Sunday, June 23, 2024

ဘုံစံနန်း အပိုင်း ( ၁ )

ဘုံစံနန်း အပိုင်း ( ၁ )

ရေးသားသူ - ကိုဇန်

အခန်း ( ၁ )

“ ဆေးလိပ်နံ့ ခံနိုင်လား ”

“ ရတယ် .. သောက်ပါ ”

“ အိုကေ .. ”

ဆေးလိပ်ကို မီးညှိလိုက်ပြီး ခပ်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။

“ ကျုပ် ပြောမှာတွေက မိန်းကလေးတစ်ယောက်အတွက် အဆင်ပြေပါ့မလား ”

“ ရှင် ကျွန်မကို ပွင့်ပွင့်လင်းလင်း အားလုံး ပြောပြလို့ရပါတယ် ”

“ သေချာလို့လား။ ကျုပ် ပြောမှာက မင်းအတွက် နားထောင်ရ အဆင်မပြေတာတွေ များမယ်နော် ”

“ ရတယ် .. ပြောမှာသာပြောပါ။ ကျွန်မကို မိန်းမ တစ်ယောက်လို့မမြင်ပဲ ရှင့်ကို လာဗျူးနေတဲ့ လူတစ်ယောက်အဖြစ်ပဲ မြင်လိုက်ပါ ”

“ အိုကေလ .. ဒါဆို စ ကြတာပေါ့ ”

မေဘယ်လ် က သူ့လက်ထဲမှ အသံသွင်းစက်ကို ခလုတ်နှိပ်ပြီး အသံ စ ဖမ်းလိုက်သည်။

“ အရင်ဆုံး ရှင့် ငယ်ဘဝကို ရှင် မှတ်မိသလောက်နေ စ ပြောရအောင်လား  ”

“ အင်း .. ငယ်ဘ၀ .. ငယ်ဘ၀ .. ကောင်းပြီလေ။ ဒါဆို ငယ်ဘဝက စကြတာပေါ့ ”

ရှေ့မှာရှိနေတဲ့ စားပွဲခုံပေါ်ကို လက်တောက်လိုက်ပြီး ပါးစပ်ကနေ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။

....................

မြင်ကွင်းမှာ အရာအားလုံး ဝေဝါးနေသည်။ အဆက်မပြတ် ကျဆင်းနေတဲ့ နှင်းမိုးများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင် အတိ ဖြစ်နေသည်။

နှင်းမိုးများကြားတွင် တစ်လှမ်းခြင်း ရွေ့လျားနေသော အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် ကြီးမားသော သစ်တစ်ပင်အောက် ရောက်သောအခါ သစ်ပင်ကို သေချာ မော့ကြည့်လိုက်ပြီး လက်ထဲမှ ပွေ့ချီထားတဲ့ ခြင်းတောင်းတစ်ခုကို သစ်ပင်ခြေရင်း နှင်းမိုးများ မကျနိုင်သော နေရာတစ်ခုတွင်

ဖြေးညှင်းစွာ ချလိုက်သည်။ သူမ ခဏတာ ငြိမ်သက်ကာ ချထားသော ခြင်းတောင်းကို ငေးကြည့်နေသည်။ မကြာခင်မှာပဲ သူမသည် သစ်ပင်ကြီးဆီကနေ ထွက်ခွာသွားတော့သည်။ သူမ၏ နောက်ကျောဘက်တွင် တဆာဆာ အော်ဟစ် ငိုကြွေးနေသော ကလေးငိုသံ။ သူမသည် ထိုအသံကို မကြားချင်ယောင် ဆောင်ကာ သစ်ပင်နဲ့ အဝေးဆုံး အရပ်ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားတော့သည်။

တဆာဆာ အော်ဟစ်ငိုကြွေးနေတဲ့ ကလေးငိုသံ သဲ့သဲ့ ကြားလိုက်ရသောကြောင့် အေးရီ သစ်ပင်ရှိရာကို ထွက်လာခဲ့သည်။ သစ်ပင်အောက်ကိုရောက်တော့ ဈေးဝယ်ခြင်း တစ်ခုထဲမှာ အနှီးအထပ်ထပ်ဖြင့် တင်းကြပ်စွာ ထုပ်ထားသော မွေးကင်းစ ကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နှင်းမိုးများ သည်းနေသောကြောင့် လူသွားလူလာ မရှိပေ။ ခြင်းတောင်းကို ကောက်ယူလိုက်ပြီး အထဲမှာရှိတဲ့ ကလေးကို သေချာ ကြည့်လိုက်သည်။ ကလေးက နို့ဆာနေလေပြီ။

“ ဟင်း .. မလိုချင်လို့ စွန့်ပစ်သွားတာပဲ။ နင့်အတွက်တော့ ဒီနေ့ဟာ ကံကောင်းတယ် ပြောလို့ရသလို ကံဆိုးတယ်ဆိုလဲ ဟုတ်တယ်။ ကံကောင်းတာက လူသွားလူလာ နည်းတဲ့ ဒီလိုနေရာမှာ ငါနဲ့တွေ့လို့ နင် အသက်ရှင်မယ်။ ကံဆိုးတာက နင့်ကိုတွေ့ခဲ့တာ ငါဖြစ်နေလို့ပဲ။ ဟား .. ဟုတ်တယ် ကလေးရေ .. ငါက နင့်ကို အလကား မွေးစားမှာမဟုတ်ဘူး။ ခိုင်းစားမှာဟဲ့ .. ခိုင်းစားမှာ .. ဟား ... ”

အေးရီက ခြင်းတောင်းကို လက်မှာ ပိုက်ပြီး သစ်ပင်အောက်ကနေ ထွက်ခွာခဲ့သည်။

လောကကြီးအကြောင်း ဘာမှ မသိရှာသေးတဲ့ ကလေးငယ်ကတော့ အော်ဟစ်ငိုကြွေးရင်း အေးရီ ခေါ်ဆောင်ရာသို့ လိုက်ပါသွားတော့သည်။

...................

သက္ကရာဇ် ( ၂၀၂၂) ခုနှစ်။ Rango City ( ရန်ဂိုမြို့ )

ရန်ဂိုမြို့ဟာ တစ်နိုင်ငံလုံးရဲ့ အလည်ဗဟိုမှာ တည်ရှိပါတယ်။ ကုန်းလမ်း ရေလမ်း အများဆုံး ဆုံရာမြို့ဖြစ်လို့ စီးပွားရေး အချက်ချာ အကျဆုံး မြို့အဖြစ် သတ်မှတ်ခံထားရတဲ့ ပထမ မြို့တော်ကြီးဖြစ်သည်။ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ နေထိုင်ကြပြီး မြို့ပြအင်္ဂါနဲ့အညီ လူတန်းစား ပေါင်းစုံရှိကာ တစ်နိုင်ငံလုံးရဲ့ အချမ်းသာဆုံး နဲ့ အဆင်းရဲဆုံး လူများ စုဝေးနေထိုင်ရာ မြို့တော်ကြီးဖြစ်ပါသည်။ နံနက်ခင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေးဆိုင်ရာ ရွှတ်ဖတ်သံများ ကြားရပြီး နေ့ခင်းမှာတော့ ကားသံ၊ ဆိုင်ကယ်သံ တညံညံဖြင့် ရည်ရွယ်ချက်ကိုယ်စီ လှုပ်ရှား ရုန်းကန်နေသူများကို မြင်တွေ့ရမှာဖြစ်ပါတယ်။

လမိုက်ညတစ်ည။

ရန်ဂိုမြို့ကြီးရဲ့ အထင်ကရ လမ်းမကြီးများမှာ လင်းထိန်နေသော ဓါတ်တိုင်များကြောင့် လမ်းတစ်လျှောက်လုံး အထင်းသား မြင်နေရပါတယ်။

ည (၁၀) နာရီကျော်ပြီမို့ မြို့ထဲတွင် လူသွားလူလာ နည်းပါးသွားပြီး အထီးကျန်နေသော လမ်းမများဖြင့် ညအချိန်ခါက ခြောက်ခြားစွာ တိတ်ဆိတ်နေသည်။

မြို့ပြနှင့် မလှမ်းမကမ်း မြို့အစွန် တစ်နေရာမှာတော့ လမ်းမီးများ မရှိသောကြောင့် လူလူချင်း မြင်ရင်တောင် ဘယ်သူမှန်း ဝေခွဲမရတဲ့အထိ ညက မှောင်မိုက်လွန်းနေသည်။ ဓနိတဲ ပုံသဏ္ဍန် ဖြစ်သလိုဆောက်ထားသော ယိုင်နဲ့နဲ့ တဲအိမ်လေးများ တန်းစီ နေသော ရပ်ကွက်တစ်ခု။ ထို ရပ်ကွက်ကို မြို့ထဲကလူတွေကတော့ “ ကျူး ” ရပ်ကွက်လို့ ခေါ်ကြသည်။ ရပ်ကွက်ထဲမှ လူများကတော့ သူတို့ရပ်ကွက်ကို “ ဘုံစံနန်း ” ရပ်ကွက်ဟု အမည်ပေးထားလေသည်။

လေပြင်းတစ်ချက် တိုက်လိုက်သည်။ အမှိုက်များ လေထဲမှာ ဝှေ့ကာ အပေါ်ကို တက်သွားသည်။ ကောင်းကင်တစ်ခုလုံး နီရဲ မဲမှောင်နေသည်။

မကြာခင် မိုး သည်းထန်စွာ ရွာတော့မည်။ ဘုံစံနန်း ရပ်ကွက်တစ်ခုလုံး တိတ်ဆိတ်နေကာ အမှောင်ထုက နေရာအနှံ့ စိုးမိုးထားလေသည်။

ဂျိန်း ... ဒုန်း ... ဂျလိန်း ..

မိုးချိန်းသံများ ထွက်ပေါ်လာသည်။ လေပြင်းများလဲ ခပ်စိတ်စိတ် တိုက်လာသည်။ ဘုံစံနန်း ရပ်ကွက်၏ တစ်ခုသော တဲအိမ် တစ်လုံးတွင် မှိုင်းပြပြ ဖယောင်းတိုင်မီး ခပ်သဲ့သဲ့ လင်းနေသည်။ တဲအိမ်ရှေ့ရှိ လှေကား တစက်မြိတ် အောက်တွင် ခပ်ညစ်ညစ် ဆွတ်ကျယ် အဖြူကို ဝတ်ဆင်ထားတဲ့ (၁၃)နှစ် အရွယ် ကောင်လေးတစ်ယောက် ထိုင်နေသည်။ ကောင်လေးက တစ်နေရာတည်းကို စိုက်ကြည့်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ လေပြင်းနဲ့အတူ မိုးစက်များ တွဲပါလာသည်။ မျက်နှာပေါ်ကို မိုးစက်များ လာပက်နေသည်ကိုပင် တစ်ချက်ကလေးမှ ဂရုမစိုက်ပဲ မတုန်မလှုပ် ကျောက်ရုပ်တစ်ခုလို ငြိမ်သက်နေသော ကောင်လေးတစ်ယောက်။

ဂျလိန်း .. ဂျိန်း ... 

မိုးချိန်းသံ အကျယ်ကြီး ထွက်လာတော့ ကောင်လေး တစ်ချက်တွန့်သွားသည်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ဖြာကနဲ ထွက်ပေါ်လာတဲ့ လျှပ်စီး ကြောင်းကို မြင်လိုက်တော့ နောက်တစ်ချက် တွန့်သွားပြန်သည်။ မိုးက တဖြေးဖြေး သည်းလာသည်။ ကောင်လေးရဲ့ ကိုယ်တစ်ခြမ်းမှာ မိုးရေများ စတင် ရွှဲလာသည်။ သို့ပေမယ့် ကောင်လေးမှာ ထိုင်ရာကနေ မထသေး။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမြဲ။

“ မဲကြီး .. နင် ငါ့ကို သေအောင် သတ်နေတာလား။ လူလို မလိုးဘူး။ စောက်ချီးစားကြီး .. အာ့ ... အမလေး .. ”

“ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်ခံစမ်း ဖေလိုးမ။ နင့်ကို ပိုက်ဆံပေးပြီး လိုးနေတာ။ အလကား လိုးနေတာ မဟုတ်ဘူး။  အင့် .. အင့် ... ကြိုက်လား ဖေလိုးမ .. ငါလိုးတာ ကြိုက်လား။ အင့်ဟာ .. အင့် .. နင့် စောက်ပါးစပ်ကို ပိတ်ထားစမ်း။ ”

“ အာ့ .. အား .. အမေ့။ စောက်ချီးစားကြီး လိုးလိုး .. မြန်မြန်လိုးပြီး မြန်မြန် ပြီးတော့။ အမယ်လေး .. ကျွတ် .. ကျွတ် ... အမေ့ .. သေပါပြီ ...  ”

“ မသာမ ငါ့ဘာသာ ပြီးချင်တဲ့ချိန် ပြီးမယ် .. နင့်စောက်ပူမပါဘူး။ ဖေလိုးမ ခံလို့ကောင်းရဲ့သားနဲ့။ အင့်ဟာ .. အင့် .. နင့်စောက်ပါးစပ် ပိတ်ထားရင် ငါ ပြီးပေးမယ်။ အင့် .. ကြိုက်လား .. အာရုံ လာမနောက်နဲ့ ..ဖေလိုးမ .. ဖာသည်မ။ ကောင်းလား ငါ့လီးကို ကြိုက်လား .. အင့်ဟာ .. အင့် .. ”

ကြားနေတဲ့ အသံတွေကို ဆက်မကြားချင်တော့လို့ ကောင်လေး လက်နှစ်ဖက်ကို နားမှာအုပ်ထားလိုက်တယ်။ တစ်ကိုယ်လုံး နည်းပါး မိုးစိုနေပြီမို့ တ ဆတ်ဆတ် တုန်နေပြီ။ မျက်မှောင် ကြုတ်ထားပြီး အထဲက မဲကြီးဆိုသော လူကြီး အပြင်ကို ထွက်လာမယ့်အချိန်ကို စောင့်နေသည်။ ခဏကြာသော် အထဲမှ အသံများ တိတ်ဆိတ်သွားသည်။

“ အွတ် ”

နောက်ကျောဘက်မှာ တစ်ချက်အောင့်သွားပြီး ကောင်လေး ရှေ့ကို မှောက်လဲ သွားသည်။

“ ဟာ .. စောက်ကလေး။ လီးမို့ ဒီမှာထိုင်နေတာလား။ မအေလိုးလေး တက်နင်းမိတော့မလို့ တော်သေးတယ်။  တောက်စ် ”

မဲကြီးက မှောင်မိုက်နေသော လမ်းကြားထဲသို့ မိုးသည်းများကြားတွင် ပြေးထွက်သွားသည်။ ကောင်လေးက မဲကြီးဆိုသူရဲ့ နောက်ကျောကို ကြည့်ပြီး ...။

“ ငါလိုးမသားကြီး .. ထွီ  ”

“ ဟဲ့ ထင်ရှားအောင် .. အထဲဝင်ခဲ့စမ်း ”

အမေဖြစ်သူရဲ့ ခေါ်သံကြောင့် ကောင်လေး အမေရှိရာ အခန်းထဲကို ဝင်သွားသည်။ အိပ်ယာပေါ်မှာ ထဘီစုတ် တစ်ထည်ကို ရင်လျားဝတ်ထားသော သူ့အမေကို မြင်လိုက်ရသည်။

“ ငါ့ကို သန့်ရှင်းရေး လုပ်ပေးစမ်း။ စောက်ကောင်စုတ်ကြီး .. ပေးတော့ဖြင့် ငွေ ၃၀၀၀ နဲ့  လူကို ရစရာမရှိအောင် လုပ်ဖြဲသွားတယ်။ မအေလိုးကြီး မြန်မြန် ပန်းသေပြီး လေဖြတ်ပါစေတော်။ ဟဲ့ .. ငါပြောနေတာ မကြားဖူးလား .. နင့်ပထွေး အရည်တွေ ဒီမှာ မမြင်ဖူးလား။ မြန်မြန် သုပ်စမ်း ”

ကောင်လေး အဝတ်စုတ် တစ်ခုကို ယူကာ သူ့အမေ ပေါင်ပေါ်မှာရှိတဲ့ အရည်တွေကို သုတ်လိုက်တယ်။ နောက် အိပ်ယာပေါ်မှာ ရှိတဲ့ အရည်တစ်ချို့ကိုလဲ ပြောင်သွားအောင် သုတ်လိုက်တယ်။ ဘေးမှာ ပုံထားတဲ့ သူ့အမေရဲ့ အင်္ကျီတစ်ထည်ကို ယူပေးလိုက်သည်။

သူ့အမေက စကားတပြောပြောနဲ့ အင်္ကျီ ဝတ်လိုက်သည်။ ထင်ရှားအောင် စောင်တစ်ထည် ယူကာ သူ့အမေပေါ် ခြုံပေးလိုက်တယ်။

“ မသာလေး .. နင် မဲကြီး ဆီကနေ မုန့်ဖိုးတောင်းလိုက်သေးလား ”

“ မတောင်းလိုက်မိဘူး ”

“ ငါ နင့်ကို ဘယ်နှခါ ပြောရမှာလဲ။ အခန်းထဲကနေ ထွက်လာတဲ့သူတိုင်းကို မုန့်ဖိုးရအောင် တောင်းလို့ပြောထားတယ်လေ။ အလကားဟာလေး .. တစ်ခါမှ မုန့်ဖိုးရတယ်မရှိဘူး။ စောက်ဖြစ်ကို မရှိတာ။ ဒီလိုမှန်းသိ နင့်ကို ငါ ခေါ်မလာပါဘူး။ အမယ်လေး .. ကျွတ် .. ကျွတ် .. ကျိန်းစပ်နေတာပဲ။ ဟဲ့ .. ငါ အိပ်တော့မယ် မီး မှုတ်လိုက်တော့ ”

အမေလုပ်သူက ဘေးကို စောင်းကာ ပါးစပ်ကနေ တဗြစ်ဗြစ်နဲ့ ဆဲဆိုရင်း အိပ်ပျော်သွားသည်။ ကောင်လေးက ငုတ်စိသာ ကျန်တော့သည့် ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။ ပေါက်ပြဲနေတဲ့ ပုဆိုးစုတ်တစ်ထည်ကို ခြုံလိုက်ကာ ကုတင်အောက်တွင် ကွေးကွေးလေး အိပ်လိုက်တော့သည်။

....................................

အခန်း ( ၂ )

မနက်(၆)နာရီ ထိုးတာနဲ့ ဘုံစံနန်း ရပ်ကွက်တစ်ခုလုံး လှုပ်လှုပ်ရှားရှားနဲ့ တစ်နေ့တာကို အစပြုဖို့ သက်ဝင် လှုပ်ရှားနေကြသည်။

မျက်နှာပေါ်ထိုးကြလာသော နေရောင်ကြောင့် ထင်ရှားအောင် အိပ်ရာကနေ နှိုးသွားသည်။ ဘေးကိုကြည့်လိုက်တော့ သူ့အမေက ညစ်နွမ်း စုတ်ပြတ်နေတဲ့ ပတ်တီးအဟောင်းတစ်ချို့နဲ့ သူ့ခြေထောက်တစ်ဖက်ကို ပတ်တီး စည်းနေသည်။

“ ရော့ ၅၀၀။ ဒေါ်ဘုမ ဆိုင်ကနေ ကောက်ညှင်းပေါင်း ၂၀၀ ဖိုး ၂ထုပ်နဲ့ အကြော် ၂ခု သွားဝယ်ခဲ့။ မြန်မြန် ဝယ်ခဲ့နော် .. ကြာလို့ကတော့ ငါနဲ့တွေ့မယ် ”

မျက်နှာပင် မသစ်တော့ပဲ ထင်ရှားအောင် တစ်ယောက် လမ်းထိပ်ကို ထွက်လာခဲ့ပါတယ်။  ဘုံစံနန်း ရပ်ကွက်မှာ နေထိုင်သူများ အများဆုံး လုပ်တဲ့ အလုပ်ကတော့ တောင်းရမ်းစားသောက်ခြင်းဖြစ်ပါတယ်။ ပြောရရင်တော့ ရန်ဂိုမြို့ရဲ့ သူတောင်းစားများ အများဆုံး စုဝေးရာ ရပ်ကွက်တစ်ခုဖြစ်ပါတယ်။

ရပ်ကွက်ထဲမှာ အစားစာ ရောင်းတာဆိုလို့ တစ်ခုတည်းသာရှိသော ကောက်ညှင်းပေါင်း နှင့် အကြော် ရောင်းတဲ့ဆိုင်တွင် တစ်နေ့တာ အလုပ် မလုပ်ခင် မနက်စာကို စားသုံးကြသည်။ အကြော်တဲမှာလဲ ယိုင်နဲ့နဲ့ အမိုးလေး မလုံ့တလုံနဲ့ ခပ်၀၀ မိန်းမကြီးတစ်ယောက်က မုန့်နှစ်တွေကို စိတ်မပါ တပါ ဆီအိုးထဲ ထည့်ကာ ကြော်နေပါတယ်။ ဘေးမှာတော့ အငွေ့တထောင်းထောင်းနဲ့ ကောက်ညှင်းပေါင်းထည့်ထားသော ဒန်အိုးကြီးတစ်လုံးရှိသည်။

“ အမယ် .. ပိုက်ဆံတွေဘာတွေ လက်ငင်းပေးလို့ပါလား။ နင့်အမေ မနေ့ညက အချိန်ပိုဆင်းလိုက်ပြီထင်တယ် .. ဟင်း .. ဟင်း ..နင့်အမေကို ပြောလိုက်စမ်း။ အရင်အကြွေးတွေ လာပေးဦးလို့။ ကြားလား .. ”

ကောက်ညှင်းပေါင်းထုပ်ကိုင်ကာ ထင်ရှားအောင် အိမ်ကို အပြေး ပြန်သွားတယ်။ တစ်နေရာရောက်တော့ ... ။

“ ကိုကို .. ”

“ ပန်းလေး .. ဘာလဲဟ ”

“ ပန်းလေး ဗိုက်ဆာလို့ ”

ထင်ရှားအောင် ကိုင်ထားတဲ့ ကောက်ညှင်းပေါင်းထုပ်ကိုကြည့်ပြီး ပန်းလေးက ပြောလိုက်တယ်။ ပန်းလေးက (၁၁)နှစ်အရွယ် ကောင်မလေးတစ်ယောက်။

ထင်ရှားအောင်တို့ ရပ်ကွက်ထဲမှာ နေပြီး သူလဲ တောင်းစားသူ တစ်ယောက် ဖြစ်ပါတယ်။ ထင်ရှားအောင်က ပန်းလေးကို ညီမလေးတစ်ယောက်လို ချစ်သည်။

ပန်းလေးက ထင်ရှားအောင်နဲ့အတူတူ သူဌေးရပ်ကွက်တစ်ချို့မှာ လိုက်တောင်းတဲ့အခါ လိုက်တတ်သည်။ သူ့အဖေ မုဆိုးဖို ကျော်ကြီးကလဲ ထင်ရှားအောင်နဲ့ဆို စိတ်ချလို့ ထည့်ပေးသည်။ ရလာတဲ့ ပိုက်ဆံကို ထင်ရှားအောင် အမေ နဲ့အတူ တစ်ယောက်တစ်ဝက် ခွဲယူပါသည်။ သူတို့ မိဘတွေကတော့ လူစည်ကားရာ လမ်းဆုံ မီးပွိုင့်တွေမှာ လိုက်တောင်းကြသည်။

“ ရော့ .. ကောက်ညှင်းပေါင်း တစ်ထုပ် နဲ့ အကြော်တစ်ခု စားလိုက်နော်။ ကိုကိုတို့ ဒီနေ့ အလုပ်လုပ်ရမယ်ထင်တယ် ”

“ ဟုတ် .. ”

ပန်းလေးက ကောက်ညှင်းပေါင်းနဲ့အကြော်ကို အားရပါးရ စားနေတာကိုကြည့်ပြီး ထင်ရှားအောင် ပျော်သွားသည်။ သူ မစားရရင်နေပါ။ ပန်းလေးစားရရင် သူပျော်သည်။ ခက်ထန်လှတဲ့ သူ့ဘဝမှာ ပန်းလေးတစ်ယောက်သာ သူ ချစ်ပါသည်။ သူ့အမေကိုလဲ မချစ်ပါ။ ပန်းလေးတစ်ယောက်သာ သူ့ဘဝရဲ့ ပျော်ရွှင်စရာ ကမ္ဘာလေးတစ်ခုဖြစ်ပါတယ်။ သူ့အမေ ပြောတဲ့စကားကို ပြန်ကြားလိုက်ပြီး အရိုက်ခံရမှာစိုးလို့ ထင်ရှားအောင် အိမ်ကို အမြန်ပြေးလိုက်သည်။

“ ဟဲ့ .. ငါ ဝယ်ခိုင်းတာ ကောက်ညှင်းပေါင်း ၂ထုပ်နဲ့ အကြော် ၂ခုလေ။ ဘယ်မလဲ နောက်တစ်စုံက ”

“ ကျွန်တော် ဗိုက်ဆာလို့ လမ်းမှာ စားလိုက်တယ် ”

“ သြော် နင်က ငါတောင် မစားသေးဘူး ဦးဦးဖျားဖျား မျိုဆို့နေတယ်ပေါ့လေ။ သွား .. ငါ့ ဂျိုင်းထောက် ယူပေးစမ်း ”

အေးရီက အိမ်ရှေ့ လှေကားပေါ်မှာ ကောက်ညှင်းပေါင်းနဲ့ အကြော်ကို ဖြစ်သလို ငုတ်တုတ်ထိုင်စားနေသည်။ သစ်သားနဲ့လုပ်ထားတဲ့ ဂျိုင်းထောက်တစ်ဖက်ကို ထင်ရှားအောင် ယူပေးလိုက်တယ်။ အေးရီက ဂျိုင်းထောက်တစ်ဖက်ထောက်ကာ သူ့ပုံစံက သနားစရာကောင်းရဲ့လားလို့ မှန်ထဲမှာ ကြည့်လိုက်သည်။

ဘာမှမဖြစ်တဲ့ ခြေထောက်တစ်ဖက်ကို ကျိုးနေသလိုလို .. နာနေသလိုလို ဟန်ဆောင်ကာ ထော့နဲ့ ထော့နဲ့ လမ်းလျောက်ကြည့်သည်။ အားလုံးအဆင်ပြေတော့ တစ်နေ့တာ တောင်းရမ်းခြင်း အလုပ်ကို လုပ်ရန် အိမ်ကနေ ထွက်သွားပါတော့တယ်။

“ ထင်ရှားအောင် .. နင် ဒီနေ့ ပန်းလေးကို ခေါ်ပြီး မီးသတ်မျှော်စင်ရှိတဲ့ ရပ်ကွက်မှာ သွားတောင်း။ နေ့လည် ဗိုက်ဆာရင် တစ်ယောက်ကို ၅၀၀ ဖိုးဆီပဲ ဝယ်စားနော်။ ဒီနေ့ ပြန်လာလို့မှ နင့်လက်ထဲ ၃၀၀၀ မကျန်ရင် အသေပဲမှတ် .. ကြားလား ငါပြောတာ။ ငါ သွားပြီ ”

အေးရီထွက်သွားပြီဆိုတော့ ထင်ရှားအောင်လဲ အလုပ်လုပ်ဖို့ရာ ပြင်ဆင်တော့သည်။ မျက်နှာသစ်၊ ဖွာလံကြဲနေသည့် သွားတိုက်တံ အစုတ်နဲ့ သွားတိုက်သည်။ ဝတ်နေကျ ဆွတ်ကျယ် အပြဲတစ်ထည်ကို ကောက်ဝတ်လိုက်သည်။ လွယ်အိပ် အစုတ် တစ်လုံးလွယ်ကာ ပန်းလေး အိမ်သို့ ထွက်လာခဲ့သည်။

“ ပန်းလေးရေ .. သွားကြစို့ ”

“ ဟေ့ကောင် .. ငါ့သမီးကို သေချာခေါ်သွားနော်။ တစ်ခုခု ဖြစ်လို့ကတော့ မင်းတို့သားအမိ အသေပဲမှတ်။ ငါ့သမီးကို ရသမျှ တစ်ဝက်ခွဲပေးနော်။ ငါ မသိဘူးဆိုပြီး ဘတ်မယ်တော့ မကြံနဲ့။ မင်း ငါ့အကြောင်း သိတယ်မလား။ ညနေ ပြန်လာရင် ငါ့အတွက် တစ်ပိုင်း ဝယ်ပြီး ပန်းလေးကို ထည့်ပေးလိုက် .. အေ့ .. ငါလိုးပဲ ရေချိန်ကို မကိုက်ဘူး။ အေ့ ... အော့ ...”

“ ပန်းလေးကို စိတ်ချပါ။ လာ .. ပန်းလေး သွားစို့ ”

ခပ်ပြတ်ပြတ်ပဲ ပြောပြီး ထင်ရှားအောင် ပန်းလေး လက်ကိုဆွဲပြီး တစ်နေ့တာအတွက် အလုပ် စလုပ် ရန် ဘုံစံနန်းကနေ ထွက်ခွာလာပါတော့တယ်။

သူတို့လိုပဲ တစ်ခြား သူတောင်းစားများလဲ ပတ်တီးစည်းတဲ့သူကစည်း၊ လက်မောင်းကျိုးတဲ့သူကကျိုး၊ ခြေထောက်နာတဲ့သူကနာ၊ လေဖြတ်သလို လုပ်တဲ့သူကလုပ်နဲ့ ဘုံစံနန်းကနေ သူတောင်းစားများ အုပ်စုလိုက်ကြီး အလျိုလျို ထွက်လာကြပြီး မြို့ပြကြီးဆီ တောင်းရမ်းဖို့ ခရီးနှင်နေကြတော့သည်။

...................................

ထင်ရှားအောင် သူ့အမေ တောင်းခိုင်းတဲ့ မီးသတ်မျှော်စင်ရှိတဲ့ ရန်ဂိုမြို့ရဲ့ သူဌေးရပ်ကွက်တစ်ခုဆီ ထွက်လာခဲ့ပါတယ်။ ပန်းလေး လက်ကို သေချာ ကိုင်ထားရင်း ရပ်ကွက်ထဲကို ဝင်လိုက်ပါတယ်။ လူချမ်းသာများ နေထိုင်ရာ ရပ်ကွက်မို့ တစ်အိမ်နဲ့တစ်အိမ်က ခြံဝန်းအကျယ် ကိုယ်စီ နဲ့ ကြီးကျယ် ခမ်းနားတဲ့ တိုက်ကြီးတွေ အများဆုံး တွေ့ရပါတယ်။ ထင်ရှားအောင်ရဲ့ ရည်ရွက်ချက်က ဒီရပ်ကွက်ထဲမှာ ရှိတဲ့ (၂၄) နာရီ ဖွင့်သော စတိုးဆိုင်တစ်ခု၏ ရှေ့တွင် လာသမျှ ဈေးဝယ်များကို တောင်းရမ်းဖို့ ဖြစ်ပါတယ်။ စတိုင်းဆိုင်ရှေ့ရောက်တော့ ....။

“ ဟာ .. ဒီကလေးတွေ မလာပါနဲ့ ပြောလဲ မရဘူး။ ဟဲ့ .. ဆိုင်ရှေ့တည့်တည့်ကြီးမှာ မထိုင်နဲ့လေ .. ခက်တာပဲ ”

ဆိုင်ရှေ့မှာ တံမြက်စည်းလှည်းနေသော စတိုင်းဆိုင် အရောင်ဝန်ထမ်း အမျိုးသမီးမှ ထင်ရှားအောင်တို့ကို မောင်းထုတ်နေသည်။ ထင်ရှားအောင်က မကြားသလို ဟန်ဆောင်ရင်း ပန်းလေးလက်ကို ကိုင်ကာ ဆိုင်ရှေ့တည့်တည့်မှာ ထိုင်ရာကနေ မထပေးပါ။ အမျိုသမီးက ထင်ရှားအောင်ကို ဘုကြည့် ကြည့်ကာ တံမြက်စည်း ဆက်လှည်းနေသည်။

“ ဟေ့ကောင် ... ပြောနေတယ်လေ။ ဘာလဲ မင်းတို့က ရိုက်ထုတ်မှ သွားမှလား .. ငါ .. တယ် ... ”

ဆိုင်ထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းကောင်လေးက အော်ပြောလိုက်သည်။ ထင်ရှားအောင်က တုတ်တုတ်မှ မလှုပ်။ ထိုင်မြဲ ထိုင်နေသည်။

ပန်းလေး ကတော့ ဆိုင်ထဲမှ အော်နေသော လူကိုကြည့်ပြီး ကြောက်သွားကာ ထင်ရှားအောင် လက်မောင်းကို ဆုတ်ကိုင်ထားသည်။

“ မထိုင်စေချင်ရင် မုန့်တစ်ထုပ် ပေး ”

“ အောင်မာ .. ဈေးဦးတောင် မပေါက်သေးဘူး။ အလကား တောင်းတဲ့သူက ရောက်နေပြီ ”

“ ကဲပါဟယ် .. ၂၀၀ တန် မုန့်တစ်ထုပ် ပေးလိုက်စမ်းပါ။ ဒါမှ ထွက်သွားမှာ .. ”

တံမြတ်စည်းလှည်းနေတဲ့ အမျိုးသမီးက ဆိုင်ထဲက ကောင်လေးကို လှမ်းပြောလိုက်သည်။ ဝန်ထမ်းကောင်လေးမှာ မျက်နှာ ဆူပုတ်ပုတ်ဖြင့် မုန့်ထုပ် တစ်ထုပ် ယူကာ ထင်ရှားအောင်ကို ပေးလိုက်သည်။ မုန့်ထုပ် ရသွားတော့မှ ထင်ရှားအောင်က ထိုင်ရာကနေ ထပြီး စတိုင်းဆိုင် ဝင်ပေါက်နဲ့ ခပ်လှမ်းလှမ်းမှာ သွားထိုင်လိုက်သည်။ လက်ထဲမှ မုန့်ထုပ်ကို ဖောက်ကာ စားလိုက်သည်။ သူလဲစား ပန်းလေးကိုလဲ မုန့်ခွံ့ကျွေးရင်း ဈေးဝယ်အလာကို စောင့်မျှော်နေသည်။

“ ဦး မုန့်ဖိုးလေး ပေးပါ။ ထမင်းဖိုးလေး သနားပါ .. ”

“ အကြွေ မရှိသေးလို့ကွာ .. ”

ထင်ရှားအောင် စိတ်ညစ်သွားသည်။ ဈေးဝယ် နှစ်ဦးလာသည်။ နှစ်ဦးစလုံး ပေး မသွားချေ။ နောက်ထပ် လင်မယားနှစ်ယောက် စတိုင်းဆိုင်ဘက် လာနေတာမြင်တော့ ပျော်သွားသည်။ ဒီတစ်ခါတော့ ပန်းလေးကို တောင်းခိုင်းမယ်လို့တွေးလိုက်ပြီး ပန်းလေးကို အချက်ပြလိုက်သည်။

ပန်းလေးက အလိုက်တသိတဲ့ သူ့ရှေ့မှာချထားတဲ့ ပလက်စတစ် ခွက်လေးကိုင်ကာ လင်မယားနှစ်ယောက် အနားရောက်လာတာနဲ့ တောင်းလိုက်သည်။

“ အန်တီ .. သမီး ဗိုက်ဆာလို့ မုန့်ဖိုးလေး သနားပါ .. ”

“ ဟယ် .. မောင်ရယ် .. ကြည့်ပါဦး ကလေးမလေးက ချစ်စရာလေး။ ဖြူဖြူ ချောချောလေး မောင်ရယ်။ သနားပါတယ် ”

“ လာပါကွာ .. ဈေး အရင်ဝယ်ရအောင် .. ”

“ မောင် အရင် ဝင်နှင့် .. သမီး အန်တီ့နား လာဦး ”

ပန်းလေးက ထင်ရှားအောင်ကို လှမ်းကြည့်လိုက်သည်။ ထင်ရှားအောင်က ခေါင်းငြိမ့်ပြလိုက်မှ ပန်းလေးက သူ့ကို လှမ်းခေါ်နေသာ အမျိုးသမီးနား ရောက်သွားသည်။ အမျိုးသမီးက သူ့ပိုက်ဆံအိပ်ထဲမှ တစ်ရှူးအစို တစ်ရွက်ထုတ်ကာ ပန်းလေး မျက်နှာကို သေချာ ပွတ်ပေးလိုက်သည်။

ပန်းလေးက ကြောက်နေပြီး နောက်ကို တစ်ချက် ဆုတ်သွားသည်။

“ မကြောက်ပါနဲ့ ကလေးရဲ့။ အန်တီက သမီးမျက်နှာကို သန့်ရှင်းပေးမလို့ပါ။ လာပါဦး .. မျက်နှာလေးက ချစ်စရာကောင်းရဲ့သားနဲ့ ပေတူးနေတာပဲ။ လာ မကြောက်နဲ့ မုန့်ဖိုးလဲ ပေးမယ် ”

ပန်းလေးမျက်နှာပေါ်မှ အညစ်ကြေးများကို အမျိုးသမီးက တစ်ရှူးဖြင့် သေချာ သုပ်ပေးလိုက်သည်။ ပန်းလေးရဲ့ ရှုပ်ပွနေတဲ့ ဆံပင်ကိုလဲ သူ့မှာပါတဲ့ ခေါင်းစည်းကြိုးဖြင့် စုပြီး ချည်ပေးလိုက်သည်။ ထိုအခါ ပန်းလေးမျက်နှာက အမျိုးသမီး ပြောသလို ချစ်စရာကောင်းမှန်း ထင်ရှားအောင် သေချာ မြင်လိုက်ရသည်။ ခါတိုင်းဆို ပန်းလေးမှာ ဆံပင် စုတ်ဖွား .. မျက်နှာက အမြဲ ပေတူးနေတာမို့ ပန်းလေး ဒီလောက် ချစ်စရာကောင်းမှန်း ထင်ရှားအောင် သေချာ မသိခဲ့။

“ ကဲ လှသွားပြီ။ နောက်ဆို အဲ့လိုလေး နေနော်။ ရော့ မုန့်ဖိုး ၅၀၀ .. ”

အမျိုးသမီးမှာ ပန်းလေးခေါင်းကို တစ်ချက်ပုတ်လိုက်ပြီး စတိုးဆိုင်ထဲ ဝင်သွားသည်။ ပန်းလေးက ထင်ရှားအောင်နား ပြေးလာကာ လက်ထဲမှ ၅၀၀ တန်ကို ပေးလိုက်သည်။ ထင်ရှားအောင်က ၅၀၀ တန်ကို လွယ်အိပ်ထဲ ထည့်လိုက်ပြီး ပန်းလေးကို စိုက်ကြည့်နေသည်။ ထင်ရှားအောင် အကြံတစ်ခု ရသွားလေသည်။ ပန်းလေးကို နောက်တစ်ခါ ပိုက်ဆံတောင်းဖို့ ခေါ်လာရင် မျက်နှာကို အခုလို သန့်ရှင်းရေး လုပ်ပေးရမည်ဟု တွေးလိုက်မိသည်။ ဒါမှ ပန်းလေးက ချစ်စရာကောင်းပြီး လူတွေ သနားစိတ် ပိုဖြစ်လာမယ်လို့ ထင်ရှားအောင် နားလည်လိုက်သည်။

ထင်ရှားအောင် တွေးသည့်အတိုင်းပင် စတိုင်းဆိုင်သို့ လာသော လူအများစုမှာ ပန်းလေးကို မြင်ပြီး ချစ်စရာလေး .. သနားပါတယ် .. စသဖြင့် ပြောဆိုသွားကာ ၁၀၀ တန် .. ၂၀၀ တန်များ ပန်းလေးကို ပေးသွားကြသည်။ ဒီနေ့ ထင်ရှားအောင်ရဲ့ လုပ်ငန်းမှာ အတော်လေး အဆင်ပြေသည်ဟု ပြောရမည်။ ပန်းလေးကြောင့် လွယ်အိပ်ထဲတွင် ၃၀၀၀ ကျော် ရနေလေပြီ။

စတိုင်းဆိုင်ထဲမှ နာရီကို ကြည့်လိုက်တော့ ၁၂နာရီ ထိုးတော့မည်။ ထင်ရှားအောင်တို့ နေ့လည်စာ စားဖို့ အချိန်ရောက်လေပြီ။ ပန်းလေးလက်ကို ဆွဲကာ စတိုင်းဆိုင်ကနေ ထွက်လာခဲ့သည်။ စားနေကြ လမ်းဘေးအသုပ်ဆိုင်နားမှာ ဖိနပ်ကို ဖင်ခုပြီး နှစ်ယောက်သား ထိုင်လိုက်ကြသည်။

“ ဟဲ့ .. ကလေးတွေ ထမင်းသုပ်ပဲလား .. ”

“ ဟုတ် .. ထမင်းသုပ် နှစ်ပွဲ။ အသားကြော် တစ်တုံးစီ ထည့်ပေး .. ”

“ ကိုကို .. အသားကြော်က ဈေးကြီးတယ်။ အပြန်ကျ ပိုက်ဆံ ပါတာ နည်းရင် ကိုကို့မေမေ ဆူနေဦးမယ် ”

“ ဒီနေ့တော့ အသားကြော်နဲ့ စားမယ်။ ဒီနေ့ ကိုကိုတို့ ပိုက်ဆံအများကြီး ရမှာ သေချာတယ် ”

“ အသားကြော်က တစ်တုံး ၄၀၀ နော်။ ငါ့ကို ဟိုတစ်ခါကလို ထမင်းသုပ်ဖိုးပဲ ပေးပြီး အသားကြော်ဖိုး မပေးပဲ လစ်မပြေးနဲ့။ ငါမှတ်မိတယ်နော် .. အသားကြော် စားချင်ရင် တစ်ခါတည်း ရှင်း .. နင် လူလည်ကျပေါင်း များနေပြီ။ ပိုက်ဆံ အရင်ပေး .. ”

“ ဟာ .. ဒေါ်ကြီးကလဲ .. ပိုက်ဆံပေးမှာပါဗျ။ ရော့ ထမင်းသုပ် နှစ်ပွဲဖိုး ၆၀၀ နဲ့ အသားကြော် နှစ်တုံးဖိုး ၈၀၀။ အားလုံးပေါင်း ၁၄၀၀ ရော့ .. ”

“ အမယ် .. တယ်လဲ အဆင်ပြေနေပါလား။ တွက်ချက်ပုံကတော့ ကွက်တိပဲ။ နင် စာတော့ တတ်သားပဲ။ ဒါနဲ့ သူလေးက နင်နဲ့ပါနေကျ နင့်ညီမလေး မလား။ အခုလိုဆိုတော့လဲ ချစ်စရာလေးဟဲ့။ အရင်က ညစ်ပတ်ပေတူးနေလို့ ငါ သေချာမကြည့်မိဘူး။ ဟဲ့ ကလေးမလေး ..ရော့ ငါးဖယ်ကြော် တစ်တုံး ယူ .. ”

“ ကျွန်တော့်လဲ ပေးလေ .. ”

“ ကဲ .. ရော့ .. ရော့ .. နင့်ကိုတော့ သိပ်စေတနာရှိတာမဟုတ်ဘူး။ ပုံစံကိုက ဂျစ်ကန်ကန်နဲ့ ကြီးလာရင် ဘယ်လောက်များ ဆိုးလိုက်မလဲ .. ”

ထင်ရှားအောင်က ငါးဖယ် နှစ်တုံး အလကား ရလိုက်သည်မို့ ကျေနပ်ကာ ပျော်ရွှင်သွားသည်။ ပန်းလေးက ထမင်းသုပ်ကို အားရပါးရ စားနေသည်။

ထင်ရှားအောင်က သူ့ပန်းကန်ထဲမှ ငါးဖယ်ကြော်ကို ပန်းလေးကို ပေးလိုက်သည်။ ပန်းလေးက ငါးဖယ်ကြော် အရမ်းကြိုက်တာ သူသိသည်။

“ အမယ် သူ့ညီမလေးတော့ ချစ်ရှာသား။ ဟင်း ... ကျောင်းနေရမယ့် အရွယ်လေးတွေ။ သြော် .. ဘဝတွေ .. ဘဝတွေ .. ”

အသုပ်သည် အဒေါ်ကြီးမှာ လက်ထဲက ယင်မောင်းတံကို ဝှေ့ယမ်းရင်း ထင်ရှားအောင်တို့ကို ကြည့်ကာ ပြောလိုက်သည်။ ပရဟိတ အဖွဲ့တစ်ခုသည် ဘုံစံနန်းမှ ကလေးငယ်များကို တစ်ပတ်မှာ ၄ ရက် ပညာဒါန စာလာသင်ပေးသောကြောင့် ထင်ရှားအောင်မှာ အခြေခံ ရေးတတ် ဖတ်တတ်ခဲ့သည်။

သူတောင်းစား မို့ ပိုက်ဆံတွေကို အမြန် တွက်ချက်တတ်သည်။ ပန်းလေးက စာသင်ဝိုင်း လာသင်တဲ့အခါတိုင်း ပုံမှန် တက်ပြီး သင်ကြားသည်။

ဉာဏ်လဲ ကောင်းတာမို့ စာတော်သည်။ ထင်ရှားအောင်ကတော့ စိတ်ပါရင် သင်လိုက် စိတ်မပါရင် မသင်လိုက်ဖြင့် စာသင်ဝိုင်းသို့ မှန်မှန် မတက်ပေ။

ထင်ရှားအောင် ထမင်းစားပြီးတော့ လွယ်အိပ်ထဲမှ ရေဗူးကို ထုတ်ကာ မော့သောက်လိုက်သည်။ ပန်းလေးကိုလဲ ရေတိုက်လိုက်သည်။

ဗိုက်တင်းသွားပြီမို့ ထုံးစံအတိုင်း တစ်ရေးအိပ်ရင် နေရာ ရှာလိုက်သည်။ ခပ်လှမ်းလှမ်း ကုက္ကိုလ် ပင်ကြီးအောက်မှာ အရိပ်ကောင်းသောကြောင့် သွားအိပ်ရန် အဆင်ပြေတာမို့ ပန်းလေးလက်ကို ဆွဲကာ သစ်ပင်ကို ကျောမှီလိုက်ရင်း ဇိမ်ခံလိုက်သည်။ နေ့ခင်း အပူရှိန်ကြောင့် စတိုင်းဆိုင်ဘက်မှာ လူရှင်းတာမို့ အေးဆေး အိပ်ပြီးမှ တစ်ခေါက်သွားတောင်းရန် စဉ်းစားလိုက်သည်။ ထင်ရှားအောင် သူ့လွယ်အိပ်ကို ရင်ဘတ်မှာ ပိုက်ကာ အိပ်လိုက်သည်။

ပန်းလေးက ထင်ရှားအောင် ပေါင်ကို ခေါင်းအုံးသဖွယ် ခေါင်းတင်လိုက်ပြီး အိပ်ပျော်သွားလေသည်။

...........................

အခန်း ( ၃ )

လွယ်အိပ်ထဲမှ ပိုက်ဆံ အကြွေများကို ရေတွက်ရင်း ထင်ရှားအောင် အပျော်ကြီး ပျော်နေလေသည်။ ဒီနေ့ တောင်းလို့ရသည့်ငွေမှာ ၆၂၀၀ ဖြစ်သည်မို့ တစ်ခါမှ မရဖူးတဲ့ ငွေပမာဏကြောင့် အူမြူးနေလေသည်။ ပန်းလေးရဲ့ ကျေးဇူးဖြင့် ဒီနေ့ သူ့အလုပ်က အတော် အဆင်ပြေခဲ့သည်။ ဈေးဝယ်လာသူများမှာ ပန်းလေးကို မြင်ပြီး ပိုက်ဆံ မပေးပဲ မနေနိုင်ကြ။ ထင်ရှားအောင် ပန်းလေးကိုကြည့်ကာ စိတ်ထဲကနေ ကျေးဇူးတင်နေမိသည်။

နာရီကို လှမ်းကြည့်လိုက်တော့ ညနေ ၆နာရီကျော်နေပြီ။ မှောင်စ ပြုနေပြီမို့ အိမ်ပြန်ရန် စတိုင်းဆိုင်ရှေ့ကနေ ထင်ရှားအောင် ထွက်လာခဲ့ပါသည်။

အိမ်အပြန်လမ်း တစ်နေရာရောက်တော့ ထင်ရှားအောင် ပတ်ဝန်းကျင်ကို ပတ်ပတ်လည် လိုက်ကြည့်သည်။ သူ ရှာနေသောသူကို မတွေ့ရသေး။

“ ကိုကို .. မမကြည်ပြာ ကို ရှာနေတာလား .. ”

“ ဟုတ်တယ် ပန်းလေး .. မမတို့ ဒီနေ့ အလုပ် မလုပ်ဘူးလားမသိဘူး ”

“ ဟိတ် .. ”

နောက်ကနေ လှမ်းအော်လိုက်သော အသံကြောင့် ထင်ရှားအောင် လှည့်ကြည့်လိုက်သည်။ အသက် (၂၀)ကျော်ခန့် ကောင်မလေး နှစ်ယောက်မှာ ထင်ရှားအောင်တို့နား လမ်းလျောက်လာကြသည်။ ဝတ်စားထားပုံများမှာ ပုရိသများအကြိုက် အတိုအပြတ်လေးများဖြင့် ဆယ်ကျော်သက် ချာတိတ်မလေးများရဲ့ Sexy ကျကျ အလှကို အထင်းသား မြင်နေရသည်။ ထင်ရှားအောင်က ကြည်ပြာကို တွေ့တော့ ပျော်သွားလေသည်။

“ ထင်ရှားအောင် ငါ့ကို ရှာနေတာမလား .. ”

“ ဟုတ်တယ် မမကြည်ပြာ ”

“ ဒီနေ့ မမတို့ နည်းနည်း နောက်ကျသွားတယ်။ ကဲ .. ဘယ်လောက် အပ် မှာလဲ .. ”

ထင်ရှားအောင်က လွယ်အိပ်ထဲမှ ပိုက်ဆံအကြွေ တစ်ချို့ယူလိုက်ပြီး ၁၀၀၀ ပြည့်အောင် ရေတွက်ကာ ကြည်ပြာကို ပေးလိုက်သည်။

ကြည်ပြာက ထင်ရှားအောင်ပေးသော ပိုက်ဆံအကြွေများကို သူ့ဂျင်းဘောင်းဘီ အိပ်ကပ်ထဲ ထည့်လိုက်သည်။

“ ဒီ တစ်ထောင် နဲ့ဆို မင်း မမ ဆီမှာ အပ်ထားတာ နှစ်သောင်းနဲ့သုံးထောင် ရှိပြီနော်။ တဖြေးဖြေးများလာပြီ ဘယ်တော့ ပြန်ယူမှာလဲ ”

“ မယူသေးဘူး။ တစ်သိန်းပြည့်အောင် စု မှာ .. ”

“ အမယ် .. မင်း စိတ်ဓါတ်ကိုတော့ လေးစားတယ်ကွာ။ စိတ်ချ မမ သေချာ စုပေးထားမယ်။ ဟယ် .. ပန်းလေး .. လူတောင်မှားတယ် ကြည့်စမ်း။ ညီမလေးက ဒီလိုကျ ချစ်စရာလေးတော့ .. လာပါဦး ”

ကြည်ပြာက ပန်းလေးကို ဖက်လိုက်ပြီး အာဘွားပေးလိုက်သည်။ ပန်းလေးက သူ့ကို လှတယ်ပြောလို့ ပျော်နေသည်။

ဘေးနားမှာရပ်နေသော မူယာက ကြည်ပြာကို လက်တို့ပြီး တိုးတိုး ပြောလိုက်သည်။

“ ဟဲ့ ကြည်ပြာ .. ရှေ့မှာ လေးဘီးနဲ့တစ်ယောက် ဘက်မှန်ထဲကနေ ရှိုးနေတယ်။ ငါး လား မသိဘူး။ မျှားကြည့်ရအောင် .. ”

“ အေး မြင်တယ်။ အတင့်မရဲနဲ့ဦး ခုရက်ပိုင်း လှည့်ကင်းတွေ ပတ်နေတယ် ပြောတယ်။ အခြေနေကြည့် လှုပ်ရှား .. ”

မူယာက ရှေ့မှာရှိနေတဲ့ Honda Fit ကား ရှိရာဘေးကနေ ပုံမှန်အတိုင်း လျောက်သွားသည်။ ကားခေါင်းနားရောက်တော့ ကားထဲမှ ထိုင်နေသူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကားထဲမှလူက မူယာကို စိုက်ကြည့်နေသည်။ မူယာက ကားကိုကျော်လိုက်ပြီး သစ်ပင်တစ်ပင်နား ရပ်လိုက်ကာ ကားထဲမှ လူကို လှမ်းကြည့်လိုက်ပြန်သည်။ ကားပေါ်မှလူကလဲ မူယာကို အဆက်မပြတ် ကြည့်နေတော့သည်။ ကြည်ပြာက မူယာနား ရောက်လာပြီး ...။

“ ဟဲ့ .. အခြေနေ .. ”

“ မျှားနေတာပဲ .. လာ မဟပ် သေးဘူး။ ဒီလောက် အထှာပေးနေတာတောင် လှမ်းမခေါ်ဘူး။ ငါး တော့ ငါးပဲ .. သေချာတယ် ”

“ မမ .. ကျွန်တော်တို့ ပြန်တော့မယ် ”

“ အေး မိုးချုပ်နေပြီ။ သတိထား ပြန်နော်။ ပန်းလေးကို သေချာ လက်တွဲသွား .. ”

ထိုစဉ် ကားပေါ်မှလူက လှမ်းအော် လိုက်သည်။

“ ဟိတ် .. ကောင်လေး ဒီကို လာဦး .. ”

ထင်ရှားအောင်က ကားပေါ်က လူကို လှမ်းကြည့်လိုက်သည်။ ကြည်ပြာက အခြေနေကို အကဲခတ်မိသည်။

“ ထင်ရှားအောင် မင်းကို ခေါ်နေတယ်။ စကား သွားပြောလိုက်။ သူဘာပြောလဲဆိုတာ မမတို့ကို ပြန်လာပြော .. သွား .. ”

ထင်ရှားအောင်က ကြည်ပြာ ခိုင်းသည့်အတိုင်း ကားနားသို့ ထွက်လာခဲ့သည်။

“ ဘာလဲဗျ .. ”

“ ဟို နှစ်ယောက်က မင်းနဲ့ သိလား။ ဦးက စကားပြောချင်တယ်လို့ သွားပြောပေးပါလား။ ”

“ မုန့်ဖိုးပေးရင် ပြောပေးမယ် ”

“ ရော့ ၅၀၀ .. ”

“ ၁၀၀၀ လောက်တော့ ပေးဗျ။ အားလုံးအဆင်ပြေစေရမယ်။ ”

“ ဟာ .. ဒီကောင် လူကသာ လက်တောက် .. ဈေးလာ ကိုင်နေသေး .. ရော့ကွာ ၁၀၀၀ ”

ထင်ရှားအောင် ၁၀၀၀ ရလိုက်သည်မို့ စိတ်ထဲကနေ ပျော်သွားသည်။ ကြည်ပြာတို့နား ပြန်လာပြီး ..။

“ စကားပြောချင်လို့တဲ့။ မမ တို့ကို အလုပ်အပ်ချင်လို့ထင်တယ် ”

“ ဟယ် ထင်ရှားအောင် .. နင် ဘယ်လိုပြောလိုက်တယ်။ ခစ် .. ခစ် .. အလုပ်အပ်ချင်လို့ထင်တယ် ဟုတ်လား .. ငါ့မောင်က ..ဒီလိုတွေတောင် ပြောတတ်နေပါလား။ နင်ကတော့ တကယ်ပဲ။ ဟဲ့ မူယာ .. ငါး ဆိုတာ သေချာသွားပြီ။ နင် သွားပြောလိုက်။ ကားထဲ ဝင်ပြီးမှ ဈေးညှိနော်။ အပြင်မှာ သိပ်အကြာကြီး ရပ်စကားမပြောနဲ့ .. ”

မူယာက ကားနားသို့ ထွက်သွားပြီး ကားပေါ်မှ လူနဲ့ စကားပြောလိုက်သည်။ ကားတံခါးကို ဆွဲဖွင့်ပြီး ကားထဲ ဝင်သွားလိုက်သည်။

ခဏနေတော့ ကားပေါ်ကနေ ဟန်မပျက် ပြန်ထွက်လာပြီး ကြည်ပြာနား ရောက်လာသည်။

“ ဟဲ့  နိုက် ခေါ်မှာတဲ့။ နင့်ကိုရော ခေါ်ချင်တယ်တဲ့။ နှစ်ယောက်ကို တစ်သိန်းခွဲ နဲ့ ဈေးတည့်ခဲ့တယ်။ ငါတို့ ဒီနေ့ စောစောစီးစီး အဆင်ပြေတာပဲ။ ဘယ်လိုလဲ လိုက်မယ်မလား ”

“ အေး ပုံစံကြည့်ရတာတော့ ရိုးရိုး ငါးပဲ။ အဆိပ် မရှိလောက်ဘူး။ ဟိုတယ်က သူ့ဟိုတယ်လား ငါတို့ ဟိုတယ်လား .. ”

“ ငါတို့ ဟိုတယ်ကို သွားမယ်တဲ့။ လမ်းမှာ သူ့သူငယ်ချင်းတစ်ယောက် ဝင်ခေါ်မယ်။ သူ့သူငယ်ချင်း ညွှန်လိုက်လို့ ဒီနားမှာ လာစောင့်နေတာတဲ့။ ငါလဲ နှစ်သိန်းပြောတာပဲ .. တစ်သိန်းခွဲ အတင်းထားခိုင်းနေတယ်။ ဈေးဦးပေါက်ဆိုတော့ လက်မလွတ်ချင်ဘူးဟယ် ”

“ လိုက်မယ်ဟာ .. တော်ကြာ ဟိုကောင်မ အုပ်စု နဲ့ တွေ့သွားမှ လွှတ်တဲ့ငါး ကြီးတယ် ဖြစ်နေမယ်။ လာ သွားကြစို့ .. ”

“ မမ .. ရော့ ၁၀၀၀ .. ဒါနဲ့ဆို အားလုံးပေါင်း နှစ်သောင်း လေးထောင် ရှိသွားပြီနော် .. ”

“ သြော် .. အေး မမ သိမ်းထားမယ်နော်။ ကဲ .. မိုးချုပ်နေပြီ ပြန်ကြတော့။ မမ အလုပ် လုပ်လိုက်ဦးမယ် ”

ကြည်ပြာ နဲ့ မူယာက ကားနားကို သွားလိုက်ပြီး ကားနောက်ခန်းထဲ ဝင်သွားကြသည်။ ထင်ရှားအောင်က သူတို့ကို ငေးကြည့်နေမိသည်။

ကားပေါ်ကို ကြည်ပြာတို့ ရောက်သွားသည်နှင့် Honda Fit မှာ ချက်ချင်းပဲ မောင်းထွက်သွားသည်။

“ ကိုကို .. မမ တို့က ဘာလို့ အဲ့ကားနဲ့ လိုက်သွားတာလဲ ”

“ အလုပ် လုပ်စရာ ရှိလို့ပေါ့။ လာ .. ပြန်ကြစို့နော်။ နောက်ကျနေရင် ပန်းလေး ဖေဖေ ကိုကို့ကို ဆဲနေဦးမယ် ”

ထင်ရှားအောင် ပန်းလေးကို အဆင်ပြေသလို ပြောလိုက်သည်။ ကြည်ပြာတို့ ဘာ အလုပ်  လုပ်သလဲဆိုတာ သူကောင်းကောင်းသိပါသည်။

သို့သော် ကြည်ပြာက သူ့အတွက်တော့ အစ်မ တစ်ယောက်လို ခင်ရသောသူ ဖြစ်သည်။ ထင်ရှားအောင်တို့ အိမ်ပြန်လာတိုင်း ကြည်ပြာတို့နဲ့ အမြဲဆုံတွေ့ရာကနေ ကြည်ပြာက ထင်ရှားအောင်ကို မုန့်ဝယ်ကျွေးရင်း စတင် သိရှိခဲ့သည်။ နောက်တော့ ဆုံပါများတော့ ကြည်ပြာကို အစ်မ တစ်ယောက်လို ထင်ရှားအောင် ခင်သွားသည်။ တောင်းလို့ရတဲ့ အထဲမှ ငွေနည်းနည်းချင်း ချန်ကာ ကြည်ပြာဆီမှာ ပိုက်ဆံ ကြိတ်စုခဲ့သည်။

ကြည်ပြာကို သူ ယုံကြည်သည်။ ကြည်ပြာကလဲ ထင်ရှားအောင်နဲ့ ပန်းလေးကို ချစ်သည်။ ခဏခဏ မုန့်ဝယ်ကျွေးသည်။ ပိုက်ဆံစုတာ ဝါသနာပါသော ထင်ရှားအောင်မှာ မိမိအိမ်တွင် ဘယ်လိုမှ စုစရာ နေရာမရှိသောကြောင့် ကြည်ပြာဆီမှာ ရသလောက် နည်းနည်းချင်း စုလာတာ အခုဆိုရင် နှစ်သောင်း လေးထာင် ပြည့်ခဲ့လေပြီ။ သူ့ရည်ရွယ်ချက်မှာ တစ်သိန်းပြည့်ရန်ဖြစ်သည်။ တစ်သိန်းပြည့်ရင် ဘာလုပ်မယ်ဆိုပြီး စိတ်ကူးမရှိပေ။

တစ်သိန်းပြည့်ရန်သာ ရည်ရွယ်ချက်ရှိသည်။ ရည်ရွယ်ထားသည့်အတိုင်းလဲ ပြည့်အောင် စုမည်ဟု ဆုံးဖြတ်ထားလေသည်။

ထင်ရှားအောင် ပန်းလေးလက်ကိုဆွဲပြီး ဘုံစံနန်း သို့ ပြန်လာခဲ့ပါသည်။ ပန်းလေးအိမ်ရောက်တော့ သူ့အဖေ မှာလိုက်သည့် အရက်တစ်ပိုင်းနဲ့အတူ ပိုက်ဆံ ၂၀၀၀ ကို ပန်းလေး အဖေ ကျော်ကြီးကို ပေးလိုက်သည်။ ကျော်ကြီးက ထင်ရှားအောင်ကို မယုံကြည်သလို ကြည့်ပြီး ..

“ ဟေ့ကောင် ၂၀၀၀ တည်းလား .. ဘတ်မယ် မကြံနဲ့နော် .. ”

“ ဒီနေ့ တောင်းလို့ အဆင်မပြေဘူးဗျ။ ဒါတောင် ကျနော် ၁၅၀၀ ပဲ ယူပြီး ဦးကို ၂၀၀၀ ပေးတာ။ အိမ်ပြန်ရောက်ရင် အမေက ဆဲဦးမယ် ”

“ အေး ပြီးရော .. သမီး အထဲဝင်တော့ .. ထမင်းစားပွဲပေါ်မှာ ကြက်ဥကြော်ရှိတယ်။ အဲ့ဒါနဲ့ ထမင်းစားလိုက်။ အေ့ ..  ”

ကျော်ကြီးမှာ အရက်ပုလင်းကိုဖွင့်လိုက်ပြီး ခွက်ထဲထည့်ကာ မော့လိုက်သည်။ ဘေးမှာ အသင့်ချထားတဲ့ ရေခွက်ကို ဆက်တိုက်မော့လိုက်သည်။

ပန်းလေးက အိမ်ထဲဝင်သွားကာ သူ့အဖေပြောသည့်အတိုင်း ထမင်းစားပွဲမှာ ငုတ်တုပ်လေးထိုင်ပြီး ကြက်ဥကြော်နဲ့ ထမင်းစားလိုက်သည်။

ထင်ရှားအောင်က ပန်းလေးကို နှုတ်ဆက်ပြီး အိမ်သို့ ပြန်လာခဲ့သည်။

“ ရော့ အမေ .. ဒီနေ့ ၃၂၀၀ ရတယ် ”

“ ကျော်ကြီးကို နင် ဘယ်လောက် ပေးလိုက်လဲ ”

“ ၂၀၀၀ ပဲ ပေးလိုက်တယ်။ ”

“ မဆိုးဘူးပဲ။ အေး .. ငါလဲ ဒီနေ့ မဆိုးဘူး။ နင့် တစ်ကိုယ်လုံး နံစော်နေတာပဲ .. သွား လမ်းထိပ်မှာ ရေသွားချိုးစမ်း ”

“ အေးရီ ရေ .. ”

အိမ်ရှေ့မှ အော်ခေါ်သော အသံကြောင့် ထင်ရှားအောင် အမေ အေးရီ က အိမ်ရှေ့သို့ ထွက်သွားသည်။

“ ဘာလဲ .. အောင်ဟိန်း .. ငါ ဒီနေ့ မခံနိုင်ဘူး။ နင့်ဘာသာ ချ ချင်တဲ့နေရာ သွားချ .. ”

“ ဟာ နင်ကလဲ .. လုပ်ပါဟာ .. ၅၀၀၀ ပေးပါမယ်။ ငါ အရမ်းဆာ နေလို့ပါ။ မြန်မြန်လုပ်မှာပါဟ ”

“ ဟင်း ... နင်တို့ကလဲ ဘုံစံနန်းမှာ ငါတစ်ယောက်ပဲ ဖာခံစားနေတာ မဟုတ်ဘူးဟဲ့။ မိစု တို့ ခင်မြ တို့ဆီ သွား ချပါလား ”

“ ဟာ .. အဲ့ကောင်မတွေက နင့်လောက် သဘောမကောင်းဘူး။ ဟဲ .. နင်ကမှ ငါ့အကြိုက် အကုန်သိတာ။ လုပ်ပါဟာ ..နောက်ခါကျ ပိုပေးပါမယ်။ အခုတော့ ငါလဲ ၅၀၀၀ ပဲ ပါလာလို့ပါ။ လာစမ်းပါ အေးရီရယ် .. မင်းကလဲ ချစ်လို့ပါဆိုနေ .. ”

“ သွားပါ .. ချစ်လို့ ချစ်လို့ နဲ့ တစ်ခါမှ ပိုရတယ် မရှိဘူး။ ဟဲ့ .. မြန်မြန်လုပ်နော်။ ငါ ဒီနေ့ စိတ်ပါတာ မဟုတ်ဘူး ”

“ အေးပါ .. ငါ လုပ်ရင် နင်စိတ်ပါ လာစေရမယ်။ နင် ပင်ပန်းနေတယ်မလား .. ငါ ရှယ် မှုတ်ပေးမယ်။ ဇိမ်လဲကျ ပိုက်ဆံလဲရ ဘယ်လောက် မိုက်လဲ .. ”

“ ဟဲ့ .. ထင်ရှားအောင် .. ရော့ .. ရေချိုးပြီးရင် ဒါ ဝတ်လိုက်။ ငါ အလုပ် လုပ်မလို့ အိမ်ပြန်မလာနဲ့ဦး။ လမ်းထိပ်မှာပဲ ဆော့နေ။ ခဏနေမှ အိမ်ပြန်လာခဲ့။ ပြန်လာရင် ဒေါ်သန်းလှဆိုင်ကနေ ဆန်တစ်ဗူး အကြွေးဝယ်လာခဲ့။ မနက်ဖြန် အကြွေးတွေ အကုန် ငါလာဆပ်မယ်ပြောပြီး ရအောင် ယူခဲ့ .. ကြားလား ”

ထင်ရှားအောင်က အောင်ဟိန်းကို ဘုကြည့် ကြည့်လိုက်သည်။ စိတ်ထဲမှာတော့ မအေဖြစ်သူကို အော်ဟစ်ကာ ပြန်ပြောလိုက်ချင်သည်။

သို့သော် ထင်ရှားအောင် ခုချိန်ထိ သူ့အမေကို တစ်ခွန်းမှ ပြန်မပြောဘူးပေ။ ခံစားရသမျှ ရင်ဘတ်ထဲမှာ သိမ်းထားလေ့ရှိသည်။

အောင်ဟိန်းက အေးရီ ပုခုံးကို ဖက်ကာ အခန်းထဲသို့ ဝင်သွားလေသည်။ ခဏနေတော့ အခန်းထဲမှ အေးရီ ရဲ့ ညည်းသံများ ထွက်ပေါ်လာသည်။

“ အာ့ .. ကောင်းလိုက်တာ ငအောင်ရယ် .. အာ့ .. ကျွတ် .. ကျွတ် .. နင် မှုတ်တာလောက် ဘယ်သူမှ မကောင်းဘူး .. အာ့ ..  ထိတယ် .. ကြိုက်တယ်  .. အာ့ ... ”

ထင်ရှားအောင် မကြားချင်သော အသံများကြောင့် အိမ်မှာ ဆက်မနေချင်တော့။ လမ်းထိပ်သို့ ရေချိုးရန် အမြန်ဆုံး ပြေးထွက်သွားတော့သည်။

မျက်လုံးမှာ မျက်ရည်များ ဝေ့နေပြီး လက်သီးကို ဆုပ်ကာ အိမ်နဲ့ အဝေးဆုံးသို့ရောက်အောင် ပြေးနိုင်သမျှ ပြေးလိုက်တော့သည်။

.......................

အခန်း ( ၄ )

မေဘယ်လ်က အသံဖမ်းစက်ကို တစ်ချက်နှိပ်ပြီး အသံသွင်းခြင်းကို ခဏရပ်လိုက်သည်။

“ ဘာလဲ .. ကျုပ် ငယ်ဘဝကို နားထောင်ပြီး စိတ်ညစ်သွားပုံပဲ .. ”

“ ရှင့် ငယ်ဘ၀ က ကျွန်မ ထင်ထားတာထက်တောင် ဆိုးနေပါလား ”

“ ဆိုးလား ကောင်းလားဆိုတာ ကျုပ် မသိတော့ဘူး။ မေးတဲ့သူရှိလို့သာ ကျုပ် ပြန်ပြောပြတာ။ အမှန်တော့ ဒါတွေကို မေ့ထားတာ ကြာခဲ့ပြီ။ ဒါနဲ့ မင်း ဧည့်ချိန်တိုးဖို့ လာဘ်မထိုးထားဘူးထင်တယ် ”

“ အဲ့လို ရလို့လား .. ”

“ ရတာပေါ့။ လောကကြီးမှာ အရာအားလုံးက အခြွေရံ နည်းနဲ့ သွားနေကြတာ ”

“ ဘယ်လို ..  ”

“ ဒီလိုလေ .. ခြွေ ရင် ရံ လိမ့်မယ်။ လောကကြီးမှာ မခြွေပဲ လာပြီး ရံတာဆိုလို့ သေခြင်းတရားပဲရှိတယ် .. ဟား .. ”

“ ကျွန်မ သဘောပေါက်ပြီ။ နောက်တစ်ခါ လာရင် လာဘ်ထိုးခဲ့မယ်။ အချိန် ပိုရတာပေါ့။ ကဲ .. ဆက်ပြောပါဦး ..  ”

“ ဆက်ပြောရမယ်ဆိုရင်တော့ မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးရလိမ့်မယ် ”

ထင်ရှားအောင် ဆေးလိပ် နောက်တစ်လိပ် မီးညှိလိုက်ပြီး ခေါင်းမော့ကာ အငွေ့များကို အားရပါးရ မှုတ်ထုတ်လိုက်သည်။

...................

“ အာ .. ငါလိုးပဲ .... ”

“ ခွမ်း !!! .... ”

ခိုင်ကြီး သောက်လက်စ အရက်ပုလင်းကို စားပွဲဇောင်းနဲ့ ရိုက်ခွဲလိုက်ပြီး လက်ထဲမှာ ကျန်နေသည့် ပုလင်းကွဲကို ကိုင်ကာဘေးဝိုင်းက ကောင်တွေကို ဂျိုကြည့် ကြည့်လိုက်သည်။

“ လီးပဲ .. ဇိမ်ခံချင်လို့ အရက်လာသောက်တာ။ မင်းတို့ စောက်တင်းတွေ နားထောင်ဖို့ လာထိုင်နေတာ မဟုတ်ဘူး။ မအေလိုးတွေ ယောက်ျားတွေဖြစ်ပြီး စောက်တင်းတုတ်နေတာ နားငြီးလာပြီ။ ဘာလဲ .. ဟေ့ကောင် မကျေနပ်ဘူးလား .. ”

“ မ .. ဟုတ် .. ပါဘူး ကိုခိုင်ကြီးရာ။ အေးဆေးသောက်ပါဗျာ။ မပြောနဲ့ဆိုလဲ မပြောတော့ပါဘူး ”

“ အေး .. စောက်ပါးစပ်ပိတ်ပြီးသောက် .. အာရုံလာမနောက်နဲ့။ ငါလုပ်လိုက်လို့ မင်းတို့ခေါင်းတွေ ရာသီလာ သွားမယ် ”

ဘေးဝိုင်းမှာ ထိုင်နေတဲ့ ချာတိတ် နှစ်ယောက်မှာ အသာလေး ထ ပြီး လစ်သွားတော့သည်။

“ ခိုင်ကြီး .. မင်းလုပ်တာနဲ့ ငါတော့ ဖောက်သည်ပျက်ပေါင်းများနေပြီ ”

“ ဘာလဲ ချက်ဖော .. မင်းက မကျေနပ်ဘူးလား။ မကျေနပ်ရင် မင်းဆိုင်ကို ခုချက်ချင်း မြေလှန်လိုက်ရမလား .. ”

“ မင်းကလဲကွာ .. ငါက ဒေါသလေး နည်းနည်းထိန်းဖို့ပြောတာပါကွ ”

“ စောက်ပိုတွေ ပြောမနေနဲ့။ ဟေ့ကောင် စောက်ကြွေးနဲ့ သောက်နေတာမဟုတ်ဘူး။ စောက်ဆံလက်ငင်ပေးပြီး သောက်နေတာ။ အေး တန်အောင်ပေးတယ်။ တန်အောင် ပြန်ယူမယ်။ အာရုံတော့ လာ မနောက်နဲ့။ ငါ့လာကြည့်မနေနဲ့ တစ်ပိုင်းယူပြီး မြန်မြန် လာချပေးစမ်း .. ”

ချက်ဖော ခေါင်းကုတ်ကာ အရက်တစ်ပိုင်း သွားယူပြီး ခိုင်ကြီးဆီ  ချပေးလိုက်သည်။

ခိုင်ကြီးဆိုသည်မှာ ဘုံစံနန်း ရဲ့ လူမိုက်တစ်ယောက်။ လွန်ခဲ့တဲ့ ၅နှစ်က လူသတ်မှုဖြင့် ထောင်ကျနေရာကနေ လွှတ်လာသူဖြစ်သည်။

အသက်က ၂၉ နှစ်။ အသားညိုညို အရပ်ခပ် ပြတ်ပြတ် နဲ့ ဗလတော့ မရှိ ဇ တော့ ရှိသည်ဆိုသော လူမျိုး။ တစ်ချိန်လုံးနည်းပါး အပေါ်ပိုင်း အဝတ် ဗလာ နဲ့ နေတတ်ပြီး ရရ စားစား အစုံလုပ်သော လူတစ်ယောက်ဖြစ်သည်။ လူပျိုလူလွတ်ဖြစ်ပြီး မိန်းမ ကိစ္စ စိတ်မဝင်စား။

ကူလီ ထမ်းသည်။ တစ်ခါတစ်လေ ပန်းရံလိုက်သည်။ တစ်နေ့ရသမျှ တစ်နေ့ အကုန်သုံးသည်။ အရက်ကြိုက်သည်။ လေပျိုချိန်ဆို ချက်ဖော အရက်ဆိုင်တွင် အချိန်မှန် ရှိနေတတ်သည်။ အရက်သောက်နေချိန် စကားလာပြောလျင် မကြိုက်။ တစ်ယောက်တည်း အေးဆေးသောက်လေ့ရှိသည်။ သောက်ပြီးရင်လဲ မရစ်တတ်။ အေးဆေး ထ ပြန်ပြီး အိမ်ပြန် အိပ်တော့သည်။

ဘုံစံနန်းတွင် သူခိုး၊ လူမိုက်၊ လူလိမ်၊ သူတောင်းစား .. စသဖြင့် စရိုက်ပေါင်းစုံ ရှိကြသည်။ ထိုထဲတွင် ခိုင်ကြီးသည် လူမိုက်ဘွဲ့ ရထားသူဖြစ်ပြီး ဘုံစံနန်းမှ လူမိုက်များကပင် လန့်ရသော လူမိုက်တစ်ယောက်ဖြစ်သည်။ သွေးအေးပြီး မကျေနပ်လျင် စကားနဲ့မပြော။ လက်နဲ့ တစ်ခါတည်း ဖြေရှင်းတတ်သူမို့ ဘုံစံနန်းက လူမိုက်အများစုက ခိုင်ကြီးရဲ့ ဇ ကို သိသဖြင့် ခပ်ကင်းကင်း နေကြသည်။

“ အာ .. ဘာကောင်လဲ .. ”

ခိုင်ကြီး သူ့ဘေးနားကို ဖြတ်ကနဲ လာထိုင်သောသူတစ်ယောက်ကြောင့် လန့်သွားပြီး တံတောင်ကို မြှောက်ကာ နောက်ပြန် ကျွေးမည့် ပုံစံ ပြင်လိုက်သည်။

“ ဟာ .. ကျေးဇူးရှင်လေး .. မင်းကွာ မပြောမဆိုနဲ့ လာထိုင်တော့ ငါက ဘာကောင်လဲဆိုပြီး တွယ်တော့မလို့ ”

“ ဟီး .. ကျွန်တော်ပါဗျ။ ကိုကြီး မြေပဲလှော် စားချင်တယ်ဗျာ ”

“ ဟေ့ကောင် ချက်ဖော  .. မြေပဲ တစ်ပွဲ ချစမ်း။ ဒီမှာ ငါ့ကျေးဇူးရှင်လေးက မြေပဲလှော် စားချင်နေတယ် .. မြန်မြန် ချ .. ”

ထင်ရှားအောင် မြေပဲ တစ်စိပြီး တစ်စိစားရင်း ခိုင်ကြီးကို ပြုံးပြလိုက်သည်။ ခိုင်ကြီးမှာ ဘုံစံနန်းတွင် သူ သံယောဇဉ် ရှိသူဆိုလို့ ထင်ရှားအောင် တစ်ယောက်သာရှိသည်။ အဘယ်ကြောင့်ဆိုသော် ထင်ရှားအောင်သည် သူ့အသက်ကို ကယ်ခဲ့သော အသက်သခင် ကျေးဇူးရှင် ဖြစ်နေတော့သည်။

အကြောင်းမှာ ...။

ခိုင်ကြီးတစ်ယောက် မိုးသည်းသော ညတစ်ညတွင် ချက်ဖော ဆိုင်မှ ရေချိန်ကိုက်ပြီး ပြန်အလာ လမ်းမှာ ချော်လဲပြီး လမ်းဘေး မြောင်းထဲသို့ ထိုးကျသွားလေသည်။ မြောင်းမှာ ၆ပေလောက်နက်ပြီး ခိုင်ကြီး ပြုတ်ကျသွားတော့ မြောင်းအောက်ခြေမှာရှိတဲ့ ဝါးချွန်နဲ့ ဖနောင့်စောင့်မိကာ ခြေထောက် ပေါက်သွားသည်။ မိုးက သည်းထန်စွာ ရွာနေတာမို့ မြောင်းထဲတွင် ရေ အပြည့်ဖြစ်နေပြီး လမ်းပေါ်ပင် ရေလျှံကျနေချိန်ဖြစ်သည်။

အပေါ်ကို ကြိုးစားပြီး ရုန်းတက်သော်လည်း ခြေထောက်မှ ဒဏ်ရာကြောင့် အပေါ်မရောက်နိုင်ဖြစ်နေသည်။ ရွံ့စေး မြောင်းဖြစ်တာမို့ တက်လိုက် ချော်လိုက်ဖြင့် ခိုင်ကြီးတစ်ယောက် ရေတိမ်နစ်မယ့် အခြေနေသို့ ဖြစ်လာသည်။ မိုးရေကြောင့် မြောင်းမှာ တဖြေးဖြေး ရေများလာပြီး မျက်နှာ ဖော်ရုံပဲ ရတော့သည်အထိ ရေတက်လာသည်။ အပေါ်မှာလဲ ဘာမှ လမ်းဆွဲစရာမရှိသောကြောင့် ခိုင်ကြီး ဒုက္ခ ရောက်လေပြီ။

မိုးသည်းနေချိန်မို့ ပတ်ဝန်းကျင်မှာ လူသွားလူလာ မရှိပေ။ ပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူညီတောင်းသော်လည်း မိုးသံကြောင့် သူ့အော်သံက ဘယ်သူမှမကြား။ တဖြေးဖြေးနဲ့ ရေများက သူ့မျက်နှာကို ဖုံးအုပ်သွားပြီး ရေနစ်သွားလေသည်။ ကိုယ့်ကိုကိုယ် သေတော့မည်ဟု တွေးလိုက်ကာ ခိုင်ကြီး စိတ်ကို တင်းမထားတော့ပဲ လျော့ချလိုက်တော့သည်။

ထိုစဉ် သူ့ခေါင်းပေါ်သို့ သစ်ကိုင်းတစ်ချောင်း ကျလာတာကို သတိထားလိုက်မိသည်။ ခိုင်ကြီး သစ်ကိုင်းကို အမိရ လှမ်းဆွဲလိုက်ပြီး ရေပြင်ပေါ်ကို မျက်နှာ ဖော်လိုက်သည်။ လမ်းပေါ်မှာ ကောင်လေးတစ်ယောက်က သူ့အား သစ်ကိုင်းချောင်းလှမ်းပစ်ပေးပြီး ဆယ်နေမှန်း သိလိုက်တော့ သစ်ကိုင်းချောင်းကို အားပြုဆွဲရင်း တဖြေးဖြေး အပေါ်သို့ရောက်အောင် နာနေသော ခြေထောက်ကို အားကုန် သုံးပြီး ကုစ်ခြစ်ကာ တက်လိုက်သည်။ အပေါ်မှ ကောင်လေးကလဲ သူ့အားဖြင့် ရသလောက် နောက်ပြန်ဆွဲနေရင်း သူ့ကို အပေါ်ရောက်အောင် ကူညီပေးနေသည်။ ကိုယ်တစ်ပိုင်းလောက် အပေါ်ရောက်သွားတော့ ခိုင်ကြီး ခြေထောက်ကို ရသလောက် ကားလိုက်ပြီး မြောင်းအပေါ်ဘက်သို့ ခြေတစ်ဖက် လှမ်းတင်ကာ လက်ကိုအားစိုက်ပြီး အပေါ်ထိ ရောက်အောင် တက်နိုင်ခဲ့သည်။

အပေါ်ရောက်သွားတော့ လမ်းမ ပေါ် ပက်လက်လှန်ကာ ငါ မသေဘူးဆိုတဲ့ အသိကြောင့် တဟားဟား ရယ်လိုက်တော့သည်။ ဘေးနားမှာ ရပ်ကြည့်နေသော ကောင်လေးကို သေချာ စိုက်ကြည့်လိုက်ပြီး ...။

“ ကျေးဇူးတင်တယ် အသက်သခင် ကျေးဇူးရှင်လေးရေ။ မင်းမှ မကယ်ရင် ငါ ရေတိမ်နစ်မှာ သေချာတယ်။ ကျေးဇူးတင်တယ်ကွာ .. ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ ..”

“ ထင်ရှားအောင် .. ”

“ အေး .. ငါ့နာမည်လဲ မှတ်ထား .. ခိုင်ကြီး တဲ့။ ဒီရပ်ကွက်ကို အခုမှ ပြောင်းလာတာ။ မင်းက ဒီချိန်ကြီး ဒီနားမှာ ဘာလုပ်နေတာလဲ ”

“ အိပ်မပြန်ချင်သေးလို့ အကြော်တဲထဲမှာ ထိုင်နေတာ။ အိမ်ပြန်မယ်လုပ်တော့ မြောင်းထဲမှာ လှုပ်စိ လှုပ်စိနဲ့ ဘာဖြစ်နေတာလဲ သိချင်လို့ကြည့်ရင်း ခင်ဗျား ရေနစ်နေမှန်း သိလို့ သစ်ကိုင်းလှမ်းပေးလိုက်တာ။ တော်သေးတယ် အပေါ်ရောက်လာလို့ .. ”

“ ခိုင်ကြီး .. ခိုင်ကြီး .. မင်းဟာက လူသတ်လို့ မသေပဲ ချော်လဲလို့ သေတော့မလို့ကွာ .. ဟား .. ဟား .. ငါလိုးတဲ့ ရှက်စရာပဲ .. ဟား  ”

ခိုင်ကြီးတစ်ယောက် လမ်းမပေါ် ပက်လက်လှန်ရင်း သူ့အဖြစ်သူတွေးပြီး အော်ရယ်လိုက်သည်။

အဲ့ဒီချိန်ကစပြီး ထင်ရှားအောင်မှာ ခိုင်ကြီးရဲ့ အသက်သခင် ကျေးဇူးရှင်ဖြစ်သွားတော့သည်။ ခိုင်ကြီးက ဘုံစံနန်းကို ရောက်သည်ဆိုတာနဲ့ ရန်ပွဲ ဆက်တိုက်ဖြစ်ကာ တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူရင်း လူမိုက်ဘွဲ့ကို ရခဲ့တော့သည်။ ဘယ်လောက်ပဲ ဆိုးဆိုး ထင်ရှားအောင်နဲ့ တွေ့ရင် ရိုရိုကျိုးကျိုး ဖြစ်သွားရှာသည်။ ထင်ရှားအောင်က ခိုင်ကြီးကို အစ်ကို တစ်ယောက်လို ခင်ပြီး ခိုင်ကြီး အရက်သောက်နေချိန် မြေပဲလှော် လာတောင်းစားလေ့ ရှိသည်။

“ ကဲ ကျေးဇူးရှင်လေး .. စားဗျာ။ ရော့ မုန့်ဖိုး ၅၀၀ ယူဦး ”

“ မယူချင်ပါဘူးဗျာ။ မြေပဲလှော်စားချင်လို့ လာထိုင်တာ။ ပိုက်ဆံ လိုချင်လို့ လာတာမဟုတ်ဘူးဗျ ”

“ ကောင်းကွာ။ မင်းကတော့ နာမည်နဲ့လိုက်အောင် တစ်နေ့မှာ ထင်ရှားမယ့် ကောင်ဆိုတာ ငါ သိနေတယ်။ ဒါပဲကွ .. လူဆိုတာ ရတိုင်းမယူရဘူး။ ကိုယ်လိုအပ်တာပဲ ယူရတယ်။ ဘယ်တော့မှ လောဘမကြီးနဲ့။ကဲ .. ငါ ပြန်တော့မယ်။ မင်း တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို အချိန်မရွေးပြော ကြားလား .. အေ့ .. ”

“ ဟုတ် .. တာ့တာ .. ”

“ အေး တာ့တာကွာ .. ချက်ဖော  ငါ့အတွက် ပါဆယ် ရပြီလား ”

“ ရပြီ ခိုင်ကြီး။ ဒီနေ့တော့ ငါ့မိန်းမ ဈေးမသွားလိုက်ရလို့ကွာ။ မနက်ဖြန်ကျမှ မင်းကြိုက်တဲ့ မြိတ်ငပိထောင်းလေး လုပ်ပေးထားမယ် ”

“ အေး အဲ့လို အလိုက်သိစမ်းပါဟ .. ကဲ သွားပြီဟေ့ .. ”

ခိုင်ကြီးက ပါဆယ်တစ်ပိုင်းကို ခါးကြားထိုးကာ အရက်ဆိုင်ထဲကနေ ထွက်သွားသည်။ ထင်ရှားအောင်ကတော့ မြေပဲလှော်ဝါးရင်း ဇိမ်ကျနေလေသည်။

.....................

ဒီနေ့တော့ ပရဟိတ စာသင်ဝိုင်း လာသင်မှာမို့ ပန်းလေးမှာ ဘုံစံနန်းမှာပဲ ကျန်ခဲ့သည်။ ထင်ရှားအောင်လဲ စာသင်ချင်ပေမယ့် သူ့အမေရဲ့ ခိုင်းစေမှုဖြင့် ..ထုံစံအတိုင်း စတိုင်ဆိုင်ရှေ့မှာ ပိုက်ဆံ တောင်းခဲ့သည်။ ပန်းလေး မပါသောကြောင့် ဒီနေ့အဖို့ အလုပ်က အဆင်မပြေပေ။ လွယ်အိပ်ထဲမှ အကြွေများကို ရေတွက်ကြည့်တော့ ၂၃၀၀ သာ ရှိသည်။ ဒီပုံစံအတိုင်းဆို ဒီနေ့ စုကြေးပေးဖို့ အဆင်မပြေတော့လို့ ထင်ရှားအောင် စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာခဲ့သည်။

ကြည်ပြာတို့ အလုပ်လုပ်သော လမ်းကြားထဲ ရောက်သောအခါ ကြည်ပြာကို တွေ့မလားလို့ ရှာကြည့်သည်။ ကြည်ပြာကို မတွေ့ရပဲ တစ်ခြား အော်ဒါ ရှာနေသော မိန်းကလေး တစ်အုပ်ကို တွေ့လိုက်သည်။ လမ်းကြားထဲမှာ စော်လာရှာသူများ နဲ့ အော်ဒါ လိုက်ချင်သူများ အချင်းချင်း အထှာပေးကာ အလုပ်ဖြစ်ရန် ကြိုးစားနေကြသည်။ ထင်ရှားအောင် ကြည်ပြာကို ရှာမတွေ့သောကြောင့် အိမ်ကိုပဲ ပြန်ရန် လမ်းကြားထဲမှ လှည့်ထွက်လာခဲ့သည်။

တစ်နေရာရောက်တော့ ..။

“ ဟိတ် မောင်လေး .. ”

“ ဟာ မမကြည်ပြာ .. ကျွန်တော် မမကို လိုက်ရှာနေတာ။ မမ ဒီနေ့ အလုပ် မလုပ်ဖူးလား။ ဟင် .. မမ မျက်နှာက ဘာဖြစ်တာလဲ ”

ကြည်ပြာမှာ ပါးတစ်ခြမ်း ရောင်ကိုင်းနေသည်။ ဆံပင်နဲ့ ဖုံးထားပေမယ့် ထင်ရှားအောင် အနီးကပ်ကြည့်နေသည်မို့ မြင်လိုက်သည်။

“ မမ တို့ အလုပ် လုပ်တဲ့ လမ်းထဲမှာ ကောင်မလေးတွေ ရှိသေးလား။ တွေ့ခဲ့လား သူတို့ကို ..”

“ အင်း တွေ့ခဲ့တယ်။ အုပ်စုလိုက်ကြီး ရှိတယ်။ မမ မေးနေတယ်လေ မျက်နှာက ဘာဖြစ်တာလဲလို့ ”

“ တောက်စ် .. လုပ်ထားဦးပေါ့ကွာ။ ဂေါင်း အားကိုးနဲ့ စွာ နေတာ စောက်ကောင်မတွေ။ မနေ့က မမ တို့ အဲ့ဒီလမ်းမှာ အော်ဒါ ရှာနေတုန်း ဂေါင်း တစ်ယောက် ရောက်လာပြီး မမတို့ကို မောင်းထုတ်တယ် ”

“ ဂေါင်းဆိုတာ ဘာလဲဗျ ”

“ ဟင်း .. နင်နားလည်အောင် ငါ ဘယ်လို ပြောရပါ့မလဲ။ ဂေါင်းဆိုတာ မမတို့လို မိန်းကလေးတွေကို ခိုင်းစားတဲ့ လူပေါ့။ ရိုင်းရိုင်းပြောရရင် ဖာဂေါင်းပေါ့ဟယ်။ ငါလဲ နင့်ကို အဲ့လိုကြီး မပြောချင်ပါဘူး ”

“ ဟုတ်လား .. အဲ့လို လူမျိုး ရှိတယ်ပေါ့။ မမ မှာရော ဂေါင်း ရှိလား ”

“ မမ တို့က ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လုပ်စားတာ။ ဂေါင်း မရှိဘူး။ သူတို့က ဂေါင်း ရှိတယ်။ အဲ့ဒီ ဂေါင်းက သူတို့ကို စောင့်ရှောက်ပေးတယ်။ အဲ့ဒါ မမ နဲ့ သူတို့ဂေါင်းနဲ့ မနေ့က စကားများကြတယ်။ အရင်ကတော့ ခဏခဏ စကားများဘူးပေမယ့် မမနဲ့ မူယာကို ဘာမှမလုပ်ခဲ့ဘူး။ မနေ့က အဲ့ဒီ ဂေါင်းက သူ့နယ်မြေမှာ လုပ်စားချင်ရင် သူ့ကို တစ်ဝက် ပေးရမယ်တဲ့။ မမက မပေးနိုင်ဘူးပြောရော အဲ့လူက မမကို ပါးရိုက်ပြီး မောင်းထုတ်တယ်။ အခု မမ မျက်နှာ ဘာဖြစ်သွားလဲဆိုတာ မင်းမြင်တဲ့အတိုင်းပဲ ”

“ ဟာ .. မအေလိုးကြီး .. ငါ့ မမ ကိုကွာ .. ”

ထင်ရှားအောင် ဒေါသဖြစ်သွားသည်။ ကြည်ပြာကို ထိရင် သူပါ နာတတ်သည်။ အစ်မ တစ်ယောက်လို ခင်ရသူမို့ ကြည်ပြာကို လုပ်သွားသော ဂေါင်း ဆိုသူကို စိတ်ထဲကနေ မကျေနပ်ဖြစ်နေတော့သည်။

“ ဟဲ့ ထင်ရှားအောင် .. စကားပြောရင် မဆဲနဲ့လို့ ငါပြောထားတယ်လေ ”

“ ဟုတ် .. ဒေါသဖြစ်သွားလို့ပါ မမ။ အဲ့ဒီ ဂေါင်းဆိုတာ ယောက်ျားလား မိန်းမ လား ”

“ ယောက်ျား မို့ မမ ဘာမှ ပြန်မလုပ်နိုင်ပဲ ဒီအတိုင်း လှည့်ပြန်ခဲ့တာပေါ့။ မိန်းမသာဆိုရင် သူသေကိုယ်သေ ချတယ်။ ယောက်ျားကြီးဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ရိုက်သွားတာများ .. တောက်စ် .. ဒင်းကို လုံး၀ မကျေနပ်ဘူး ”

“ ဒါဆို .. အဲ့ဒီကောင်မလေးတွေ အလုပ်ရရင် သူက ပိုက်ဆံ တစ်ဝက်ရတာပေါ့ ဟုတ်လား ”

“ အင်း သူ့ကို တစ်ဝက်ပေးရတယ်။ သူက အော်ဒါ ရှာပေးတယ်။ မင်းပြောသလို အလုပ်အပ်တဲ့သူ ရှာပေးတာပေါ့ကွာ။ နောက်ပြီး ပြဿနာ မဖြစ်အောင် စောင့်ရှောက်ပေးတယ်။ သူ့ လက်အောက်မှာ အလုပ်လုပ်ရင် ဘာပြဿနာမှ မဖြစ်ဘူးပေါ့။ သဘောပေါက်လား မမ ပြောတာ .. ”

“ အင်း ပေါက်တယ်။ ကျွန်တော် အဲ့ဒီလူကို မကျေနပ်ဘူးဗျာ။ တစ်ခုခု ပြန်လုပ်ချင်တယ် ”

“ ဟဲ့ နင်က ချာတိတ်ပဲ ရှိသေးတာ ဘာလုပ်နိုင်မှာမို့လဲ။ ကဲ တော်ပြီ အဲ့ဒါတွေ တွေးမနေနဲ့တော့ ဒီနေ့ ပန်းလေး မပါဘူးမလား ”

“ မပါဘူး မမ .. စာသင်ဝိုင်းရှိလို့ လိုက်မလာဘူး။ မမ ကျွန်တော် ချာတိတ်မဟုတ်တော့ဘူးဗျ။ ဒီနေ့ ကျွန်တော် (၁၅)နှစ် ပြည့်ပြီ ”

“ ဟယ် .. ဟုတ်လား ဒါဆို ဒီနေ့က နင့်မွေးနေ့ပေါ့ ”

“ ဟုတ် .. ”

“ ဒါဆို မမ မင်းကို မွေးနေ့ပွဲ လုပ်ပေးမယ် .. နေဦး ဒီမှာ ခဏစောင့်နေ .. မမ ပြန်လာခဲ့မယ် ”

ကြည်ပြာက ခပ်လှမ်းလှမ်းမှာရှိတဲ့ စတိုင်းဆိုင်ထဲ ဝင်သွားလိုက်သည်။ ပြန်ထွက်လာတော့ လက်ထဲမှာ ဖယောင်းတိုင် ၃ချောင်းစိုက်ပြီး မီးထွန်းထားသော ကိတ်မုန့်အသေးလေး တစ်လုံး ပါလာသည်။

“ ကဲ .. ငါ့မောင်လေး (၁၅)နှစ်ပြည့် မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာထိ အသက်ရှည်ကျန်းမာပြီး ပျော်ရွှင်ပါစေကွယ်။ Happy Birthday ထင်ရှားအောင် .. ”

ထင်ရှားအောင် ပြောမပြတတ်အောင် ဝမ်းသာသွားသည်။ သူ့ဘဝမှာ မွေးနေ့ပွဲဆိုတာ တစ်ခါမှ မလုပ်ဖူးပေ။ သူ့ကို ဂရုတစိုက်နဲ့ မွေးနေ့ပွဲလုပ်ပေးသော ကြည်ပြာကို ငေးကြည့်ရင်း မျက်ရည်များ စီးကျလာတော့သည်။

“ ဟယ် .. မွေးနေ့ရှင်လေးက မငိုရဘူးလေ ”

“ ကျွန်တော် ဝမ်းသာလို့ပါဗျာ။ ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး .. ကျေးဇူးပါ မမကြည်ပြာ ”

“ ကဲ .. မငိုနဲ့တော့ .. ဖယောင်းတိုင် မမှုတ်ခင် ဆုတောင်းလိုက်။ ပြီးရင် တစ်ခါတည်း ငြိမ်းအောင် မှုတ် .. ”

ထင်ရှားအောင် မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်သည်။ ပြီးတော့ တစ်ချက်တည်း ငြိမ်းအောင် မှုတ်ထည့်လိုက်သည်။

“ ပြောပါဦး .. ဘာဆုတောင်းလိုက်လဲ .. ”

“ ကျွန်တော် ဂေါင်း တစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းလိုက်တယ် ”

“ ဟယ် .. ဘယ်လို .. နင် ဘာလို့ အဲ့လို ဆုတောင်းတာလဲ .. ”

“ မမတို့လို မိန်းကလေးတွေကို စောင့်ရှောက်ချင်လို့။ အထူးသဖြင့် မမကြည်ပြာကို ကာကွယ်ပေးချင်လို့ ”

“ မောင်လေးရယ် .. ”

ကြည်ပြာက ထင်ရှားအောင်ကို ဖက်လိုက်သည်။ ထင်ရှားအောင်က ကြည်ပြာကို တင်းကြပ်စွာ ပြန်ဖက်လိုက်သည်။

“ မမကို ကျွန်တော် ကတိပေးတယ်။ မကြာခင် အဲ့ဒီလမ်းမှာ ကျွန်တော် ဂေါင်း လုပ်မယ်။ မမ တို့ကို ဘယ်သူမှ ဒုက္ခမပေးစေရဘူး .. ”

ထင်မှတ်မထားသော စကားများကြောင့် ထင်ရှားအောင်ကို ကြည့်ကာ ကြည်ပြာ အံ့သြနေတော့သည်။ထင်ရှားအောင်က မှုံယိုနေသော မျက်လုံးများဖြင့် လမ်းကြားဘက်သို့ လှမ်းကြည့်ရင်း အံကြိတ်ထားလေသည်။

............................

အခန်း ( ၅ )

ထင်ရှားအောင် အိပ်ယာထလာပြီး မျက်နှာသစ်ဖို့ အိမ်ရှေ့ကို ထွက်လာသည်။ ဘုံစံနန်း ရပ်ကွက်ထဲမှ  လူများ အလုပ်သွားချိန်ရောက်ပေမယ့်

အလုပ်မသွားကြပဲ တစ်နေရာသို့ သွားနေကြသည်ကို ထင်ရှားအောင် မြင်လိုက်သည်။

“ ဘာလိုဖြစ်တာလဲ .. ”

“ အအေးပတ်ပြီး သေတာတဲ့ ”

အိမ်ရှေ့တွင် ခပ်သုတ်သုတ် ဖြတ်လျှောက်သွားသော မိန်းမကြီး နှစ်ယောက် ပြောနေတာကို ကြားလိုက်သည်။ ထင်ရှားအောင်လဲ မျက်နှာပင် မသစ်တော့ပဲ မိန်းမကြီးများ သွားရာဆီကို လှမ်းကြည့်လိုက်သည်။ ပန်းလေးရဲ့ အိမ်ရှေ့မှာ လူအုပ်ကြီး ရပ်နေတာကို မြင်တော့ ထင်ရှားအောင် ပန်းလေးအိမ်သို့ ပြေးလိုက်တော့သည်။ ပန်းလေးက ထင်ရှားအောင်ကို မြင်တော့ ..။

“ ကိုကို .. ကိုကို ... အီး .. ဟီး .. အီး ..... ”

ပန်းလေးက ထင်ရှားအောင်ကို ပြေးဖက်ပါတော့သည်။ ထင်ရှားအောင် ပန်းလေးအိမ်ထဲသို့ လှမ်းကြည့်လိုက်တော့ ပန်းလေး အဖေကျော်ကြီးဆိုသူမှာ အင်္ကျီဗလာနဲ့ ကြမ်းပြင်ပေါ် ပက်လက်လန်လျက် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။

“ ဖေဖေ သေပြီ။ အီး .. ဟီး .. ဟီး .. ကိုကို ဖေဖေ သေပြီတဲ့ .. အီး .. ဟင့် .. ဟင့် .. ”

ထင်ရှားအောင် ပန်းလေးကို ဖက်ထားရင်း ကျော်ကြီးကို ငေးကြည့်နေမိသည်။ ရပ်ကွက်ထဲမှ လူများက ကျော်ကြီးနားသွားကာ အနီးကပ် သေချာ ကြည့်ကြသည်။ ကျော်ကြီးမှာ မျက်လုံးဖွင့်လျက် ဇက်စောင်းကာ သေဆုံးနေလေသည်။ ရပ်ကွက်ထဲမှ လူများက မျက်လုံးကို ပိတ်ပေးပြီး ရပ်ကွက်ထုံးစံအတိုင်း အလောင်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် အဝတ်စားများ ဝတ်ပေးကာ ကျကျနန ပြင်ဆင်ပေးနေကြသည်။ ကျော်ကြီးမှာ ညက အသောက်လွန်ပြီး အင်္ကျီဗလာဖြင့် အိပ်ရာကနေ အအေးပတ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ တစ်ခါတည်း ရှောသွားခြင်း ဖြစ်သည်။

“ ကဲ .. ထုံးစံအတိုင်း နာရေးအတွက် ဝိုင်းလုပ်ပေးလိုက်ရအောင်။ အသုဘချဖို့တော့ နာရေးကူညီမှုအသင်းကို ငါ အခုပဲ သွားပြောလိုက်မယ် ”

“ ဒါနဲ့ .. အခု ကလေးမလေး တစ်ယောက်တည်း ကျန်ခဲ့တော့ ဘယ်လို လုပ်ကြမတုန်း .. ”

တီးတိုးတီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသည်။

“ ကျွန်မ ခေါ်ထားမယ် ..”

“ အို .. ညည်းက ကလေး သုံးယောက်တောင် ရှိနေတာပဲ။ ကျွန်မ ခေါ်မယ် .. ကျွန်မ တစ်ယောက်တည်းသမားဆိုတော့ အဖော်လိုတယ် ”

“ ဟဲ့ .. ညည်းတို့ ဘယ်လိုဖြစ်နေတာလဲ။ ဒီမှာ .. ကျွန်မ ခေါ်ထားမယ်။ ကလေးကို သေချာ စောင့်ရှောက်ပါမယ်လို့ ကတိပေးပါတယ် ”

မိန်းမကြီးများ တစ်ယောက်နဲ့တစ်ယောက် အပြိုင်ခေါ်နေကြသည်။ အကောင်း ခေါ်နေခြင်းမဟုတ်။ ခိုင်းစားရန် လူလိုသောကြောင့် အပြိုင်အဆိုင် ခေါ်နေကြခြင်းဖြစ်သည်။

“ ဘယ်သူမှ ခေါ်စရာမလိုဘူး။ ပန်းလေးကို ကျွန်တော် စောင့်ရှောက်မယ် ”

ပြတ်သားစွာ ထွက်ပေါ်လာတဲ့ အသံကြောင့် လူအုပ်ကြီးက ထင်ရှားအောင်ကို လှည့်ကြည့်လိုက်ကြသည်။

“ အောင်မယ် မင်းက စောင့်ရှောက်မယ် ဟုတ်လား .. ကောင်လေး အေးဆေနေစမ်း ..  ”

“ ခင်ဗျားတို့က ပန်းလေးကို ခိုင်းစားမလို့ ခေါ်ချင်နေတာမလား။ ပန်းလေး ဘယ်သူနဲ့ နေမလဲဆိုတာ သူကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်။ သူ နေချင်တဲ့သူနဲ့ နေမယ်။ ခင်ဗျားတို့ အတင်းခေါ်လို့ မရဘူး။ ခေါ်ရဲ ခေါ်ကြည့် ကျွန်တော် ရဲစခန်းသွားတိုင်မှာ .. ”

“ ဟယ် .. အေးရီသားက အစွာလေးတော့ .. ”

“ ပန်းလေး .. ပြောစမ်း .. ကိုကို နဲ့ အတူနေမယ်မလား ”

“ ဟုတ် .. ကိုကိုနဲ့ပဲ အတူနေချင်တယ် .. ဘယ်သူနဲ့မှ မနေချင်ဘူး ”

“ ကြားတယ်နော် .. ဒါ သူ့ဆုံးဖြတ်ချက်ပဲ။ ပန်းလေး .. လာ ”

ထင်ရှားအောင် ပန်းလေးလက်ကို ဆွဲပြီး အိမ်ပြန်လာခဲ့သည်။ အိမ်ရှေ့ရောက်တော့ သူ့အမေ အေးရီက ဒေါသမျက်လုံးများဖြင့် ကြည့်ကာ ..

“ နင်က ဘယ်လောက် ချမ်းသာနေလို့ သူ့ကို အိမ်ခေါ်လာရတာလဲ။ ထင်ရှားအောင် နင် တော်တော် တတ်နေတယ်ပေါ့ ”

“ အမေ .. ပန်းလေး နဲ့ ကျွန်တော် အမေ့ကို အတူတူ လုပ်ကျွေးပါ့မယ်။ သူ့ကို ဒီမှာ နေခွင့်ပြုပါ။ အမေ မနစ်နာစေရပါဘူး ”

“ အလဲ့ .. တယ်ဟုတ်ပါလား .. အင်း .. နင်ပြောသလိုဆိုတော့လဲ မဆိုးဘူး။ နှစ်ယောက်ပေါင်းပြီး တောင်းလို့ရသမျှ ငါ့အကုန် အပ်ရမယ်။ မအပ်လို့ကတော့ နင့် ပန်းလေးကို ငါကိုယ်တိုင် ရောင်းစားပစ်မယ် ကြားလား .. ”

“ စိတ်ချ .. အမေ စိတ်မညစ်စေရဘူး .. ”

“ ငါ ညပိုင်း အလုပ်လုပ်တဲ့အခါ နင့်ဟာမလေးကို အိမ်မှာ မရှိစေနဲ့နော်။ ငါ ပြောတာ သဘောပေါက်လား .. ”

“ ပေါက်တယ် ”

“ အေး ပြီးရော .. သွား အလုပ်လုပ်ဖို့ ပြင်တော့ .. ”

“ ကျွန်တော် ဒီနေ့ ပန်းလေး အဖေ အသုဘ ပြီးသွားမှ အလုပ် သွားမယ် ”

“ တယ် .. ဒီကလေး .. ဟင်း .... ပြီးတာနဲ့ ချက်ချင်းသွားနော်။ မိုးချုပ်တဲ့အထိ တောင်းပြီး ပြန်လာခဲ့ ”

အေးရီက ပြောဆိုပြီး ဂျိုင်းဒေါက်တစ်ဖက်ကို ကိုင်ကာ လှည့်ထွက်သွားသည်။ ထင်ရှားအောင်က ပန်းလေး ပုခုံးကို ဖက်လိုက်ပြီး ..

“ ညီမလေး .. ဘာမှ အားမငယ်နဲ့ .. ကိုကို တစ်ယောက်လုံး ရှိတယ်နော် ”

“ ဟုတ် .. ”

ပန်းလေး အဖေ အလောင်းကို နေ့ခင်း ၁၀နာရီလောက်မှာ နာရေးကူညီမှုအသင်းမှ လာခေါ်သွားသည်။ ထင်ရှားအောင်က ပန်းလေးနားမှ တစ်ဖဝါးမှ မခွာပဲ အတူနေပေးသည်။ ကျုးရပ်ကွက်ဖြစ်သောကြောင့် ပန်းလေးရဲ့ အိမ်ကိုလဲ လူတစ်ချို့က အပိုင်သိမ်းရန် စကားများနေကြသည်။

ထင်ရှားအောင်က ပန်းလေးကို လက်ဆွဲခေါ်လာရင်း လမ်းထိပ်က ပလက်ဖောင်း အုတ်ခုံပေါ်တွင် ထိုင်လိုက်သည်။

“ ဟာ .. ကျေးဇူးရှင်လေး .. အလုပ်မသွားဘူးလားကွ ”

“ ပန်းလေး အဖေ ဆုံးသွားပြီ ကိုကြီး။ ဒါကြောင့် ညနေမှပဲ အလုပ်သွားတော့မယ် ”

“ ဟေ .. ဟုတ်လား .. စိတ်မကောင်းပါဘူးကွာ။ ငါ မနက်အစောကြီး ကူလီ သွားထမ်းနေလို့ မသိဘူးဖြစ်သွားတယ်။ မင်းက ပန်းလေးကို ညီမလေးလို ချစ်မှန်း ငါသိပါတယ်။ မင်းညီမလေးဆိုတော့လဲ ငါ့ညီမလေးပဲပေါ့ကွာ .. မင်းတို့ ဘာစားပြီးပြီလဲ .. ”

“ ဘာမှ မစားရသေးဘူး .. ”

“ ကဲ .. ဒါဆို ငါနဲ့လိုက်ခဲ့။ လာစမ်းပါကွာ .. ”

ခိုင်ကြီးက ပန်းလေးနဲ့ ထင်ရှားအောင်ကို လက်ဆွဲကာ ထမင်းဆိုင်သို့ ခေါ်သွားလိုက်သည်။ မနက်ကတည်းက ဘာမှ မစားရေသေးသောကြောင့် ထမင်းဆီစမ်း နဲ့ ကြက်ဥကြော်ကို ပန်းလေးနဲ့ ထင်ရှားအောင်တို့ အားရပါးရ စားလိုက်ကြသည်။ ခိုင်ကြီးက သူတို့နှစ်ယောက်ကို ကြည့်ပြီး သဘောကျနေလေသည်။ ထမင်းစားပြီးတော့ ထင်ရှားအောင်က ပန်းလေးကို ဆိုင်ထဲမှာ ထိုင်နေစေပြီး ခိုင်ကြီးကို လက်တို့ခေါ်လိုက်ပြီးဆိုင်ပြင်ကို ထွက်လာခဲ့သည်။

“ ဘာပြောမလို့လဲကွ .. ”

“ ကိုကြီး .. ကျွန်တော်က ကိုကြီးရဲ့ ကျေးဇူးရှင်နော် .. ”

“ အေးလေ ..  အဲ့ဒီတော့ .. ”

“ ကိုကြီး ကျွန်တော့်ကို ကျေးဇူး ဆပ်ရမယ့် အချိန်ရောက်ပြီ ”

“ ဟေ .. ငါက ဘယ်လို ဆပ်ရမှာလဲ ကျေးဇူးရှင်လေးရဲ့ .. ”

“ ဒီလိုဗျာ ........ ”

ထင်ရှားအောင် စကားဆုံးတော့ ခိုင်ကြီးက ထင်ရှားအောင်ကို ကြည့်ပြီး တဟားဟား ရယ်လေတော့သည်။

“ ထင်ရှားအောင် .. မင်းကို ငါထင်နေတာ မှန်နေပြီ။ မင်း တော်တော် အကြံကြီးတဲ့ကောင်ပါလား။ ကြိုက်ပြီကွာ ..မင်း ဖြစ်စေချင်တဲ့အတိုင်း ငါ ကူညီပေးမယ်။ မင်းကြောင့် ငါ အသက်ရှင်နေတာပဲ။ ဒီတော့ ငါ့အသက်ကို မင်းပိုင်တယ်။ ဟုတ်ပြီလား .. ဒါနဲ့  ဘယ်တော့လဲ .. ”

“ ဒီညပဲ .. ”

“ ဟေ .. ကြိုက် ပြီ ကွာ ... ဟား ......... ”

............................

အခန်း ( ၆ )

အချိန်က ည (၈)နာရီ။

ရန်ဂိုမြို့ရဲ့ လူသွားလူလာ နည်းသော ရပ်ကွက်တစ်ခုတွင်ဖြစ်သည်။ သူဌေးရပ်ကွက်ဖြစ်တဲ့အတွက် နေအိမ်များ နည်းပါးပြီး လမ်းတစ်ဖက်စီတွင် ကျယ်ဝန်းသော အဆောက်ဦးများကြောင့် တစ်လမ်းလုံးတွင် အိမ်ခြေ (၁၀)အိမ်တောင် မရှိသော လမ်းမတန်းကြီးဖြစ်သည်။ ထိုလမ်းမတန်းနှင့် ခပ်လှမ်းလှမ်း သစ်ပင်တစ်ပင်အောက်တွင် လူသုံးယောက် ရှိနေလေသည်။ ထိုသူများမှာ ထင်ရှားအောင် ၊ ကြည်ပြာ နဲ့ မူယာ တို့ဖြစ်ကြသည်။

“ နင် ဘာတွေပြောနေတာလဲ။ နင့်အသက်ရွယ်နဲ့ ငါတို့ကို ဘယ်လိုများ ကူညီနိုင်မှာလဲဟယ် ”

“ ကူညီနိုင်တယ်ဆိုနေ .. ကျွန်တော် တကယ်ပြောနေတာ။ မမ ရဲ့ ဖုန်းထဲမှာ မမ ပုံနဲ့ မမ မူယာပုံတွေ ရှိတယ်မလား ”

“ အေး ရှိတယ်လေ။ ငါ့ဖုန်းကို ယူပြီး နင်က ဘာလုပ်မလို့လဲ ”

“ အော်ဒါ ရှာပေးမလို့ .. ”

“ ဟယ် .. နင်က ငါ့ဖုန်းနဲ့ ဘယ်မှာ သွားပြီး အော်ဒါရှာမှာလဲ .. ”

“ ဟို လမ်းမ ပေါ်မှာ သွားရှာမှာလေ။ မမ တို့ အလုပ် လုပ်နေကြ လမ်းလေ ”

“ ဟဲ့ အဲ့ဒီလမ်းမှာ ငါတို့နဲ့ မတည့်တဲ့ မိန်းမတွေ လုပ်စားနေတယ်လေ။ နောက်ပြီး သူတို့ ဂေါင်း ကလဲ အဲ့နားမှာ ရှိနေမှာ အေးအေး နေပါ ထင်ရှားအောင်ရယ်။ နင့်ကြောင့် ငါတို့ စိတ်မညစ်ပါရစေနဲ့။ သူတို့ မရှိတော့မှပဲ မမ တို့ အဲ့လမ်းမှာ အလုပ်ရှာလိုက်ပါ့မယ်။ ၁၀ နာရီလောက်ဆို အဲ့ဒီ ကောင်မတွေ အော်ဒါ ပါသွားလောက်ပါပြီ။ အဲ့ချိန်ကျမှ မမ တို့ အလုပ် ရှာလိုက်မယ် ”

“ ဟာ .. မမ .. နေ့တိုင်း အဲ့လို လုပ်နေလို့ မဖြစ်ဘူး။ မမ တို့ အော်ဒါမရတာ ဘယ်နှစ်ရက် ရှိနေပြီလဲ။ ကျွန်တော် အကုန် သိတယ်နော် ”

“ ဟင်း .. ဒီရက်ပိုင်း အလုပ် လုပ်ရတယ်ကို မရှိပါဘူး။ ဘူပိတ်နေတယ် .. ၁၀ နာရီကျော်သွားရင် လမ်းက လူကို မရှိတော့ဘူး။ ကဲပါဟယ် .. နင် အိမ်ပြန်မှာမို့လား .. ပြန်တော့လေ မိုးချုပ်နေပြီ ”

“ မပြန်ဘူး။ ဒီည မမ တို့ကို ကူညီချင်လို့ ကျွန်တော် လာ စောင့်နေတာ။ ကျွန်တော် ပြောတဲ့အတိုင်း လုပ်ပေးစမ်းပါဗျာ။ မမ ဖုန်းကိုပေး။ မမ တို့ ဒီနားမှာပဲ စောင့်နေ။ ကျွန်တော် မမ တို့အတွက် အလုပ် လုပ်ပေးမယ်။ ဘာမှ စိတ်မပူနဲ့ အဲ့ဒီ ဂေါင်း ဆိုတဲ့ကောင်ကြီးကို ကျွန်တော် ဒီည အပြတ်ရှင်းမယ် ”

“ ဟဲ့ ကြည်ပြာ .. နင့် ချာတိတ်ကို ကြည့်လဲ ထိန်းဦး။ တော်ကြာ ဟိုက ရိုက်လွှတ်လိုက်မှ မထ နိုင်ဖြစ်နေဦးမယ် ”

“ ကျွန်တော့်ကို ယုံစမ်းပါဗျာ။ ကျွန်တော် နာရီဝက်အတွင်း အော်ဒါ ရအောင် ရှာလာခဲ့မယ်။ မမ ဖုန်းသာ ပေးစမ်းပါ။ မမတို့ ဒီမှာပဲ စောင့်နေ ..ကျွန်တော် မလာမချင်း စောင့်နေနော်။ အော်ဒါ ရတာနဲ့ ကျွန်တော် ပြန်လာခဲ့မယ်။ ပေး ဆိုနေ .. ”

“ ဒီလောက်တောင် ဖြစ်နေတာ ပေးလိုက်စမ်းပါ ကြည်ပြာရယ် ..ထင်ရှားအောင် နင် တစ်ခုခု ဖြစ်ရင် ငါတို့နဲ့မဆိုင်ဘူးနော် .. နင့်သဘောနဲ့နင် လုပ်တာနော် .. ”

“ မူယာရယ် အဲ့လို မပြောပါနဲ့ သူ့ခမျာ ငါတို့ကို ကူညီနေတာပါ။ ကဲ .. ရော့ ဖုန်း ... တကယ်လို့ သူတို့က မင်းကို လာရစ်တယ်ဆိုရင် ..ဘာမှ ပြန်မပြောနဲ့နော်။ သူတို့က အုပ်စုတောင့်တယ်။ ဂေါင်း နားမှာ လူမိုက်  သုံးယောက်လောက် အမြဲပါတယ်။ မင်းအတွက် စိုးရိမ်လို့ပါ။ ဘာမှ ပြန်မပြောနဲ့ ဒီကိုသာ လှည့်ပြန်လာခဲ့ ကြားလား .. ”

“ အင်းပါ .. စိတ်မပူပါနဲ့ မမ ကြည်ပြာ .. ကဲ ကျွန်တော် သွားပြီ။ ဒီနေ့ကစပြီး မမ အလုပ် အဆင်ပြေပြီလို့သာ မှတ်လိုက်တော့ ”

“ ဟင်း .. အေး .. အေး .. သတိထား သွား ”

ထင်ရှားအောင် ကြည်ပြာဖုန်းကို ယူပြီး လမ်းမတန်းဘက်ကို ထွက်လာခဲ့သည်။ လမ်းမတန်းရောက်တော့ ထုံးစံအတိုင်း အပျော်မယ်များမှာ လမ်းတစ်ဖက်တွင် အုပ်စု လိုက်ရှိနေပြီး တစ်ဖက်လမ်းမှာတော့ အော်ဒါ ခေါ်ချင်သော သူများမှာ အခြေနေကို အကဲခပ်ရင်း တစ်ဖက်နဲ့တစ်ဖက် အထှာတွေ ပေးနေကြလေသည်။ ထင်ရှားအောင်က အော်ဒါ လိုချင်သော ဘဲကြီးများ နားကို ခပ်တည်တည်ဖြင့် သွားလိုက်သည်။ ပထမဆုံးဆိုင်ကယ်ရပ်ပြီး လမ်းတစ်ဖက်ကို ငေးကြည့်နေသော လူတစ်ယောက်နား သွားလိုက်သည်။

“ ကိုကြီး .. စော် ရှာနေတာလား .. ”

“ အာ .. မဟုတ်ပါဘူးကွာ .. ငါ့ဘာသာ ဆိုင်ကယ်ပျက်လို့ ရပ်နေတာ ”

“ အဟဲ .. စော် ရှာနေတယ်ဆိုရင် အသန့်လေးတွေ ပြ ပေးချင်လို့ပါ။ လုံး၀ အလန်းလေးတွေနော် .. ”

“ ချာတိတ် .. မင်းက ဟိုကောင်မလေးတွေ အုပ်စု နဲ့ အတူတူပဲလား ”

“ မဟုတ်ဘူး .. ကျွန်တော်က သူတို့ထဲက မဟုတ်ပါဘူး။ ကိုကြီး စိတ်ဝင်စားရင် ကျွန်တော့် ဖုန်းထဲမှာ စော်ပုံတွေ ရှိတယ်။ ကြည့်မလား .. ”

ပုံပြမယ်ဆိုလို့ ဆိုင်ကယ်နဲ့ဘဲကြီးမှ စိတ်ဝင်စားသွားသည်။

“ တကယ်လား .. ကြည့်ချင်တယ်ကွာ။ ဒါနဲ့ ဈေးက ဘယ်လောက်လဲ .. ”

“ ပုံ အရင်ကြည့်ပြီးမှ ဈေးပြောမယ်ဗျာ .. အဆင်ပြေစေရမယ် ”

“ အဟား .. မင်းက လူသာ ငယ်တာ တော်ကီက အကြီးကြီးပါလား။ ကဲ ပြစမ်းပါဦး .. ”

“ လောလောဆယ် ဒီ နှစ်ယောက် အားတယ်။ သေချာကြည့်နော် လုံး၀ အလန်းလေးတွေ ”

ကြည်ပြာ နဲ့ မူယာ ပုံများကို ထင်ရှားအောင် တစ်ပုံပြီး တစ်ပုံ ပြလိုက်သည်။ ဘဲကြီးမှာ ဓါတ်ပုံများကြည့်ရင်း အတော် သဘောကျသွားသည်။

“ နှစ်ယောက်စလုံး မိုက်တယ်ကွ။ ဒီစော်လေး ခေါ်ချင်တယ် .. ဘယ်လောက်လဲ ”

ဘဲကြီး ပြလိုက်သော ပုံမှာ ကြည်ပြာ ပုံဖြစ်သည်။ ထင်ရှားအောင်က ဘဲကြီးကို အနီးကပ် သေချာ အကဲခတ်နေသည်။ ဘဲကြီး ကြည်ပြာပုံကိုမြင်ပြီး အတော် သဘောကျသွားမှန်း ရိပ်မိလိုက်သည်။

“ နိုက်လား .. ရှော့လား .. ”

“ ရှော့ပဲကွာ .. ”

“ ရှော့ဆိုရင်တော့ (၈)သောင်း .. ၃နာရီ နေပေးတယ် ”

“ ဟာ ဟေ့ကောင် များလှချည်လားကွ။ ဟိုဘက်လမ်းက စော်တွေဆို ၅သောင်းပဲ .. ငါ ခေါ်နေကြပါကွ ”

“ ကိုကြီးကလဲ မတူဘူးလေ .. အဲ့ဘက်က ဟာတွေက အပဲ့တွေဗျ။ ကျွန်တော့်ဟာက အပြင်မှာတွေ့ရင် လုံး၀ ကြွေသွားစေရမယ် ”

“ ဒါဆို ဒီတစ်ယောက်ကရော .. ဈေး အတူတူပဲလား ”

“ ဒီတစ်ယောက်ဆိုရင်တော့ (၆)သောင်း နဲ့ ရမယ်။ ဈေးတော့ မဆစ်နဲ့ ကိုကြီး တစ်သောင်းပိုပေမယ့် လုံး၀ စိတ်ကျေနပ်စေရမယ်။ အပြုစုကတော့ ရှယ်နော် .. လုံး၀ အာမခံတယ် ”

“ ဟိုတစ်ယောက်ကို (၆)သောင်းနဲ့ မရဘူးလားကွာ။ ငါ့မှာလဲ (၈)သောင်းပဲပါတာ။ ဟိုတယ်ဖိုးလဲ ချန်ရဦးမယ်ကွ .. ရရင် ခေါ်မယ်ကွာ ”

“ အားနာတယ်ဗျာ .. မရဘူး။ ဒီတစ်ယောက်ဆိုရင်တော့ (၆)သောင်းနဲ့ရမယ်။ သူလဲ မိုက်ပါတယ်ဗျ။ ကိုကြီး မကြုံဖူးသေးလို့ပါ။ ကြုံဖူးသွားရင် သူမှ သူ ဖြစ်သွားမယ် ”

“ ဟေ့ကောင် မင်းကိုတော့ ငါ သဘောကျသွားပြီ။ လူကသာ ချာတိတ်ရှိသေး .. ပြောလိုက်မှ တကယ့် စကားတွေချည်းပဲ။ ကြာပါတယ်ကွာ .. ငါလဲ ဒီလိုကြီး ရပ်နေရတာကြာပြီ။ ကဲ .. အဲ့တစ်ယောက်ပဲ ခေါ်မယ်ကွာ။ ဘယ်မလဲ စော်တွေက .. ”

“ ဟိုး ရှေ့နားလေးမှာ စောင့်နေတယ်။ ကျွန်တော့် နောက်ကနေ ကိုကြီး ဆိုင်ကယ် စီးပြီး လိုက်ခဲ့ .. ”

“ အေး .. ဒါဆိုလဲ ရှေ့ကသွား ငါ လိုက်ခဲ့မယ် ”

ထင်ရှားအောင် ကြည်ပြာတို့ရှိရာ သစ်ပင်နားကို ပြန်လှည့်လာခဲ့သည်။ အနောက်မှ ဆိုင်ကယ်နဲ့ ဘဲကြီးက ဆိုင်ကယ်ကို မစီးပဲ တွန်းပြီး လိုက်လာခဲ့သည်။

တစ်ဖက်လမ်းမှ စော်များက သူတို့နှစ်ယောက်ကို ကြည့်ရင်း ပွစိပွစိ နဲ့ စကားတွေ ပြောနေကြသည်။ ထင်ရှားအောင်ကတော့ အေးဆေးပဲ လမ်းလျောက်လာခဲ့သည်။

“ ကဲ .. မမ ကြည်ပြာ .. ကျွန်တော် အော်ဒါ ရှာခဲ့ပြီ။ ဒီက အကိုကြီးက မမ မူယာကို ခေါ်ချင်တယ်တဲ့။ စကား ပြောလိုက်ဦး ”

ကြည်ပြာ နဲ့ မူယာမှာ ထင်ရှားအောင်ကို ကြည့်ပြီး အံ့သြနေကြသည်။ တကယ်ပဲ သူတို့ဆီကို အော်ဒါ တစ်ယောက် ရအောင် ခေါ်လာခဲ့လေပြီ။

မူယာ နဲ့ ဘဲကြီးမှာ စကားအနည်းငယ် ပြောနေကြပြီး ခဏနေတော့ ....။

“ ကြည်ပြာရေ .. ငါ လိုက်သွားတော့မယ်။ ငါတို့ ဟိုတယ်ပဲ သွားမယ်တဲ့ ”

“ အေး .. ကိစ္စပြီးရင် ငါ့ဆီ ဖုန်းဆက်နော်။ ငါ လာခေါ်မယ် ”

“ အေးပါ .. ဟဲ့ ထင်ရှားအောင် .. နင့်ကို ငါ အထင်သေးမိတာ တောင်းပန်ပါတယ်ဟယ် ဟီး .. ငါ အလုပ် မဖြစ်တာ ကြာနေပြီ။ တာ့တာနော် .. ”

“ ဟုတ် .. နောက်ခါ ခေါ်ချင်အောင် သေချာ ချစ်ပေးခဲ့နော် .. ဟဲ ဟဲ .. ”

“ အယ် ဒီကောင်လေး .. ”

မူယာက ဘဲကြီးနောက်တွင် ဆိုင်ကယ်စီးရင်း ပါသွားလေသည်။

“ ထင်ရှားအောင် နင်က ငါတို့ ပြောတဲ့ အလုပ်စကားတွေ အကုန် တတ်နေပါလား။ ဈေးလဲ နင် တစ်ခါတည်း ဖြတ်ခဲ့တယ်နော်။ နောက်ပြီး နိုက် တွေ ရှော့တွေလဲ နင်သိတာပဲလား ”

“ သိတယ်လေ .. မမတို့ အရင်တုန်းက အလုပ်စကား ပြောနေရင် ကျွန်တော် ဘေးနားမှာ ရှိနေတတ်တာပဲ။ မမတို့ ပြောနေတာကို ကျွန်တော် သေချာ မှတ်ထားတာ။ လွယ်ပါတယ်ဗျာ .. ဘာခက်တာမှတ်လို့ ”

“ ဟင်း .. နင် အဲ့လောက်ထိ တတ်နေမှန်း ငါ တကယ် ထင်မထားမိဘူး။ ဒါနဲ့ ငါက ဘယ်လိုလုပ် (၈)သောင်းဖြစ်သွားတာလဲ ”

“ ဟဲ .. ဒါတော့ မမကို တစ်ခြားသူတွေနဲ့ မတူစေချင်ဘူးလေ ”

“ (၅)သောင်းဆိုရင် ရပါပြီဟယ် .. အလုပ်မဖြစ်တာကြာပြီ။ ရသလောက် ယူရမှာပဲဟဲ့ .. ”

“ အဲ့လို မဟုတ်ဘူးလေ .. လူတွေက ဈေးသက်သာရင် အရည်သွေး ညံ့တယ် ထင်ကြတာဗျ။ ပစ္စည်းချင်းတူ အရည်သွေးချင်းတူတာတောင် ..ဈေး ပိုများတဲ့ဟာကို ပိုကောင်းတယ်ထင်ကြတာ။ အဲ့ဒါကြောင့် တမင် ဈေးတင်ပြီးပြောလိုက်တာ။ အဲ့လို ဈေးတင်လိုက်တော့ ဝယ်နိုင်တဲ့သူ ဝယ်မယ်။

မဝယ်နိုင်တဲ့သူက ဈေးသက်သာတာကို ရှာမယ်။ ဈေးသက်သာတာကို ကြိုက်တဲ့သူက သူ ဝယ်နိုင်တဲ့ဈေးမှ စိတ်ဝင်စားမှာလေ။ ကျွန်တော့်မှာ ဈေးကြီးတာရော ဈေးသက်သာတာရော ရှိတယ်။ အဲ့ဒီတော့ ဈေးကြီးတာ အရင်ပြမယ်။ သူ မဝယ်နိုင်ဘူး။ ဒါဆို သူဝယ်နိုင်လောက်တဲ့ ဈေးသက်သာတာကို ထပ်ပြတယ်။ သူ သဘောကျသွားတယ်။ အဲ့ဒီတော့ အလုပ်ဖြစ်သွားတယ်။ ဒါပဲ .. ”

“ နင်က ငါ သိတဲ့ ထင်ရှားအောင်ရော ဟုတ်ရဲ့လား ဟယ်။ နင် ပြောနေတာတွေကို ကြားပြီး အံ့သြလွန်းလို့ပါ။ နင့်မှာ ဒီလို အသိဉာဏ်တွေ ရှိနေတာ အံ့သြမိပါရဲ့။ ထင်ရှားအောင် နင် သူတောင်းစား မလုပ်ရဘူ။ စီးပွားရေး သမားလုပ်ရမှာ .. ခစ် .. ခစ် ”

“ အခု လုပ်နေပြီလေ။ ကဲ တစ်ယောက်တော့ အဆင်ပြေသွားပြီ မမ ပဲ ကျန်တော့တယ်။ ကျွန်တော် ထပ် သွားလိုက်ဦးမယ် .. ဒီမှာပဲ စောင့်နေနော် ”

“ အေး .. အခြေနေ ကြည့်ဦးနော်။ အဆင်မပြေရင် တန်းပြေးလာခဲ့။ ငါ စိတ်ပူတယ် ”

“ စိတ်ပူရင် ကျွန်တော့်ကို အာဘွား ပေးပါလား .. ”

“ အန် .. ”

“ ဟုတ်တယ်လေ အရင်ကဆို မမ ကျွန်တော့်ကို ချစ်လို့ဆိုပြီး အာဘွား ပေးနေကြ။ အခုနောက်ပိုင်း ပေးလဲ မပေးတော့ဘူး ”

“ ဟဲ့ နင်က အသက်ကြီးလာပြီလေ။ ငါ အာဘွားပေးတယ်ဆိုတာ နင် ငယ်တုန်းက ..

အခုတော့ နင်က (၁၅) နှစ်တောင် ပြည့်သွားပြီ ”

“ အာ .. (၁၅) နှစ်ပြည့်တော့ရော ဘာဖြစ်လဲ။ ကိုယ့် မောင်လေးကို အာဘွား ပေးတာပဲ ”

“ ဟင်း .. အေးပါ နင်ကသာ မောင်လေး ပြောနေ .. အခု နင့်ကို ကြည့်ပြီး ငါ လန့်လာပြီ။ နင့်ပုံစံက ကလေးကနေ လူကြီး ချက်ချင်းဖြစ်သွားသလိုပဲ။ အရင်က ငါသိတဲ့ ထင်ရှားအောင် မဟုတ်တော့ဘူး ”

“ ပေးမှာလား မပေးဘူးလား .. မပေးရင် ကျွန်တော် ဆက်ပြီး မကူညီတော့ဘူးနော် ”

“ အမယ်လေး .. ပေးပါ့မယ် ငါ့မောင်ရယ် .. ”

ကြည်ပြာက ထင်ရှားအောင်နားတိုးပြီး ပါးကို အာဘွားပေးလိုက်သည်။ ထင်ရှားအောင်က ပြုံးပြုံးကြီး အနမ်းခံလိုက်သည်။

“ ကဲ .. ကျေနပ်ပြီလား .. ”

“ ဟီး .. ကျေနပ်တယ်။ ကျွန်တော် သွားလိုက်ဦးမယ် ”

ထင်ရှားအောင် နောက်တစ်ကြောင်း အလုပ်ဖြစ်ရင် ထွက်ခွာသွားလေသည်။ လမ်းမတန်းရောက်တော့ ယောင်လည်လည်နဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထင်ရှားအောင် လမ်းမတန်း ပြန်ရောက်လာသည်ကို တစ်ဖက်လမ်းမှ ကောင်မလေးများ မြင်တော့ ထိုအထဲမှ ကောင်မလေးတစ်ယောက်က ခပ်လှမ်းလှမ်း မှောင်ရိပ်ထဲတွင် ထိုင်နေသော လူတစ်ယောက်ဆီသို့ စကား သွားပြောလိုက်သည်။

ထိုလူက အမှောင်ထဲကနေ ထွက်လာပြီး ထင်ရှားအောင်ကို သေချာ စိုက်ကြည့်နေသည်။ ထင်ရှားအောင်လဲ ထိုသူကို မြင်သည်။ ကြည်ပြာပြောသော ဂေါင်းဆိုသော လူကြီး ဖြစ်မယ်လို့ တွေးလိုက်သည်။

ထင်ရှားအောင် အေးဆေးပဲ လမ်းလျောက်လာခဲ့သည်။ တစ်ဖက်လမ်းမှ ဂေါင်း ဆိုသော လူက လမ်းကူးကာ သူ့အနားကို လာနေသည်ကို သိလိုက်သည်။ လွယ်အိပ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အခြေနေကို အကဲခတ်နေသည်။

“ ဟေ့ကောင် .. မင်းက ဘယ်သူလဲ။ ခုနက ဆိုင်ကယ်နဲ့ လူကို ဘယ်ခေါ်သွားတာလဲ ”

“ ဆိုင်ကယ် ဆီပြတ်နေတယ်ဆိုလို့ ဆီဆိုင် ရှိတဲ့နေရာ လိုက်ပြပေးတာ .. ဘာဖြစ်လို့လဲ ”

“ မင်း မညာနဲ့ .. မင်းနောက်ကို ငါတို့ လိုက်ကြည့်ပြီးပြီ။ မင်း ကြည်ပြာ တို့နဲ့အတူတူမလား။ ခုနက အော်ဒါ ပါသွားပြီမလား။ တောက်စ် .. မလောက်လေး မလောက်စားနဲ့ ငါ့ ဂွင်ထဲ လာရှုပ်နေတယ်။ ဟေ့ကောင် ခုချက်ချင်း ဒီလမ်းကနေ ထွက်သွား ”

“ မသွားဘူးဗျာ .. ”

“ အောင်မာ .. ငါ .. တယ် .. ကလေးမို့ စိတ်ထိန်းနေတာ .. လူကြီးဆို မင်း နားရင်းကွဲပြီ မှတ် .. ”

“ ခင်ဗျား ကျုပ် အသားကို ထိရဲ ထိကြည့် .. နားရင်းကွဲမှာ ခင်ဗျား ဖြစ်သွားလိမ့်မယ် ”

“ အာ .. ဒီကောင် .. လာစမ်း .. ”

ဂေါင်း ဆိုသောသူမှာ ထင်ရှားအောင် ကို ရိုက်မယ် ဟန်ပြင်လိုက်ချိန် အနောက်မှ လူတစ်ယောက်က ရွယ်လိုက်သော ဂေါင်းရဲ့ လက်ကို ဖက်ကနဲ ဆုပ်ကိုင်ကာ ဟန့်တားလိုက်သည်။ ဂေါင်းဆိုသူက အနောက်ကို လှည့်ကြည့်လိုက်တော့ .......။

“ မရှက်ဘူးလားကွာ .. ကလေးတစ်ယောက်ကို ရိုက်ရအောင် မင်းက တော်တော် သတ္တိ ရှိနေပုံပဲ .. ”

“ မင်းက ဘာကောင် ... ”

စကားပင် မဆုံးလိုက် ဖြောင်းကနဲ အသံနဲ့အတူ ဂေါင်း ရဲ့ နားအုံ အတီးခံလိုက်ရလေသည်။ ဂေါင်းဆိုသူမှာ ခွေကနဲ လဲကျသွားလေသည်။

ရိုက်လိုက်သောသူမှာ တစ်ခြားသူမဟုတ် ခိုင်ကြီး ဖြစ်တော့သည်။ ခိုင်ကြီးက အရင်ကတည်းက လမ်းမတန်းမှာ ရှိနေပါသည်။ ထင်ရှားအောင် အချက်မပြသေးလို့ ငြိမ်နေခြင်းဖြစ်သည်။ ထင်ရှားအောင်က သူ အရိုက်ခံရတော့မှာသိလို့ ဂေါင်းဆိုသူ သူ့ဆီလာနေချိန်တွင် ခိုင်ကြီးကို လာကူညီရင် အချက်ပြထားသည်။ ခိုင်ကြီးက ထင်ရှားအောင်နဲ့ ခပ်လှမ်းလှမ်းတွင် ရပ်နေကာ အခြေနေကို စောင့်ကြည့်နေခြင်းဖြစ်သည်။

ဂေါင်းဆိုသူမှာ ခိုင်ကြီးကို ထုံးစံအတိုင်း စော်လာရှာတယ်ထင်ပြီး သတိမထားမိပေ။

ဂေါင်းဆိုသူ ခွေကနဲ လဲကျသွားတာနဲ့ လမ်းတစ်ဖက်မှ လူသုံးယောက် တုတ် ကိုယ်စီကိုင်ပြီး ခိုင်ကြီးဆီ ပြေးလာသည်။

ခိုင်ကြီးက ခါးကြားမှာ ထိုးထားသော သံတုတ်ကို ကိုင်ကာ အသင့် စောင့်နေသည်။

“ ကျေးဇူးရှင်လေး ခပ်လှမ်းလှမ်းမှာနေ .. တော်ကြာ ထိ နေဦးမယ် ”

ခိုင်ကြီးက ထင်ရှားအောင်ကို သတိပေးလိုက်သည်။ ထင်ရှားအောင်က အသာလေး နောက်ဆုတ်လိုက်သည်။

“ ဆရာ ဘာဖြစ်တာလဲ .. ”

“ လီးပဲ မမြင်ဘူးလား .. ရိုက်စမ်း အဲ့ကောင်ကို ”

တပည့်တစ်ယောက် ခိုင်ကြီးကို ဝင်ရိုက်သည်။ ခိုင်ကြီး ကိုယ်ကို တိမ်းကာ အသာလေး ရှောင်လိုက်သည်။ လက်ထဲမှ သံတုတ်ဖြင့် သူ့ကို လာရိုက်သောသူရဲ့ ကျောကုန်းကို အားပြင်းပြင်း ရိုက်ထည့်လိုက်သည်။ အရိုက်ခံရသူမှာ ရှေ့ကို ဟပ်ထိုး လဲကျသွားလေသည်။ ထိုစဉ် နောက်ကနေပြီး တပည့်တစ်ယောက်က ခိုင်ကြီးရဲ့ ကျောကုန်းကို တုတ်ဖြင့် ဝင်ရိုက်လေသည်။ ခိုင်ကြီး အနည်းငယ် ယိုင်သွားသည်။

“ ဟ .. မင်း အားက ဒါ အကုန်ပဲလား။ မှတ်ထား လူရိုက်တယ်ဆိုတာ ဟောဒီလို ရိုက်ရတယ် .. ”

“ ဖြောင်း !!! ”

မျက်ခွက်ကို အမိအရ ရိုက်ထည့်လိုက်သည်။ အရိုက်ခံရသူမှာ နောက်ဆုတ်သွားပြီး ဘုန်းကနဲ လဲကျသွားလေသည်။ ခိုင်ကြီးက ဂေါင်းဆိုသူကို ဝင်လုံးလိုက်သည်။ ဂေါင်း ကို အပေါ်ကနေ ခွထိုင်လိုက်ပြီး လက်နှစ်ဖက်ကို လှုပ်မရအောင် ဒူးနှစ်ဖက်ဖြင့် သေချာဖိချုပ်ထားသည်။ ခိုင်ကြီး လက်တစ်ဖက်က ဂေါင်းဆိုသူရဲ့ လည်မျိုကို ညှစ်ထားပြီး နောက်လက်တစ်ဖက်ကို မျက်နှာကို တစ်ချက်ချင်း ထိုးတော့သည်။ ဂေါင်း ဆိုသူက ရုန်းသော်လဲ ခိုင်ကြီးက အပေါ်ကနေ အမိအရ ချုပ်ထားသောကြောင့် ခိုင်ကြီး ထိုးသမျှ ခံနေရသည်။ မျက်နှာတစ်ခုလုံး ဖူးယောင်လာပြီး သွေးများ ပလပွ ဖြစ်နေတော့သည်။ 

ခိုင်ကြီးက ဝါရင့် လူမိုက်ပြီပြီ အခြေနေကို အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့သည်။ ခေါင်းဆောင်ကို အဓိက ကြိုးကိုင်နိုင်ရင် ကျန်တဲ့ တပည့်များကို အနိုင်ယူပြီးသားဆိုတာ ခိုင်ကြီးလုပ်ရပ်ကိုကြည့်ပြီး ထင်ရှားအောင် သဘောပေါက်လိုက်သည်။

“ မ .. မထိုး ပါနဲ့တော့ဗျာ .. ကြောက် .. ကြောက် ပါတယ် .. ”

ဂေါင်းရဲ့ တပည့်များသည် လဲကျရာကနေ ထလာ ကြသည်။ ခိုင်ကြီးက လက်ထဲက သံတုတ်ကို ကိုင်ကာ ...။

“ ငါ့အနား ကပ်ရဲတဲ့ကောင် လာခဲ့စမ်း။ မင်းတို့ ဆရာ မသာပေါ်တာ မမြင်ချင်ရင် အေးဆေးနေကြ ..မဟုတ်ရင် မင်းတို့ဆရာ စောက်ခွက် ကားကြိတ်ခံရတာထက် ဆိုးသွားမယ် ”

“ ဟေ့ကောင်တွေ ဘာမှ မလုပ်နဲ့။ သူ့ပုံစံက တကယ် လုပ်မယ့်ပုံ .. ကျွန်တော့်ကို လွှတ်ပေးပါတော့ဗျာ .. နာလှပြီ .. အား .. ”

“ မအေလိုးတွေ .. လူကြည့်တော့ဖြင့် လူမိုက်လိုလို ဘာလိုလိုနဲ့ .. လီးပဲ သံတုတ်ယူလာမိတာတောင် ငါ ရှက်တယ် ”

ခိုင်ကြီးက ဂေါင်းဆိုသူကို နောက်ဆုံးအကြိမ် အားရပါးရ တစ်ချက်ထိုးလိုက်ပြီး ခွထိုင်ထားရတာကနေ လွှတ်ပေးလိုက်သည်။

ဆရာ တပည့် လေးယောက်စလုံး ခိုင်ကြီးကို ကြည့်ပြီး ကြောက်နေကြသည်။

“ အေး မင်းတို့ အခုကစပြီး မှတ်ထား။ ဒီ ချာတိတ်က ငါ့ကျေးဇူးရှင်။ ငါ့ကျေးဇူးရှင်ကို လာထိရင် ငါ လူသတ်ဖို့ ဝန်မလေးဘူး။ နောက်ဆို မင်းတို့ကို ဒီလမ်းထဲမှာ မမြင်ချင်ဘူး။ မင်းတို့ စောက်ကောင်မတွေလဲ မမြင်ချင်ဘူး။ မင်းတို့ အလုပ် လုပ်ချင်ရင် တစ်ခြားနေရာမှာ သွားလုပ်။ ဒီလမ်းကို .. ဒီနေ့ကစပြီး ငါတို့ အလုပ် လုပ်မယ်။ ဝင် ရှုပ်တဲ့ကောင် အသေပဲ။ သတ္တိရှိရင် နောက်နေ့ မင်းတို့ကြိုက်သလောက် လူခေါ်ပြီး လာရှင်းလို့ရတယ်။ မင်းတို့နဲ့ပါလာသမျှ လူအကုန်လုံး မသာပေါ်စေရမယ်လို့ ငါ အာမခံတယ်။ ဟေ့ကောင် ကြားလား .. ”

“ ဟုတ် .. ကြားပါတယ် .. ဟေ့ကောင်တွေ ဘာကြည့်နေတာလဲ လစ်မယ် ”

ဂေါင်းဆိုသူမှာ သူ့တပည့်များကို အော်ဟစ်ပြီး လှည့်ထွက်သွားသည်။ တစ်ဖက်လမ်းမှာရှိတဲ့ ကောင်မလေး အုပ်စုမှာလဲ အခြေနေ မဟန်မှန်းသိတော့ ..အားလုံးလိုလို လှည့်ပြေးကုန်ကြသည်။ စော်လာရှာသော သူများမှာလဲ စော်မရပဲ ရန်ပွဲမြင်လိုက်ရလို့ လန့်ကာ ပြေးကုန်ကြသည်။ တစ်လမ်းလုံးတွင် ခိုင်ကြီးနဲ့ ထင်ရှားအောင်သာ ကျန်ခဲ့တော့လေသည်။

“ ထင်ရှားအောင် .. နင် ဘယ်လို လုပ်လိုက်တာလဲ ”

အနောက်မှ လှမ်းအော်သော အသံကြောင့် ထင်ရှားအောင် ကြည်ပြာကို လှည့်ကြည့်လိုက်သည်။

“ ကျွန်တော် မပြောဘူးလား။ ကျွန်တော် ဒီလမ်းမှာ ဂေါင်း လုပ်ပါမယ်လို့ .. ”

“ ငါ အကုန်မြင်တယ်။ ဒီလူကြီးက ဘယ်သူလဲ .. ”

“ ဒါ ကျွန်တော် အကိုလို ခင်ရတဲ့ ကိုခိုင်ကြီး ပဲ။ ကိုကြီး သူက ကျွန်တော့် မမ ကြည်ပြာလေ ”

“ အေး မင်းပြောပြထားလို့ ငါသိနေပါတယ်။ ကဲ ကြည်ပြာ နင်က ငါ့ကျေးဇူးရှင်လေးရဲ့ မမ ဆိုတော့ နင်လဲ ငါ့ညီမလေးပဲပေါ့။ နောက်ဆို ဒီလမ်းမှာ နင်တို့ စိတ်တိုင်းကျ သွားလာလို့ရတယ်။ လာသမျှ ပြဿနာ ငါ အကုန်ရှင်းပေးမယ်။ ဘာမှ ကြောက်စရာမလိုဘူး ဟုတ်ပြီလား .. ”

“ ဟုတ် .. ဒါနဲ့ ကိုခိုင်ကြီးက လူမိုက်လားဟင်။ ဟိုလူတွေကို ဆော်ထည့်လိုက်တာ မြန်လိုက်တာ ”

“ အာ ဘယ်ကလာ .. ငါက ကူလီ ထမ်းတဲ့ကောင်ပါဟ .. ဟား .. ”

“ ကိုကြီးက ကူလီ မဟုတ်တော့ဘူးလေဗျာ။ ကျွန်တော် ဂေါင်း လုပ်တော့မှာ ဆိုတော့ ကိုကြီးက ကျွန်တော့်ရဲ့ သက်တော်စောင့်လုပ်ဗျာ။ ကူလီထမ်းနေရတာ ပင်ပန်းပါတယ်။ ကျွန်တော့်နားမှာပဲ အေးဆေး နေဗျာ ”

“ အောင်မာ .. တယ်ဟုတ်ပါလား .. မင်းက ငါ့ကို အလုပ်တန်းခန့်လိုက်ပြီပေါ့။ ဟား .. ထင်ရှားအောင် မင်းကိုမှ ဆရာ မတင်ရင် ..ငါ ဦးနှောက် မရှိတဲ့ လူမိုက် ဖြစ်သွားတော့မယ်။ အေး .. အလုပ်ပေးတော့လဲ လက်ခံရတာပေါ့ .. ဟား ”

“ ထင်ရှားအောင် နင် တကယ်ပဲ ဂေါင်း လုပ်တော့မှာလား။ ငါ နဲ့ မူယာနဲ့ နှစ်ယောက်တည်း ရှိတာလေ။ ဂေါင်းဆိုတာက ကောင်မလေးတွေ အများကြီး ရှိမှ အဆင်ပြေတာ ”

“ မပူပါနဲ့ဗျာ .. ကျွန်တော်တို့နဲ့ အလုပ် တွဲလုပ်ချင်တဲ့သူတွေ တဖြေးဖြေး ရောက်လာပါလိမ့်မယ်။ မယုံရင် စောင့်ကြည့် ”

“ ငါတော့ ဘာပြောရမှန်း မသိတော့ပါဘူး။ ခုနက ရင် တမမ နဲ့ ငါ့မှာ ကြောက်လိုက်တာ။ နင်များ တစ်ခုခု ဖြစ်ပြီလားလို့ .. ဟင်း .. နင်တော့နော် ”

“ ကျွန်တော့်ကို မမတို့ အလုပ်ဖြစ်သွားရင် သုံးပုံ တစ်ပုံပဲ ပေးဗျာ။ ဒါလဲ ကျွန်တော် မယူပါဘူး ကိုကြီးကို ပေးချင်လို့ပါ ”

“ အေးပါဟယ် .. ငါတို့ အလုပ်ဖြစ်ရင် နင့်ကို ပေးပါ့မယ်။ နင့်ဘာသာ ကိုခိုင်ကြီးကို ခွဲပေးပေါ့ ”

“ ကဲ .. ဒီနေ့ညတော့ ငါ ရိုက်လိုက်လို့ အကုန် လစ်ကုန်ကြပြီ။ အလုပ်လဲ ဖြစ်မှာ မဟုတ်တော့ဘူး။ အဲ့ဒီတော့ အိမ်ပြန်ကြစို့ကွာ။ နောက်နေ့မှ အလုပ် အကြောင်း ဆက်ပြောကြတာပေါ့။ မင်းခေါ်လို့ လိုက်လာတာ ငါ မကစ်ရသေးဘူးကွ .. သောက်ချင်နေပြီ ”

“ ဟိုလေ .. ကိုခိုင်ကြီး .. ဘယ်လိုမှတော့ မအောင့်မေ့ပါနဲ့နော်။ ကြည်ပြာ ကိုခိုင်ကြီးနဲ့ထင်ရှားအောင်အတွက် ဒါလေး ပေးပါရစေ ”

ကြည်ပြာက လက်ထဲမှ ပိုက်ဆံအိပ်ထဲကနေ တစ်သောင်းတန် နှစ်ရွက် ပေးလိုက်သည်။

“ မလိုပါဘူးဟာ။ နင် ပေးချင်ရင် ထင်ရှားအောင်ပဲ ပေးလိုက်။ ငါက ငွေမလိုဘူး။ အချိန်တန်ရင် ထမင်းစားမယ် အရက်သောက်မယ်။ ပြီးရင် အိပ်မယ်။ ဒီလောက်ဆို ငါ့အတွက် လုံလောက်တယ် ”

“ ဟုတ်ပါတယ် မမ .. ပြန်ယူထားလိုက်ပါ။ ကျွန်တော့် စုကြေးထဲ ထည့်ရင် ထည့်လိုက်ပေါ့ ”

“ အင်း .. ပြီးတာပဲ။ ကဲ ဒါဆို မမ ပြန်တော့မယ်နော်။ နောက်နေ့ကျ ဒီမှာပဲ ဆုံကြတာပေါ့။ ကိုခိုင်ကြီး ညီမ ပြန်တော့မယ်နော် ”

“ အေး .. အေး .. ”

ကြည်ပြာက ခိုင်ကြီးနဲ့ ထင်ရှားအောင်ကို နှုတ်ဆက်ကာ လှည့်ထွက်သွားသည်။ ခိုင်ကြီးက ထင်ရှားအောင် ပုခုံးကို ဖက်ကာ ထွက်လာခဲ့သည်။

လမ်းမတန်းမှာ မှိုင်းပြပြ လမ်းမီးရောင်အောက်မှာ ဘာမှ မဖြစ်ခဲ့သလို တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

.................................

အခန်း ( ၇ )

ဒီညတော့ ကြည်ပြာတို့ အလုပ် လုပ်ရာ လမ်းမတွင် လူရှင်းနေလေသည်။ မနေ့ညက ခိုင်ကြီးရဲ့ လက်ချက်ကြောင့် ဒီနေ့ညတွင် ဂေါင်း ဆိုသူရော သူ့ကောင်မလေးများရော တစ်ယောက်မှ ရှိမနေပါ။ အော်ဒါ လာရှာသော သူများလဲ မနေ့ညက ရန်ပွဲကြောင့် လာရမှာ လန့်သွားပုံပဲ။ ခပ်လှမ်းလှမ်း အရိပ်ထဲမှာ ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် ရှိနေသည်မှလွဲပြီး ဘယ်သူမှ မရှိပေ။ ထင်ရှားအောင် နဲ့ ခိုင်ကြီးမှာ ကြည်ပြာတို့မရောက်ခင် ..စောစော ကြိုရောက်နေသည်။ ခိုင်ကြီးက ညာဘက်လက်မှာ သံတုတ်ကိုင်ထားသည်။ ခါးမှာတော့ လိုရမယ်ရ ဓါးချွန်တစ်ချောင်းထိုးထားလေသည်။

“ ဟော .. မမတို့ လာပြီ ”

“ ဟိတ် စောင့်နေတာ ကြာပြီလား။ မူယာ ရေချိုးနေလို့ ကြာသွားတာ။ ကိုခိုင်ကြီးရော ပါလာတာပဲ .. ”

“ မပါလို့ ရမလားဟ။ မနေ့က ငါ ဗြင်းလိုက်တဲ့ကောင်တွေက ကျေနပ်မှာမဟုတ်ဘူး။ ဒီည ပြန်လာနိုင်တယ်။ ကဲ .. ညည်းတို့ အလုပ် အေးဆေးလုပ်။ ငါနဲ့ ထင်ရှားအောင် ဒီနားမှာ ထိုင်စောင့်ပေးနေမယ်။ ဘာမှ မကြောက်နဲ့ .. ”

“ ဟုတ် .. ကျေးဇူးပါ ကိုခိုင်ကြီး။ ဟဲ့ မူယာ .. ငါးတစ်ကောင် အမှောင်ထဲမှာ တွေ့လား .. ”

“ အေး တွေ့တယ်။ ငါ သွား မျှားလိုက်ဦးမယ်။ နင် ဒီမှာပဲ စောင့်နေခဲ့ ”

မူယာက အမှောင်ထဲမှာ ရပ်နေသော ဆိုင်ကယ်နဲ့လူ အနားသို့ ထွက်သွားသည်။ ဆိုင်ကယ်နားရောက်တော့ အထှာပေးသည့်အနေဖြင့် လမ်းလျှောက်ပြသည်။ ဆိုင်ကယ် နဲ့လူက ရှေ့မီးတစ်ချက် ဖွင့်လိုက်ပြီး ပြန်ပိတ်လိုက်သည်။ မူယာ မျှားသည့် ငါးမှာ အစာငတ်နေကြောင်း သေချာသွားတော့ ဆိုင်ကယ်နားသွားကာ စကားပြောလိုက်သည်။ ထင်ရှားအောင်ကတော့ အခြေနေကို သေချာကြည့်ပေးနေသည်။ ခဏနေတော့ မူယာတစ်ယောက် ထင်ရှားအောင်တို့နား ပြန်ရောက်လာသည်။

“ ကြည်ပြာ .. ငါလိုက်သွားတော့မယ်။ ရှော့ပဲတဲ့ .. ငါတို့ ဟိုတယ် သွားမယ်တဲ့။ ဈေးလဲ ပုံမှန်အတိုင်းပေးတယ်။ ရော့ .. ထင်ရှားအောင် .. နင့်ဝေစု .. ယူပါဟ ”

“ အေး .. ဒါဆိုလဲ လိုက်သွားလေ။ ဂရုစိုက်နော် .. တစ်ခုခုဆို ငါ့ဆီ ချက်ချင်းဖုန်းဆက် ”

“ အေးပါ .. ကဲ မောင်လေး နဲ့ ကိုခိုင်ကြီး .. သွားလိုက်ဦးမယ်နော် ”

မူယာက တစ်သောင်းတန်တစ်ရွက် ထင်ရှားအောင်ကို ပေးလိုက်သည်။ ထင်ရှားအောင် မယူချင်ပါ။ ဒါပေမယ့် ခိုင်ကြီးကို ပေးချင်သောကြောင့် ယူလိုက်ပါတယ်။ တစ်သောင်းတန်ကို ခိုင်ကြီးဆီ လွှဲပေးလိုက်သည်။ ခိုင်ကြီးက ထင်ရှားအောင်ကို သေချာကြည့်ပြီး ..။

“ ထင်ရှားအောင် .. ငါ ပိုက်ဆံ မလိုဘူးဆိုတာ မင်းသိသားနဲ့။ မင်းဘာသာ သိမ်းထားစမ်းပါကွာ ”

“ သိပါတယ် ကိုကြီးရာ .. ဒါပေမယ့် အလုပ်က အလုပ်ပဲဗျ။ ရော့ ယူစမ်းပါဗျာ ”

“ ငါ မယူချင်ပါဘူးကွာ။ မင်း အရမ်းပေးချင်ရင် ကြည်ပြာဆီမှာ မင်းစုထားလိုက်။ ငါ့တော့ လာမပေးနဲ့ ”

ခိုင်ကြီးရဲ့ စကားကို ထင်ရှားအောင် မငြင်းတော့ပါ။ ခိုင်ကြီးက ဒါဆို ဒါသမားမို့ ထင်ရှားအောင်က တစ်သောင်းတန်ကို ကြည်ပြာကိုပေးကာ သူ့စုငွေထဲ ပေါင်းထည့်ပေးရန် ပြောလိုက်သည်။ ကြည်ပြာကလဲ သေချာစုပေးမယ်လို့ ပြန်ပြောလိုက်သည်။

ခိုင်ကြီးက ခပ်ပြတ်ပြတ်ပြောပြီး ထင်ရှားအောင်ဘေးနား ပြန်ထိုင်လိုက်သည်။ ကြည်ပြာကလဲ ထင်ရှားအောင် ဘေးမှာ ဝင်ထိုင်လိုက်သည်။

“ ကြည်ပြာ .. နင့်ကို ငါ တစ်ခုလောက် မေးလို့ ရမလား ”

“ ဘာလဲ ကိုခိုင်ကြီး မေးလေ .. ”

“ နင်ဘာလို့ ဒီအလုပ် လုပ်တာလဲ။ ငါ စပ်စုတာ မဟုတ်ဘူး။ တကယ်သိချင်လို့ မေးလိုက်တာ ”

“ ရပါတယ် ကြည်ပြာ မရှက်ပါဘူး။ ငွေများများ နဲ့ မြန်မြန် ရလို့ပေါ့ ကိုခိုင်ကြီးရယ်။ ကြည်ပြာ ငွေလိုတယ်။ ပုံမှန်အတိုင်းလဲ ရှာနေပေမယ့် ကြည်ပြာမှာ ထောက်ပံ့ရတဲ့သူက မနည်းဘူး။ ညီမ ၂ယောက် နဲ့ မောင်တစ်ယောက် ရှိတယ်။ အားလုံး အတန်းကြီးတွေချည်းပဲ။ ညီမလေး နှစ်ယောက်က ၁၀တန်း နဲ့ ၈တန်း။ မောင်လေးက ၇တန်းတက်မှာ။ ကြည်ပြာမှာ အဖေ မရှိတော့ဘူး။ အမေက ရပ်ကွက်ထဲမှာ မုန့်ပစ်သလက် ရောင်းတယ်။ ဘယ်လောက်မှ မရပါဘူး။ ကြည်ပြာက နေ့ခင်းဘက်မှာ အလှပြင်ဆိုင်တစ်ခုမှာ လုပ်တယ်။ ညပိုင်းတော့ ဒီအလုပ် လုပ်တယ်။ ဒီလို ရှာမှဖြစ်မှာမို့ဒီ အလုပ် လုပ်တာပါ။ ဒီအလုပ်ကြောင့် အိမ်စားရိတ် ကျောင်းစားရိတ် နဲ့ အမေ့ ဆေးဖိုးလေး အဆင်ပြေနေတာလေ ”

“ အင်း .. ဟုတ်ပါပြီ။ အားလုံးက ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေကြတာပဲ။ လုပ်သင့်ရင် လုပ်၊ မလုပ်သင့်ရင် ရှောင် .. ဒါပါပဲ။ ဒါနဲ့ နင့်အိမ်ကရော သိလား ”

“ ဘယ်သိမှာလဲ။ အလှပြင်ဆိုင် အလုပ်ပဲ သူတို့သိတယ်။ ညပိုင်း အလုပ်တော့ မသိဘူး။ သူတို့မသိအောင်လို့ အဆောင်ငှားပြီး နေတာလေ။ တစ်ပတ်ကို ၂ရက်လောက်ပဲ အိမ်ပြန်တယ် ”

“ သြော် .. ဘာပဲဖြစ်ဖြစ် နင့်ကို လေးစားပါတယ်။ ဘယ်လိုရှာရှာ မိသားစုအတွက်ပဲလေ။ သတိတော့ထားပေါ့။ ထင်ရှားအောင် ဒီနေ့ အော်ဒါ လာရှာတဲ့သူ နည်းလှချည်လားကွ ”

“ ဟုတ်တယ် .. ကျွန်တော်လဲ အဲ့ဒါကို တွေးနေတာ။ မနေ့က ရန်ပွဲကြောင့်ဖြစ်မယ်။ နောက်နေ့တွေ ပြန်စည်လာပါလိမ့်မယ်။ ဒီနေ့တော့ မမကြည်ပြာ အလုပ်ဖြစ်ပါ့မလား မသိဘူး ”

“ မဖြစ်တော့လဲ ပြန်ရုံပေါ့ မောင်လေးရယ်။ ကိုခိုင်ကြီး .. အဲ .. ခေါ်ရတာ မကောင်းပါဘူး ..ကိုကြီးလို့ပဲ ခေါ်တော့မယ်။ ကိုကြီးလို တကယ်ခင်လို့ပါနော် ”

“ ကြိုက်သလိုသာ ခေါ် .. ”

“ ဟုတ် .. ကိုကြီးတို့လဲ ခဏနေ ပြန်တော့လေ။ မိုးချုပ်နေပြီ။ ကြည်ပြာလဲ ခဏစောင့်ပြီးရင် ပြန်တော့မယ်။ အဆောင်က နည်းနည်းဝေးတော့ လိုင်းကား မရှိမှာစိုးတယ် ”

“ အေး .. နာရီဝက်လောက်တော့ စောင့်ကြတာပေါ့။ ပြီးရင်တော့ ပြန်ကြမယ် ”

ဒီလိုနဲ့ နာရီဝက်ကြာတဲ့အထိ ထင်ရှားအောင်တို့ စောင့်နေခဲ့သည်။ သို့သော် ဘယ်သူမှ ရောက်မလာပါ။ ဒါနဲ့ အိမ်ပြန်ကြမယ် လုပ်တုန်း ..သူတို့ဆီကို ပလက်ဖောင်းလမ်းအတိုင်း အမျိုးသမီးတစ်ယောက် လမ်းလျှောက်လာတာ မြင်လိုက်ကြသည်။ ထို အမျိုးသမီးမှာ သူတို့ဆီ တည့်တည့်လာနေသောကြောင့် ထင်ရှားအောင်တို့ မပြန်သေးပဲ စောင့်နေလိုက်သည်။ အမျိုးသမီးက အနားရောက်တော့ ..။

“ ဒီလမ်းမှာ အလုပ် လုပ်ချင်လို့ပါ။ ကျွန်မက မနေ့ညက ဒီလူကြီး ရိုက်လိုက်တဲ့ ဂေါင်း အုပ်စုထဲက တစ်ယောက်ပါ။ အဲ့ဒီ ဂေါင်းနဲ့ အလုပ် မလုပ်ချင်တော့လို့ ဒီက မောင်လေးဆီမှာ အလုပ် လာရှာတာပါ ”

သူ့ကို စကားပြောနေတဲ့ အမျိုးသမီးကို ထင်ရှားအောင် သေချာစိုက်ကြည့်လိုက်သည်။ ပုံစံက အသက်(၃၀) လောက်ဖြစ်မည်။ ဆံပင်ရှည်ရှည် အသားဖြူဖြူ နဲ့ချောမောလှပသည့် မိန်းမ တစ်ယောက်ဖြစ်သည်။ ဝတ်ထားသည်မှာ Sexy ကျကျ ပုံစံဖြစ်သည်။ ထင်ရှားအောင် ထိုအမျိုးသမီးကို ခေါင်းစ ခြေအဆုံး သေချာ ကြည့်နေမိသည်။ ခိုင်ကြီးက ထင်ရှားအောင်ကို လက်တို့လိုက်သည်။ ထင်ရှားအောင်က ကြည့်ပဲကြည့်ပြီးစကားမပြောလို့ လက်တို့ပြီး သတိပေးလိုက်သည်။

“ ဟေ့ကောင် .. ပြန်ပြောဦးလေ။ မင်းကလဲ ကြည့်ပဲကြည့်နေတယ် ”

သူ့ကို သေချာစိုက်ကြည့်နေသော ထင်ရှားအောင်ကို အမျိုးသမီးက မျက်နှာငယ်လေးနဲ့ပြောလိုက်သည်။

“ ဒီလမ်းက အစ်မ အိမ်ပြန်လမ်းနဲ့ ကြုံတယ်လေ။ အဲ့ဒါ လိုင်းကားပေါ်ကနေ မောင်လေးတို့ အုပ်စုကို တွေ့လိုက်လို့ ဆင်းပြီး နေခဲ့တာ။ အစ်မလဲ တစ်ခြားနေရာမှာ အလုပ်ရှာပေမယ့် အဆင်မပြေပါဘူး။ ဘယ်လိုလဲ ဒီလမ်းမှာ လာလုပ်လို့ရမလား ”

“ မရဘူး .. ”

“ ဟဲ့ .. ထင်ရှားအောင် .. ငါတို့ လူလိုတယ်လေ .. နင်ကလဲ ”

ကြည်ပြာက ဝင်ပြောလိုက်သည်။ ထင်ရှားအောင်က အေးဆေးပဲ ဆက်ငြင်းလိုက်သည်။

“ မရဘူးဗျ။ တစ်ခြားနေရာပဲ သွားလိုက်ပါ။ ဒီလမ်းမှာ အစ်မကို လက်မခံဘူး ”

“ ဘာ .. ဘာဖြစ်လို့လဲဟင်။ လူများနေလို့လား .. အစ်မ သိသလောက်တော့ နှစ်ယောက်ပဲ ရှိတာမလား ”

“ မရဘူးဆို မရဘူးဗျာ။ ကဲ ကိုကြီး နဲ့ မမ ကျွန်တော်တို့ ပြန်ကြစို့။ မမကြည်ပြာ ကျွန်တော်တို့နဲ့လိုက်ခဲ့ ”

“ ဟဲ့ .. လုပ်ပြန်ပြီ။ ငါက ဒီဘက် ပြန်မှာလေ။ နင်တို့ဘာသာ ပြန်တော့။ ငါက ဘာလို့ လိုက်ရမှာလဲ ”

“ မမ .. လိုက်ဆို လိုက်ခဲ့။ ကိုကြီး .. ကျွန်တော်တို့ နောက်ကနေ လိုက်ခဲ့ ”

ထင်ရှားအောင်က ကြည်ပြာလက်ကို ဆွဲကာ စကားလာပြောနေသော အမျိုးသမီးနဲ့ ဆန့်ကျင်ဘက်သို့ ထွက်လာခဲ့သည်။ ခိုင်ကြီးလဲ အူကြောင်ကြောင်ဖြစ်ကာ ထင်ရှားအောင်တို့ နောက်ကနေ လိုက်သွားသည်။

“ ဟင်း .. ဟင်း .. မင်းက သိပ်လည်ပါလား ဂေါင်းလေးရဲ့ .. ဟား ... ”

အနောက်မှာ ကျန်ခဲ့သော အမျိုးသမီးက လှမ်းအော် ပြောလိုက်ခြင်းဖြစ်သည်။ ထင်ရှားအောင် မျက်နှာတစ်ချက် ပျက်သွားသည်။

“ ငါ့ကို ကြည့်ရုံနဲ့ ရိပ်မိတယ်နော်။ တော်တယ်ကွာ .. မင်းက လူသာငယ်တာ ပညာက မသေးဘူးပဲ။ ဟေ့ .. အကုန် ဝိုင်းထားကြစမ်း .. တစ်ယောက်မှ မလွတ်စေနဲ့ .. ”

ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ လူတစ်စုက တိုက်တွေရဲ့ ဘေးကြား အမှောင်ထဲကနေ အလျှိုလျှို ထွက်လာကြလေသည်။

ခိုင်ကြီးက အခြေနေကို သဘောပေါက်သွားပြီး သံတုတ်ကို ကျစ်နေအောင် ကိုင်ထားပြီး လက်တစ်ဖက်က ခါးပေါ်မှ ဓါးချွန်ကို ကိုင်လိုက်သည်။

ကြည်ပြာက ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေနေကို နားမလည်နိုင်ဖြစ်နေပြီး ကြောက်နေရှာသည်။ ထင်ရှားအောင်က ခိုင်ကြီးကို ကြည့်ကာ ဘာလုပ်ရင်ကောင်းမလဲလို့ မျက်လုံးများကတဆင့် မေးလိုက်သည်။ ခိုင်းကြီးက လာဝိုင်းနေတဲ့ လူတွေကို သေချာ ပတ်ကြည့်ပြီး ဘယ်လို ..ကိုင်တွယ်ရင်ကောင်းမလဲ တွေးနေပုံရသည်။

“ ပြောပါဦး .. မင်း ဘယ်လို ရိပ်မိသွားတာလဲ။ ငါ လုံး၀ ထင်မထားမိဘူး ”

“ လွယ်ပါတယ်။ ပထမတစ်ချက်က အချိန် .. ခင်ဗျားသာ တကယ် အလုပ် လုပ်ချင်ရင် စောစော လာမှာပဲ။ အခုတော့ ကျွန်တော်တို့ ပြန်တော့မယ်ဆိုမှ ခင်ဗျား ပေါ်လာတယ်။ ဒါ ခင်ဗျား ကျွန်တော်တို့ကို မပြန်စေချင်လို့ လူလုံးပြတာပဲ။ နောက်တစ်ချက်က ခင်ဗျား ခြေထောက်မှာ ဝတ်ထားတဲ့ စိန်ဆွဲကြိုး။ တန်ဖိုး မနည်းဘူး။ ခင်ဗျားလို ပြည့်တန်ဆာတစ်ယောက် ဒီလို ဆွဲကြိုးမျိုး ရှိနေတာ မထူးဆန်းဘူးလား။ နောက်ဆုံးတစ်ချက်က ခင်ဗျား လိုင်းကားပေါ်ကနေ ကျွန်တော်တို့ကို မြင်လိုက်တာလို့ ပြောတယ်။ ဒီအချိန်မှာ ကျွန်တော်တို့နား ဘယ်လိုင်းကားမှ မဖြတ်ဘူး။ လိုင်းကားဖြတ်တာဆိုလို့ တစ်လမ်းကျော်မှာပဲရှိတယ် ”

“ တော်တယ်ကွာ .. ဒါကြောင့် မင်းက ငါ့ကို တစ်ချိန်လုံး စိုက်ကြည့်နေတာကိုး။ ဟုတ်သားပဲ foot chain ဖြုတ်ဖို့မေ့သွားတယ်။ ဟင်း .. ဟင်း ..မင်းတို့ မနေ့က ရိုက်လိုက်တဲ့ ဂေါင်းဆိုတာ ငါ့တပည့်တစ်ယောက်ပဲ။ ချာတိတ်တစ်ယောက်က ဒီလမ်းမှာ ဂေါင်းလုပ်မယ်ဆိုပြီး ဆော်လိုက်တာလို့ ငါ့တပည့်တွေက ပြန်ပြောတော့ အံ့သြသွားတယ်။ ချာတိတ်ဆိုတဲ့ မင်းကို မြင်ဖူးချင်လို့ ငါကိုယ်တိုင် လာခဲ့တာပဲ။ ငါ့ စီးပွားရေးကို နှောက်ယှက်ရင် ဘယ်သူ့ကိုမှ ငါ မညှာဘူး။ အေး .. ငါ့ကို မသိရင်လဲ မှတ်ထား။ ငါ့နာမည်က  မေချိုထွဋ်ခေါင် တဲ့။ ဂေါင်း လောကမှာတော့ ငါ့ကို မသိတဲ့သူ မရှိဘူး။ မင်းကတော့ ဘယ်သိဦးမလဲ .. ”

“ ခင်ဗျားဘာသာ ဘယ်သူသိသိ ဂရုမစိုက်ဘူး။ ကိုကြီး .. ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ”

ထင်ရှားအောင်က မေချိုထွဋ်ခေါင် ကို လှမ်းပြောလိုက်ပြီး ခိုင်ကြီးဘက်လှည့်ကာ တိုးတိုးမေးလိုက်သည်။

“ အခြေနေမကောင်းဘူး။ ငါတစ်ယောက်တည်းဆို ဘာမှ မဖြစ်ဘူး။ မင်းတို့ပါနေတာ ခက်တယ်။ သူတို့ဘက်က အင်အားများတယ်။ ဓါးတွေလဲ ပါတယ်။ မင်းတိုထိမှာ စိုးတယ်ကွာ .. တောက်စ် .. ”

“ မောင်လေး .. ငါ ကြောက်လိုက်တာ .. လုပ်ပါဦး .. ဟင့် .. ဟင့် .. ”

“ ကြည်ပြာ ညီမလေး .. တစ်ခုခုဆို ပြေးနိုင်သလောပြေးစမ်း .. နောက်လှည့်မကြည့်နဲ့ ..ထင်ရှားအောင် မင်းလဲ ပြေးရမယ်။ ကြည်ပြာနဲ့အတူ ပြေးနိုင်သလောက်သာ ပြေး .. ”

“ ကျွန်တော် ကိုကြီးကို ထားပြီး ဘယ်မှ မသွားဘူး .. ”

“ အာ .. ငါလိုး .. ပြေးဆိုပြေးစမ်း။ ငါ ပြေးဆိုတာနဲ့ မင်းတို့ ပြေးတော့ .. ”

ခိုင်ကြီးက ပတ်ပတ်လည် ဝိုင်းနေသော လူအုပ်စုကို ခုခံရန် ပုဆိုးကို တင်းတင်းဝတ်လိုက်သည်။ လက်တစ်ဖက်က သံတုတ်ကိုင်ပြီး နောက်လက်တစ်ဖက်က ခါးကြားက ဓါးချွတ်ကို ထုတ်ကာ တင်းတင်းကိုင်ထားသည်။ ဝိုင်းနေတဲ့ လူများကလဲ တုတ်တွေ ဓါးတွေ ကိုယ်စီ ကိုင်ထားကြသည်။

“ ဒီလောက်တောင် လေကျယ်တဲ့ ဟာလေး .. ဟေ့ ကြည့်မနေနဲ့တော့ ဆုံးမ လိုက်စမ်း ”

ဝိုင်းထားသော လူ (၆)ယောက်မှာ ထင်ရှားအောင်တို့ဆီ ပြေးလာသည်။ ခိုင်ကြီးက ထင်ရှားအောင်နဲ့ ကြည်ပြာရှေ့မှာ ကာလိုက်ပြီး အနီးဆုံး ရောက်လာသူတစ်ယောက်ကို သံတုတ်နဲ့ အမိအရ ဖြတ်ရိုက်လိုက်သည်။ နောက်ထပ် ရောက်လာသူကို ဓါးနဲ့ ဝှေ့ကာ ပိုင်းလိုက်သည်။

သံတုတ်စာ မိသွားပေမယ့် ဓါးစာတော့ မမိသွား။ အရှောင်ကောင်းလို့ လွတ်သွားသည်။ နောက်ထပ် လူများက ခိုင်ကြီးနား ပြေးဝင်လာကာ တုတ်နဲ့ ရိုက်တဲ့သူက ရိုက် ဓါးနဲ့ ပိုင်းတဲ့သူက ပိုင်းဖြင့် ဝင်လုံးတော့သည်။ ခိုင်ကြီးက ထင်ရှားအောင်တို့ကို အနောက်ကို ရသလောက် ဆောင့်တွန်းကာ တတ်နိုင်သလောက် ကာပေးသည်။ သို့သော် လူအင်အားခြင်း မမျှပေ။ ခိုင်ကြီးမှာ ထင်ရှားအောင်တို့ကို ဂရုစိုက်နေရသဖြင့် နိုင်သလောက် ပြန်မချနိုင် ဖြစ်နေသည်။ လူတစ်ယောက်ဆီက ဓါးသွားက ခိုင်ကြီး ရင်ဘတ်နား ဖြတ်ကနဲ ရောက်လာသည်။ ခိုင်ကြီး ဓါးကို လက်နဲ့ ကာလိုက်တော့ ခိုင်ကြီးရဲ့ လက်မှာ သွေးများ ရဲကနဲ ဖြစ်သွားတော့သည်။

“ ဟာ ကိုကြီး .. ”

ခိုင်ကြီးက လက်မှ ဒဏ်ရာကို ဂရုမစိုက်အားပဲ ရောက်လာမျှ တုတ်နဲ့ ဓါးတွေကို ပတ်ရှောင်ကာ သွေးရူးသွေးတန်း ပြန်ဆော်နေတော့သည်။

တုတ်တစ်ချောင်းက ခိုင်ကြီး နောက်စိသို့ တည့်တည့် ဝင်လာတော့သည်။ အွတ်ကနဲ ..  ခိုင်ကြီးတစ်ယောက် ရှေ့သို့ မှောက်သွားသည်။

အမြန် ပြန်ထဖို့ လုပ်သော်လည် ဓါးတစ်ချောင်းက ကျောဘက်မှာ ဖြတ်သန်းသွားပြန်သည်။ နောက်ကျောတစ်ခုလုံး သွေးများ စီးကျလာသည်။

“ ပြေး .. ပြေးတော့ .. ပြေး .. ”

ခိုင်ကြီးက အားကုန် အော်ဟစ်လိုက်တော့သည်။ ထင်ရှားအောင်က ကြည်ပြာလက်ကို တင်းနေအောင် ဆုပ်ကိုင်ထားကာ သူ့အကိုကြီး အဖြစ်ကို မခံစားနိုင်လောက်အောင် ကြေကွဲနေရသည်။ မျက်ရည်များ ကျလာပြီး လမ်းမပေါ် ဒူးထောက်ချလိုက်တော့သည်။

“ ကျွန်တော့်ကိုကြီးကို မလုပ်ကြပါနဲ့တော့။ ကျွန်တော် တောင်းပန်ပါတယ်။ သူ့ကို မသတ်ပါနဲ့ .. မသတ်ပါနဲ့ဗျာ .. ”

“ ဟေ့ .. ရပ်လိုက် .. ရပ်လိုက်လို့ ငါပြောနေတယ် ”

မေချိုထွဋ်ခေါင် အမိန့်ပေးလိုက်လို့ ခိုင်ကြီးကို အားရအောင် ဆော်နေသော အုပ်စုမှာ ရပ်သွားပြီး ခပ်လှမ်းလှမ်းသို့ ရောက်သွားသည်။

ခိုင်ကြီးတစ်ယောက် သွေးအိုင်ထဲမှာ ဒဏ်ရာများဖြင့် ခွေလဲလို့နေလေပြီ။ အသက်တော့ မသေသေး။ ထင်ရှားအောင် ခိုင်ကြီးနား ပြေးသွားလိုက်ပြီး ပွေ့လိုက်သည်။

“ ကိုကြီး .. ကိုကြီး .. ”

“ ငါလိုးတဲ့ .. ပြေးပါဆိုတာကိုကွာ .. တောက်စ် .. အာ့ .. ”

“ မပြေးဘူး .. ကိုကြီးကို ထားပြီး ကျွန်တော် ဘယ်တော့မှ မပြေးဘူး။ သေမယ်ဆိုလဲ အတူတူသေမယ်ဗျ။ အီး .. ဟီး .. ဟီး .. ကိုကြီး မသေနဲ့ .. မသေနဲ့နော် .. သေရင် ကျွန်တော် စိတ်ဆိုးမှာနော် .. အီး .. ဟီး .. ”

ကြည်ပြာလဲ ထင်ရှားအောင်တို့နား ပြေးလာကာ ခိုင်ကြီးကို ဘေးကနေ ကူပွေ့ထားပြီး ငိုနေရှာသည်။

“ ငါလဲ သေပြီထင်တာ .. မသေသေးဘူးကွ .. လီးပဲ .. စောက်ရမ်း ငိုမနေနဲ့ .. ဟင်း ... ”

“ ဟင့် .. ဟင့် .. ကိုကြီးရယ် .. ဖြစ်ရလေ။ ကြည်ပြာတို့ကို မထားသွားပါနဲ့ .. မထားခဲ့ပါနဲ့နော် .. ဟင့် .. ”

“ ကျွတ် .. ကျွတ် .. ဒီလိုဆိုတော့လဲ သနားစရာတွေပါလား။ ခုနကတော့ လေတစ်လုံး မိုးတစ်လုံးနဲ့ .. ချာတိတ် .. မင်းကို ငါ နောက်ထပ် သဘောကျသွားပြန်ပြီ။ မင်းက လည်တဲ့အပြင် သစ္စာလဲ ရှိပါလား ”

“ ခင်ဗျား သတ်မယ်ဆိုလဲ ကျွန်တော် ကိုကြီးနဲ့ အတူ သေလိုက်မယ်။ မမကြည်ပြာကိုတော့ လွှတ်ပေးလိုက်ပါ။ ဒီကိစ္စ သူနဲ့ ဘာမှ မဆိုင်ဘူး။ သူ့ကို လွှတ်ပေးရင် ကျွန်တော်တို့ ဒီမှာ အသေခံလိုက်မယ် ”

“ အမယ်လေး .. မင်း သတ္တိကို ကြိုက်သွားပြန်ပြီ။ မင်းတို့ကို မသတ်ပါဘူးကွာ။ ငါ့ကို မခန့်လေးစား လုပ်လို့ ပညာပေးရုံပါပဲ။ နည်းနည်းတော့ လက်လွန်သွားတယ် .. ခစ် .. ခစ် .. ဆောရီးနော်။ ကဲ .. မင်း ငါ့အနားကို လာခဲ့စမ်း .. ”

ထင်ရှားအောင် မျက်ရည်များကို သုတ်လိုက်ပြီး ထ လိုက်သည်။ ခိုင်ကြီးက ထင်ရှားအောင်လက်ကို ဆွဲထားသည်။ ထင်ရှားအောင်က ခိုင်ကြီးလက်ကို ဖယ်လိုက်ပြီး မေချိုထွဋ်ခေါင် နားသို့ သွားလိုက်သည်။

“ ဒူးထောက်စမ်း ”

ထင်ရှားအောင် မေချိုထွဋ်ခေါင် ရှေ့မှာ ဒူးထောက်လိုက်သည်။ လက်သီးကို ကျစ်နေအောင် ဆုပ်ထားပြီး မေချိုထွဋ်ခေါင်ကို မော့ကြည့်လိုက်သည်။

“ မင်း ကိုကြီး နဲ့ မမ ကို ဘာမှ မဖြစ်စေချင်ရင် မင်း ငါပြောတာကို ဒီချိန်ကနေစပြီး နားထောင်ရမယ်။ ငါ ခိုင်းတာ အားလုံး လုပ်ပေးရမယ်။ ငါ့လက်အောက်မှာ ငါ့တပည့်အဖြစ် နေရမယ်။ ဘယ်လိုလဲ .. ”

ထင်ရှားအောင် မေချိုထွဋ်ခေါင်ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ ဒီအချိန်မှာ သူဘာမှ မတတ်နိုင်တော့ပါ။ သွေးအိုင်ထဲ လဲနေတဲ့ ခိုင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ...။

“ လုပ်မယ်။ ကျွန်တော့် ကိုကြီး နဲ့ မမကို ဘာမှ ဆက်မလုပ်တော့ရင် ခင်ဗျား ခိုင်းတာ မှန်သမျှ အကုန်လုပ်ပေးမယ် ”

“ ဒီလိုမှပေါ့ .. ဒါ အကင်းပဲ ရှိသေးတယ်။ နောက်ဆို ငါ့ကို မမာမခန့်လုပ်ရင် အသေပဲ။ မင်းက ငယ်ပါသေးတယ်။ ဒါပေမယ့် မင်းဆီမှာ ငါသဘောကျတဲ့ အရည်ချင်းတွေရှိနေတယ်။ ဒီတော့ မင်း ငါနဲ့ လိုက်ခဲ့ရမယ်။ ဒါဆို မင်း ကိုကြီး နဲ့ မမကို အခုပဲ ငါ ပြန်လွှတ်ပေးလိုက်မယ် ”

“ လိုက်ခဲ့မယ် ”

“ အိုကေ .. ဟေ့ .. သူတို့ကို လွှတ်ပေးလိုက်တော့။ ငါတို့ ပြန်မယ်။ ဒီကောင်လေးကို သေချာချုပ်ပြီး ခေါ်ခဲ့စမ်း .. ”

လူနှစ်ယောက် ထင်ရှားအောင်နားရောက်လာပြီး တစ်ဖက်စီကိုင်ကာ ချုပ်လိုက်သည်။ ထင်ရှားအောင်က ခိုင်ကြီးနဲ့ ကြည်ပြာကို ကြည့်ကာ လှမ်းပြောလိုက်သည်။

“ ကိုကြီး နဲ့ မမ .. ကျွန်တော် လိုက်သွားတော့မယ်။ မမ .. ကိုကြီးကို ဂရုစိုက်ပေးပါနော်။ ကိုကြီး ဒဏ်ရာတွေက မနည်းဘူး။ ကိုကြီး .. ကျွန်တော့်အမေ နဲ့ ပန်းလေးကို ဂရုစိုက်ပေးပါဗျာ။ ကျွန်တော် စိတ်ချပါရစေနာ် ”

ခိုင်ကြီးက လှဲနေရာကနေ အားယူထပြီး ..

“ ထင် .. ရှား .. အောင် .. မလိုက်နဲ့ .. ညီလေး .. အာ့ .. ”

ဒဏ်ရာများကြောင့် စကားကို ကောင်းကောင်းမပြောနိုင်ပဲ ပြန်လဲသွားသည်။ ကြည်ပြာက ခိုင်ကြီးကို အနောက်ကနေ ပွေ့ထားပြီး အငိုမျက်နှာလေးနဲ့ ထင်ရှားအောင်ကို ကြည့်နေရသည်။ ထင်ရှားအောင် ဘာမှ မပြောတော့ပဲ မေချိုထွဋ်ခေါင် ခေါ်ရာနောက်ကို လိုက်သွားတော့သည်။ ခဏနေတော့ ထင်ရှားအောင်တို့ အုပ်စု အမှောင်ထုထဲမှာ ပျောက်ကွယ်သွားတော့သည်။

ကြည်ပြာက ခိုင်ကြီးကို တွဲပြီး နီးစပ်ရာ ဆေးရုံတစ်ခုသို့ ရောက်အောင်သွားကာ ညပိုင်း လင်မယားနှစ်ယောက် အလုပ်ကပြန်လာတုန်း လူတစ်စုက တုတ်တွေ ဓါးတွေနဲ့ ဝိုင်းရိုက်ပြီး ပိုက်ဆံ လုသွားတဲ့ ပုံစံ လိမ်ညာပြောပြီး ခိုင်ကြီးကို ဆေးရုံတင်ပေးလိုက်ရတော့သည်။

..................................................

အခန်း ( ၈ )

“ သြော် .. ရှင် နဲ့ မမေချိုက ဒီလို တွေ့ခဲ့ကြတာကိုး။ လုံး၀ မထင်ထားမိဘူး ”

“ ဟုတ်တယ်။ တကယ့်ကို ရန်သူတွေ ဖြစ်ခဲ့တာပေါ့။ ကျုပ်လဲ ခင်ဗျား စကားကို ယူသုံးချင်တယ်။ လုံး၀ ထင်မထားမိဘူး။ လုံးဝကို ထင်မထားမိပါဘူးဗျာ ”

ထင်ရှားအောင် ဖင်ဆီခံနား ကပ်နေတဲ့ ဆေးလိပ်လက်ကျန်ကို အဆုံးထိ ရှိုက်လိုက်သည်။ ဆေးလိပ်ကို ခွက်ထဲမှာ ချေလိုက်ပြီး မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ မေဘယ်လ် က ထင်ရှားအောင်ကို သေချာကြည့်နေရင်း တစ်ခုခုကို သတိထားမိကာ ပြုံးလိုက်သည်။

“ ကဲ .. ဆက်ပြောလို့ အဆင်ပြေရင် ပြောပါဦး။ ညှိထားလို့ အချိန် နာရီဝက် ကျန်သေးတယ် ”

“ ဆက်မပြောချင်တော့ဘူး။ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ရအောင် ”

“ နာရီဝက်ဆိုတဲ့ အချိန်က ဒီမှာတော့ တန်ဖိုးရှိတယ်ရှင့်။ ဒီ နာရီဝက် အချိန်ပိုရအောင် ကျွန်မ ဘယ်လောက် ကြိုးစားခဲ့ရလဲ ရှင် မှ မသိတာ။ ဖြစ်နိုင်ရင် ဆက်ပြောပါလား ”

“ ကောင်းပြီလေ။ မင်းရဲ့ ကြိုးစားမှုကို အသိမှတ် ပြုတဲ့အနေနဲ့ ကျုပ် ဆက်ပြောမယ် ”

မေဘယ်လ်က အသံဖမ်းစက်ကို နှိပ်ကာ အသံဖမ်းလိုက်သည်။ ထင်ရှားအောင်က ဆေးလိပ်နောက်တစ်လိပ်ယူကာ နှုတ်ခမ်းမှာ တေ့လိုက်ပြီး မီး မခြစ်သေးပဲ အပေါ်ကို မော့ကြည့်ကာ ပြုံးလိုက်သည်။ ဆေးလိပ်ကို မီးညှိလိုက်ပြီး ..သူ့အပြုံးကို ရပ်လိုက်ကာ မေဘယ်လ် ကို စကားဆက်ပြောလိုက်သည်။

..............................

ထင်ရှားအောင်ကို လူနှစ်ယောက်က တစ်ဖက်စီ သေချာ ချုပ်ကိုင်ထားပြီး ခေါ်ဆောင်သွားသည်။ လမ်းချိုးအကွေ့တစ်ခု ရောက်တော့ ကား နှစ်စီး ရပ်ထားတာ တွေ့လိုက်သည်။ ရှေ့က ကားမှာ တန်ဖိုးကြီး ကားတစ်စီးဖြစ်ပြီး နောက်က ကားမှာ လူများများဆန့်သည့် ခရီးသွား ကားမျိုးဖြစ်သည်။ ကားတွေနားရောက်တော့ ...။

“ သူ့ကို ငါ့ကားနဲ့ ခေါ်သွားမယ်။ အနောက်ခန်းမှာ နှစ်ယောက်လောက် ချုပ်ထားပေးစမ်း .. ”

မေချိုထွဋ်ခေါင်က ကားရှေ့မှာ ထိုင်လိုက်သည်။ အနောက်မှာတော့ ထင်ရှားအောင်ကို အလယ်မှာထားပြီး ဘေးမှာ လူနှစ်ယောက်က ချုပ်ထားသည်။

“ ရော့ ဒါ စွတ်ပေးလိုက်။ မင်း အသားမနာချင်ရင် ငြိမ်ငြိမ်လိုက်ခဲ့နော် .. ”

ထင်ရှားအောင်ရဲ့ ခေါင်းမှာ ခေါင်းစွတ်အမဲတစ်လုံး စွတ်လိုက်သည်။ မြင်ကွင်းက ဘာမှ မမြင်ရတော့ပေ။ ထင်ရှားအောင် အသက်ကို ပုံမှန်ရှူပြီး စိတ်ကို လျော့လိုက်တော့သည်။ ကားမှာ အချိန်အတော်ကြာ မောင်းနှင်နေသည်။ ဘာမှ မမြင်ရတော့ ဘယ်ရောက်နေမှန်း ထင်ရှားအောင် မသိတော့ပေ။ အတန်ကြာ မောင်းလာပြီး ကားက အရှိန်နှေးသွားပြီး တစ်နေရာရောက်တော့ ခဏရပ်လိုက်ပြီး ဖြေးဖြေးပဲ ဆက်မောင်းသွားသည်။ ခြံဝင်းအကျယ်ကြီးထဲက နန်းတော်ကြီးသဖွယ် ခမ်းနားလှပတဲ့ အိမ်ကြီး တစ်အိမ်ရှေ့မှာ ကားကို ရပ်လိုက်သည်။

“ သူ့ကို ဧည့်ခန်းထဲ ခေါ်ခဲ့။ နောက်က ကားကို ဂိုထောင်ကို ပြန်ခိုင်းလိုက်တော့။ အခုကိစ္စအတွက် မင်းတို့ ရမယ့် Bonus ကို ဦးနိုင် ရှင်းပေးလိမ့်မယ်။ ”

“ ဟုတ် မမလေး .. ဟေ့ကောင် လာစမ်း .. ”

ထင်ရှားအောင် လူနှစ်ယောက် ဆွဲခေါ်ရာနောက် ရုံးရင်း လိုက်ပါသွားသည်။ ဧည့်ခန်းထဲရောက်တော့ မျက်နှာစွတ်ကို ဖယ်ပေးလိုက်သည်။

ထင်ရှားအောင် ဘဝမှာ ဒီလောက်ခမ်းနားတဲ့ အိမ်တွင်း အပြင်ဆင်တွေကို မမြင်ခဲ့ဖူးပေ။ အိမ်ထဲမှာ အလှဆင်ထားတဲ့ ပစ္စည်းများကို ကြည့်ပြီး အံ့သြနေမိသည်။ သို့သော် မျက်နှာကို တင်းထားပြီး မေချိုထွဋ်ခေါင်ကို ဂျိုကြည့် ကြည့်နေလိုက်သည်။ မေချိုထွဋ်ခေါင်က သူ့ကို ဂရုမစိုက်ပဲ အိမ်ဖော်မလေး လာပေးသော အအေးကို သောက်ရင်း သူ့တပည့်များကို မှာစရာရှိတာ မှာနေသည်။ တပည့်တွေ ပြန်ထွက်သွားတော့ ...။

“ မင်းနာမည် ဘယ်လိုခေါ်လဲ ”

“ ထင်ရှားအောင် ”

“ နာမည်က လူနဲ့ လိုက်သားပဲ။ မင်းအသက်က .. ”

“ (၁၅)နှစ် ပြည့်ပြီးပြီ။ ”

“ ငယ်သေးတာပဲ .. ဒီအရွယ် နဲ့ ဒီလို ဇ တွေ ရှိနေတယ်။ ဟင်း .. ဟင်း .. ”

“ မင်း ဘာအလုပ် လုပ်လဲ။ ကျောင်းနေမယ့် ပုံစံတော့ မဟုတ်ဘူး .. ”

“ သူတောင်းစား ”

“ ဘယ်လို .. သူတောင်းစား ဟုတ်လား။ ဟား .. အောင်မလေးဟယ် သူတောင်းစားက ငါ့ စားခွက်ကို လာလုနေပါလား။ လူကြားလို့မှ မကောင်းဘူးဟယ်။ ဟား .. တော်သေးတာပေါ့ ငါကိုယ်တိုင် ဖြေရှင်းလိုက်လို့။ မဟုတ်ရင် မေချိုထွဋ်ခေါင်ကို သူတောင်းစား ချာတိတ်လေးတစ်ယောက်က ကျောသွားတယ်ဆိုပြီး နာမည်ကြီးနေဦးမယ် .. ခစ် .. ခစ် .. ”

“ သမီး .. အားလုံးကို ရှင်းပေးပြီးပြီ။ ဦးနိုင် ဘာလုပ်ပေးရဦးမလဲ။ ”

“ ဒီချာတိတ်အတွက် အခန်းတစ်ခန်း စီစဉ်ပေးပါ။ နောက်ပြီး အခန်း၀ မှာ အစောင့်တစ်ယောက်ထားပေးနော် ”

“ အေး ကောင်းပြီ .. ”

“ ဒါနဲ့ .. မင်း ဗိုက်ဆာလား ”

“ မဆာဘူး ”

“ ငါတော့ ဆာနေတယ်။ ဦးနိုင် သမီးကို စားစရာ တစ်ခုခု လုပ်ခိုင်းပေးပါ။ ဒီကောင်လေးအတွက်လဲ လုပ်ပေးလိုက် ”

“ ကောင်းပြီ သမီး ”

ဦးသက်နိုင် လှည့်ထွက်သွားသည်။ ထင်ရှားအောင် စိတ်ထဲမှာ မေချိုထွဋ်ခေါင်ကို နားမလည်သလို ဖြစ်နေသည်။ ခုနကတော့ သူတို့ကို အသေသတ်မယ့် စတိုင်နဲ့ အခုတော့ သဘောကောင်းတဲ့ အမျိုးသမီးတစ်ယောက်လို ဆက်ဆံနေသည်။ ဘယ်လိုလဲ။ ခဏနေတော့ အိမ်ဖော်မလေးများက ခေါက်ဆွဲပြုတ် နဲ့ ကြက်ကြော်များ ယူလာပြီး လာချပေးသည်။

“ ဘာကြည့်နေတာလဲ စားလေ .. ”

ထင်ရှားအောင် သူ့ရှေ့မှာ ရှိနေသော ကြက်ကြော် နဲ့ ဆော့အချည်ရည်ကို ကြည့်ကာ သွားရည်ကျနေမိသည်။ သူ ဗိုက်ဆာနေပါတယ်။ ဒါပေမယ့် ရန်သူကကျွေးသော အစားစာမို့ လုံး၀ မစားဖူးလို့ ခံယူထားသည်။

“ ကျွန်တော် မဆာဘူးလို့ ပြောပြီးပြီ။ ”

“ ပြီးရောလေ .. မဆာလဲ မစားနဲ့။ ငါတော့ စားလိုက်ဦးမယ်။ အွန်း .. ကောင်းလိုက်တဲ့ ခေါက်ဆွဲပြုတ် .. ဖျော်ရည်ကလဲ အေးနေတာပဲ .. ကောင်းမှကောင်း .. ”

သူ့ကို မစား စားချင်အောင် သေချာ လုပ်ပြနေမှန်း ထင်ရှားအောင် သိသည်။ ဆာနေတဲ့ စိတ်ကို မနည်း မျိုသိပ်ထားရသည်။

“ မင်းမှာ မိဘတွေရှိလား ”

“ မိဘအရင်းတော့ ဘယ်သူတွေမှန်း မသိဘူး။ မွေးစား အမေတော့ ရှိတယ် ”

“ မွေးစားအမေက မင်းကို ဘယ်လို မွေးစားခဲ့တာလဲ ”

“ သစ်ပင်အောက်မှာ ကောက်ရတယ် ပြောတယ် ”

“ သြော် .. ”

မေချိုထွဋ်ခေါင် မျက်နှာပျက်သွားမှန်း ထင်ရှားအောင် ရိပ်မိလိုက်သည်။ ဘာလို့ ဝမ်းနည်းတဲ့ ပုံစံ ဖြစ်သွားတာလဲ။ ထင်ရှားအောင်က မေချိုထွဋ်ခေါင် နဲ့ စကားပြောနေရင်း သူမ ပုံစံကို တစ်ချိန်လုံး အသေးစိတ် လေ့လာနေမိသည်။ ဒါ သူ့အကျင့် တစ်ခုပဲ မဟုတ်လား။

“ ဟေ့ .. သူ့ကို အခန်းထဲ ခေါ်သွားလိုက်တော့။ အပြင်ကနေ တံခါး လော့ချထားနော်။ ဒီကောင်လေး ထွက်ပြေးသွားရင် မင်းတို့အသေပဲ ”

“ ဟုတ် မမလေး ”

“ နေဦး .. ကြက်ကြော် နဲ့ ဖျော်ရည်ကို သူ့အခန်းထဲ ထားပေးလိုက်။ ချာတိတ် မင်း ဗိုက်ဆာနေတာ ငါ သိတယ်။ မာနဆိုတာ တစ်ခါတစ်လေ လူကို ဒုက္ခပေးတတ်တယ်။ ဘယ်သူမှ ရှိမနေရင် မာနကို ခဏ သိမ်းထားလိုက်။ ဒါမှ နေလို့ကောင်းမှာ ”

ထင်ရှားအောင် ဘာမှ ပြန်မပြောတော့ပဲ ခေါ်ဆောင်ရာနောက်ကို လိုက်သွားတော့သည်။ အိပ်ခန်းတစ်ခန်းထဲ သူ့ကို ခေါ်သွားပြီး အပြင်ကနေ တံခါး ပိတ်ထားသည်။ မေချိုထွဋ်ခေါင်ပြောတဲ့ မာနကို ခဏသိမ်းထားလိုက်ဆိုတဲ့ စကားကို ပြန်ကြားယောင်နေမိသည်။ ဗိုက်အရမ်းဆာနေတာမို့ ကြက်ကြော် ကို ကြည့်ပြီး မာနကို ခဏသိမ်းထားဖို့ သူဆုံးဖြတ်လိုက်တော့သည်။ ကြက်ကြော်ကို အချည်နဲ့တို့တာ အားရပါးရ စားလိုက်ပါတော့သည်။

ဗိုက်တင်းသွားမှ အခန်းကို သေချာကြည့်လိုက်တော့ သူ့တစ်သက် တစ်ခါမှ စိတ်ကူး မယဉ်ဖူးသော အခန်းမျိုး။ ဒီလို အခန်းမျိုးမှာ ညအိပ်ရမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ ထင်ရှားအောင် ကုတင်ပေါ်ကို ဒိုင်ပင် ပစ်ကာ မွေ့ယာ အကောင်းစားကြီးပေါ်မှာ ကျောခင်းကြည့်လိုက်သည်။

“ ဟင်း .. ဟင်း .. ချာတိတ် .. အခုတော့ မင်း မာနတွေ ဘယ်ရောက်သွားပြီလဲ။ ဟား .. ”

ထင်ရှားအောင် အခန်းတွင် လျှို့ဝှက်စွာ တပ်ထားသော CCTV မှတဆင့် ထင်ရှားအောင် လုပ်သမျှကို မေချိုထွဋ်ခေါင်က သူ့အခန်းထဲမှာရှိတဲ့ LCD ကနေ ကြည့်ရင်း ရယ်နေလိုက်သည်။ ထင်ရှားအောင်ကတော့ သူ့ကို ခိုးရိုက်နေမှန်း လုံး၀ မသိပေ။ အခန်းထဲမှာ လွတ်လွတ်လပ်လပ် လုပ်ချင်ရာ လုပ်နေတော့သည်။ ခဏနေတော့ ထင်ရှားအောင်တစ်ယောက် မွေ့ယာ အကောင်းစားပေါ်မှာ အိပ်ပျော်သွားတော့သည်။

မေချိုထွဋ်ခေါင်က ကုတင်ပေါ် လှဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ ချာတိတ် .. မင်းက ငါ့နဲ့ အတော် တူနေပါလား .. ဟင်း .... ”

....................

အဲကွန်းရဲ့ အေးမြမှုနဲ့အတူ မွေ့ယာအကောင်းစားပေါ်မှာ အိပ်လိုက်ရတာမို့ ထင်ရှားအောင် အတော်နဲ့ မထနိုင် ဖြစ်နေသည်။ မနက်တိုင်း အေးရီ ရဲ့ အော်ဟစ် ဆဲဆိုသံနဲ့အတူ သူ အိပ်ယာနိုးနေကြ။ အခုတော့ ဘာသံမှ မကြားရပဲ တိတ်ဆိတ်နေတာမို့ ထင်ရှားအောင် မျက်လုံးကို မနည်းအားယူဖွင့်ရင်း အိပ်ယာ ထ ဖို့ ပြင်ဆင်လိုက်သည်။ အိပ်လို့ကောင်းချက်က အိပ်မက်တောင် မမက်ခဲ့ဘူး။ တစ်ကိုယ်လုံး နံစော်နေတာမို့ ရေချိုးဖို့ ထွက်လာခဲ့သည်။

ရေချိုးခန်းထဲရောက်တော့ သွားတိုက်တံအသစ် နဲ့ သွားတိုက်ဆေး အကောင်းစားကို တွေ့လိုက်ပြီး သူတိုက်နေကြ သွားတိုက်တံ ဖွာလန်ကြဲ ကို .. သတိရသွားသည်။ သူ့အမေ အေးရီကိုလဲ သတိရသွားသည်။ ဒီချိန်ဆို သူ့ကို ဆဲဆိုပြီး ကောက်ညင်းပေါင်း ဝယ်ခိုင်းနေကြ။ ထင်ရှားအောင် အတွေးကို ရပ်ကာ မျက်နှာသစ် သွားတိုက်လိုက်ပြီး ရေချိုးဖို့ ပြင်လိုက်သည်။ ရေပန်းစနစ်မို့ ဘယ်ဟာကို ဘယ်လို စဖွင့်ရမှန်း မသိဘူးဖြစ်နေသည်။ ဒါနဲ့ ဟိုလုပ် ဒီလုပ်နဲ့  ရေပန်းပွင့်သွားတော့ ပျော်သွားသည်။ လောကကြီးမှာ ရေချိုးတာခြင်း အတူတူတောင် ဇိမ်ကျတာခြင်း မတူပါလားလို့ ထင်ရှားအောင် တွေးလိုက်မိသည်။

ရေချိုးခန်းထဲကနေ ထွက်လာတော့ သူ့ကို အသင့်စောင့်နေတဲ့ အိမ်ဖော်မလေး နှစ်ယောက်ကို မြင်ပြီး ထင်ရှားအောင် လန့်သွားသည်။

အိမ်ဖော်မလေးတွေ လက်ထဲမှာ အဝတ်စားတစ်ချို့ ကိုင်ထားသည်။

“ မမလေးက ဒီအဝတ်စားတွေ လဲပြီးရင် ဧည့်ခန်းကို လာခဲ့ပါလို့ ပြောခိုင်းလိုက်တယ်။ ”

“ အင်း .. ”

ထင်ရှားအောင် အဝတ်စားများ လဲလိုက်သည်။ တစ်ခါမှ မဝတ်ဖူးတဲ့ အဝတ်စားတွေဖြစ်သည်။ အဖြူရောင် တီရှပ် ၊ အပေါ်က ကုတ်အင်္ကျီ ၊

အောက်မှာက ဂျင်းဘောင်းဘီ ၊ ခါးပတ်ကလဲ အကောင်းစား၊ ရှူးဖိနပ်ကလဲ သူနဲ့ ကွက်တိဖြစ်နေသည်။ အားလုံး အကောင်းစားတွေမို့ အဝတ်စားတွေ ဝတ်ကြည့်ကာ သူ့ကိုယ်သူ မှန်ထဲမှာ ပြန်ကြည့်ရင်း သဘောကျနေသည်။ ဒီအမျိုးသမီးက ဘယ်လိုလဲ။ ဘာလို့ သူ့ကို ဒီလို ဆက်ဆံနေတာလဲ။ သူက ရန်သူတစ်ယောက်ဆိုတာ ထင်ရှားအောင် မမေ့ဖို့ ကြိုးစားနေရသည်။

တစ်ချိန်တည်းမှာပဲ ခိုင်ကြီး ၊ ပန်းလေး နဲ့ ကြည်ပြာတို့ကို သူ သတိရလိုက်သည်။ ကိုကြီး အဆင်ပြေရဲ့လား။ ပန်းလေး .. ညီမလေး ကို သတိရလိုက်တာကွာ။ အမေရော ခုချိန် ငါ့ကို စိတ်ပူနေမလား။ မပူလောက်ဘူး ထင်ပါတယ်။ ငါ မရှိလေ သူ ပိုလွတ်လပ်လေပေါ့။

ဟင်း .. ငါ ဘယ်ချိန်ထိ ဒီမိန်းမ လက်အောက်မှာ နေရဦးမှာလဲ။ သူ့ပုံစံက အတော် သြဇာရှိတယ်။ သူ့လက်အောင်မှာ တပည့်တွေက အများကြီးပဲ။ ငါ သတိတော့ထားရမယ်။ အခြေနေကြည့်ပြီး နေမှပဲ။

ဧည့်ခန်းထဲရောက်တော့ မေချိုထွဋ်ခေါင်က စီးကရက်ဖွာရင်း သတင်းစာ ဖတ်နေသည်။ ထင်ရှားအောင်ကို မြင်လိုက်တော့ ..။

“ အမယ် .. ဒီလိုကျ ဘယ်ဆိုးလို့တုန်း။ မင်း သူတောင်းစား ဘဝကနေ ငါ့တပည့်ဖြစ်သွားတာ ကံကောင်းတယ်လို့ မှတ်လိုက် .. ဟား .. ”

“ ကျွန်တော် ဘယ်အချိန်ထိ ခင်ဗျားလက်အောက်မှာ အလုပ် လုပ်ရမှာလဲ ”

“ ဖြေးဖြေးပေါ့ကွာ။ အခုပဲ ရောက်တယ် ပြန်ချင်ပြီလား။ မင်း ထွက်ပြေးမယ်တော့ မကြံနဲ့နော်။ ငါ့မှာ လူအင်အား ဘယ်လောက်ရှိလဲ မင်းသိမှာပါ။ မင်း ထွက်ပြေးတာနဲ့ မင်းချစ်တဲ့သူတွေ အကုန်လုံး အသက်ပျောက်ပြီသာ မှတ်လိုက် ”

“ ထွက်မပြေးပါဘူး။ ခင်ဗျား ဘာခိုင်းချင်လဲဆိုတာ ပြောပါ ”

“ ငါ ပြောပြီးသားပဲ ဖြေးဖြေးပေါ့။ ရော့ ဒီဖုန်းကို ယူထား။ ဒီဖုန်းက ရိုးရိုးဖုန်း မဟုတ်ဘူး။ မင်း နဲ့ ငါ နှစ်ယောက်ပဲ ပြောလို့ရမယ့် ဖုန်းပဲ။ Walkie Talkie ပုံစံပေါ့။ မင်း နားလည်မှာမဟုတ်ပါဘူး။ မင်း ငါနဲ့ တစ်မိုင်အကွာအဝေးထဲမှာပဲ ဖုန်းပြောလို့ရမယ်။ ငါ ခေါ်ကြည့်လို့ မရဘူးဆိုရင် မင်း ငါနဲ့ တစ်မိုင်ပတ်လည်အတွင်း မရှိတော့လို့ပဲ။ အဲ့ဒီခါကျ ဘာတွေဖြစ်ကုန်မလဲ မင်း သိပါတယ် .. ဟင်း .. ဟင်း ..ဦးနိုင် .. အာလုံး အဆင်သင့်ဖြစ်ရင် သွားတော့မယ် ”

“ အဆင်သင့်ပဲ သမီး .. ဟေ့ကောင်တွေ မမလေး ပစ္စည်းတွေ ကားပေါ်တင်လိုက် ”

“ ဟေ့ .. ဘာကြည့်နေတာလဲ။ မင်း ငါ့ကားနဲ့ လိုက်ခဲ့။ ဒီနေ့ကစပြီး မင်း အလုပ် ဆင်းရမယ် ”

ထင်ရှားအောင် မေချိုထွဋ်ခေါင်နဲ့ အတူ ကားပေါ်မှာ လိုက်သွားလိုက်သည်။ ဒီတစ်ခါတော့ ကားပေါ်မှာ သူနဲ့ မေချိုထွဋ်ခေါင်ကလွဲပြီး ဘယ်သူမှ မရှိပါ။ သူ မေချိုထွဋ်ခေါင်ကို တစ်ခုခု လုပ်လိုက်ချင်သည်။ ဒါပေမယ့် မေချိုထွဋ်ခေါင်က သာမန် မိန်းမတစ်ယောက် မဟုတ်ဘူးဆိုတာ ကောင်းကောင်းနားလည်သည်။ သူပြောတဲ့အတိုင်း ခိုင်ကြီး နဲ့ ကြည်ပြာအတွက် စိုးရိမ်သောကြောင့် ဘာမှ မလုပ်ပဲ ငြိမ်ငြိမ်လေး လိုက်လာခဲ့သည်။

ကားမှာ မြို့ပြင်ဘက်ကို မောင်းနေပြီး အတန်ကြာမောင်းပြီးတော့ လယ်ကွင်းတစ်ချို့ကို ဖြတ်ပြီး လူနေအိမ် မရှိသလောက် နည်းပါးသော တော လမ်းတစ်ခုထဲ ကွေ့ဝင်သွားသည်။ ထင်ရှားအောင် လမ်းတိုင်းကို သေချာ မှတ်မိအောင် ကြိုးစားနေသည်။ သို့သော် လမ်းတွေက အကွေ့အကောက် များလွန်းတာမို့ သေချာ မမှတ်နိုင်ဘူး ဖြစ်နေသည်။

တစ်နေရာရောက်တော့ ခြံ တံခါး အကြီးကြီးတစ်ခုကို တွေ့လိုက်သည်။ တံခါးဝတွင် ဂိတ်တဲ တစ်ခုရှိပြီး လူ(၅)ယောက် စောင့်နေသည်။

မေချိုထွဋ်ခေါင်ရဲ့ ကားကို မြင်တာနဲ့ အားလုံးက ပြာပြာသလဲ ဖွင့်ပေးသည်။ ကားမှာ ခြံဝင်းထဲသို့ မောင်းလာခဲ့သည်။ ခြံထဲမှာ အစောင့်တွေ နေရာအနှံ့ ရှိနေပြီး နှစ်ထပ် အိမ်လေး တစ်လုံးရှေ့ရောက်တော့ ကားကို ရပ်လိုက်သည်။ ထင်ရှားအောင်မှာ ဒီလောက် ခြံအကျယ်ကြီးထဲ အစောင့်တွေ နဲ့ နှစ်ထပ်အိမ်အသေးလေး တစ်လုံးကလွဲပြီး ဘာမှ ရှိမနေလို့ စိတ်ထဲမှာ အံ့သြနေမိသည်။ သူထင်တာက ဂိုထောင်ကြီး တစ်ခုခု ဒါမှမဟုတ် အိမ်အကြီးကြီးတစ်လုံး ရှိမယ် ထင်ထားသည်။

“ ရောက်ပြီ ဆင်းတော့။ ငါ့ကို ဘာမေးခွန်းမှ မမေးပဲ ငြိမ်ငြိမ်လေး လိုက်ခဲ့ ”

ထင်ရှားအောင် ကားပေါ်ကနေ ဆင်းပြီး မေချိုထွဋ်ခေါင် နောက်ကနေ လိုက်သွားသည်။ အိမ်ထဲ ဝင်လိုက်တော့ သာမန် အိမ်တစ်လုံးလိုပဲ ပြင်ဆင်ထားသည်။ အိမ်ထဲမှာ အစောင့် (၃)ယောက်လောက် ရှိနေတာကလွဲပြီး ဘာမှ ထူးခြင်းမှု ရှိမနေ။ အစောင့်များက မေချိုထွဋ်ခေါင်ကို မြင်တာနဲ့ တန်းစီ မတ်တပ်ရပ်ပြီး ဦးညွတ် လိုက်သည်။ ထင်ရှားအောင်က မေချိုထွဋ်ခေါင်ရဲ့ သြဇာက ဘယ်လောက်ကြီးမှန်း သိလိုက်သည်။

မလွယ်ပါလား။ ဒီပုံစံနဲ့ဆို ငါ ဘယ်လိုမှ သူ့လက်ကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ထင်ရှားအောင် သက်ပြင်းချလိုက်ရတော့သည်။

အခန်းတစ်ခန်းထဲသို့ သူတို့ ဝင်သွားလိုက်သည်။ အခန်းမှာ မှန်ဗီရို တစ်လုံးကလွဲပြီး ဘာမှ ရှိမနေပါ။ မေချိုထွဋ်ခေါင်က မှန်ဗီရိုနားသွားပြီး ဗီရိုတံခါးဖွင့်လိုက်သည်။ အထဲမှာ မောင်းတံ လိုလို အရာတစ်ခုကို အောက်သို့ ဆွဲချလိုက်တော့ (ဂျိန်း) ဆိုတဲ့ အသံနဲ့အတူ အခန်းကြမ်းပြင်မှာ အောက်သို့ တဖြေးဖြေး နှိမ့်ဆင်းသွားသည်။ ထင်ရှားအောင် လန့်သွားသည်။ မေချိုထွဋ်ခေါင်က ထင်ရှားအောင်ကို ကြည့်ပြီး ရယ်နေသည်။

“ ငါ့ အလုပ်နေရာကို ကြည့်ပြီး အံ့သြသွားလား။ မင်းအတွက် နောက်ထပ် အံ့သြစရာတွေ တစ်ပုံကြီး ရှိသေးတယ် ”

ထင်ရှားအောင် ဘာမှ ပြန်မပြောပဲ ငြိမ်နေလိုက်သည်။ အခန်းကြမ်းပြင်မှာ ဓါတ်လှေကားလို အောက်သို့ တဖြေးဖြေး နှိမ့်ဆင်းသွားပြီး တစ်နေရာရောက်တော့ ရပ်သွားသည်။ ထင်ရှားအောင် သူ့ရှေ့တည့်တည့်မှာ ရှိနေတဲ့ မြင်ကွင်းကို ကြည့်ပြီး မယုံနိုင် ဖြစ်နေပါတော့သည်။

.............................


အပိုင်း ( ၂ ) ဆက်ရန် >>>>




Print Friendly and PDF

No comments:

Post a Comment