လာပြီးအေးအေး ကိုခေါ်ကာချက်ချင်း ပြန်ထွက်ရသည်။ ကိုကို လည်းမရှိဘဲ အပြင်သွားနေလို့ သိင်္ဂ ီမျက်နှာပူသက်သာရသည်။

ညနေဖက်မှာ အိမ်ပြန်ရောက်တော့လည်း မမဆီသွားဖို့ တွန့်နေသည်။ နောက်ဆုံးမထူးဟု သဘောထားပြီး စိတ်ကို အတည်ငြိမ်ဆုံးထိန်း၍ မမရှေ့ကို သွားလိုက်သည်။ မမ အမူအရာ က ဘာမှမထူးခြားသလိုပင်။ အရင် နေ့တွေက အတိုင်းပုံမှန်ရှိ၏။

“ငါစိတ်ထင်နေလို့ ဖြစ်မှာပါလေ”

ကိုယ့်ကိုယ်ကိုဖြေသိမ့်ပြီး အရင်လို နေနိုင်ဖို့ သိင်္ဂ ီကြိုးစားသည်။ မမ၏ အပြောတိုင်း၊ အကြည့်တိုင်းကို လိုက်ပြီး ဘာသာမပြန်မိဖို့ အားထုတ်၏။ လွယ်တော့ မလွယ် တပတ်လောက်ကြာမှ စိတ်အေးလက်အေး ဆက်ဆံ နိုင်သည့် အခြေအနေကိုရောက်၏။ ကိုကို နှင့်တော့ ပိုပြီးဝေးကွာသွားသလို စိတ်မှာခံစားရသည်။မမ ကိုယ်ဝန်နှင့် ပြန်လာပြီးကထဲက မမရှိနေတာကို စိတ်မလုံ၍ ကိုကိုနှင့် ခပ်ခွာခွာ နေမိသည်။ အခုလို ဒေါ် တင်မမ ကိစ္စပေါ်လာတော့ ပိုပြီး ရှောင်ဖယ်ဖြစ်သည်။ ကိုကို နားမလည်နိုင်ဖြစ်နေတာ ကို သိင်္ဂ ီသိပါသည်။

ဒါပေမယ့် ရှင်းလဲရှင်း မနေချင်တော့။ ကိုကို့ကို အားနာနာ နှင့်ပဲ နေလိုက်ရသည်။ ဒီလို နှင့်ရက်တွေကြာလာတော့ သိင်္ဂ ီတို့ လျှို့ဝှက်ချက်ပေါက်ကြားမှုသည် တည်ငြိမ်ပြီးဆုံးသွားပြီဟု ထင်မိ ၏။ ဒေါ်တင်မမ လည်းနောက်ထပ်ရောက်မလာ။ သို့သော်လည်း နောက် တကြိမ်နှောက် သလိုအဖြစ်တခု ပေါ် လာသည်။ ဒီတခါတော့ ဒေါ်တင်မမ မဟုတ်၊ ဒေါ်တင်မမ၏ သမီး မော်ဒယ်မလေး ဖြစ်သည်။

ရှော့ပင်း မောလ် တခုမှာ ပြန်တွေ့တော့ လာနှုတ်ဆက်သည့် ကောင်မလေးကို သိင်္ဂီ မမှတ်မိ။ ထုံးစံ အတိုင်း တင်ပါးဖုံးရုံစကပ်၊ ရင်သားမပေါ့် တပေါ်အင်္ကျ ီကြပ်ကြပ်ဝတ်ထားသည့် ကောင်မလေးက ဒေါ်တင်မမ၏ သမီး ပါဆိုတော့ မှ သိင်္ဂီ မှတ်မိသည်။

“ညီမလေး အမေ မပါဘူးလား”

“မပါဘူး၊ ဖေဖေ့ ဆီလိုက်သွားတယ်၊ ဖေဖေ ကနေပြည်တော်မှာလေ”

“သူငယ်ချင်းတွေ နဲ့လာတာလား”

“ဟုတ်ကဲ့၊ မမ ကို အစောကြီးထဲက တွေ့တယ်၊ ကားပါကင် ဒီဖက်နားမှာရပ်နေတာလေ”

“အော် သူငယ်ချင်း နဲ့ စကားပြောနေတာ”

“သူငယ်ချင်းလား၊ အဲဒါ နတ်သမီးအလှကုန် က အမ်ဒီ မချိုချို မဟုတ်လား”

“ဟုတ်တယ်”

“မမ နဲ့တော်တော် ခင်လား”

“ခင်ပါတယ်၊ ဘာဖြစ်လို့လဲ”

မချိုချိုု ယောက်ျားက သိင်္ဂီ ၏ ခင်ပွန်းဟောင်း ကိုမျိုးနှင့် ညီအကိုဝမ်းကွဲတွေဖြစ်ကြောင်းတော့ ပြောမနေ တော့ပါ။

“ဒါဆို အကူအညီ တခုတောင်းချင်လို့၊ မမ အချိန်ရလား”

သိင်္ဂ ီလည်း အားနေသည်။ နောက်ပြီး ဒီကလေးမ ဘာအကူအညီတောင်း မည်ဆိုတာကိုလည်း သိချင်၍သဘောတူလိုက်သည်။ သူ့ အမေလို ဘုန်းကြီးကျောင်း အတွက်အလှုခံမှာတော့ မဟုတ်တန်ရာပါ။

“အားပါတယ် ပြောလေ”

“ကော်ဖီ ဆိုင်သွားရအောင် မမရယ်”


အပိုင်း (၁၇) ဆက်ရန် >>>>

Print Friendly and PDF

No comments:

Post a Comment